လူသားချင်းစာနာမှု နိုင်ငံတကာ အကူအညီများကို အာဏာသိမ်းစစ်ကောင်စီမှ တဆင့် မပေးအပ်သင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် ၎င်း၏ မဟာမိတ်အဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။
“အခု မြန်မာပြည်ထဲမှာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို စစ်ကောင်စီက ရန်သူတွေလိုပဲ သဘောထားတယ်။ တကယ် လိုအပ်တဲ့သူတွေက သူတို့ရဲ့ ရန်သူတွေလိုပဲ သဘောထားတဲ့ အတွက်ကြောင့် စစ်ကောင်စီနဲ့ ချိတ်ဆက်ပြီးတော့ ကူညီပေးမယ်ဆိုရင်တော့ တကယ်မှ လိုအပ်တဲ့ နေရာတွေကို ထိထိရောက်ရောက် ကူညီပေးနိုင်မှာ မဟုတ်ဘူး” ဟု NUG လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဧရာဝတီနှင့် သီးသန့်တွေ့ဆုံမေးမြန်းရာတွင် ပြောသည်။
လတ်တလော မြန်မာပြည်တွင်းရှိ ကုလသမဂ္ဂ အေဂျင်စီများနှင့် အာဆီယံအဖွဲ့တို့သည် လူသားချင်း စာနာထောက်ထားမှု အကူအညီပေး အပ်ရေး စစ်ကောင်စီခန့် အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဆွေးနွေးညှိနှိုင်းနေချိန်တွင် ယခုကဲ့သို့ တောင်းဆိုမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီသည် ယမန်နှစ်က အာဆီယံခေါင်းဆောင်များနှင့် ဂျကာတာမြို့၌ တွေ့ဆုံရာတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လက်ခံရန် အပါအဝင် ကတိကဝတ်များကို ပေးခဲ့သော်လည်း ယခုထိ အလုပ်မဖြစ်သေးပေ။ ထို့ကြောင့် စစ်ကောင်စီမှတဆင့် မဟုတ်ဘဲ နယ်စပ်ဖြတ်ကျော်ပြီး အကူအညီပေးကြရန် NUG နှင့် ၎င်း၏ မဟာမိတ်များက တောင်းဆိုလာနေသည်။
NUG လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနနှင့် ပူးပေါင်းလုပ်ကိုင်နေသော (Coordination Committee) ပူးပေါင်းဆောင်ရွက်ရေး ကော်မတီဝင် ချင်းကိုယ်စားလှယ် မမိုင်းမိုင်ကလည်း ” ရောက်သွားရင် ပြီးရောဆိုတဲ့ အနေအထားမျိုးနဲ့ သွားလို့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ စကစ က ပြည်သူဆီ သွားပါ တယ်လို့ ဘန်းပြပြီး အကူအညီ ယူထားတဲ့ဟာတွေက အမှန် တကယ် မြေပြင်မှာ လူထုဆီ မရောက်ရှိတာကို တွေ့ရပါတယ်။ နောက်တခုက လူထုကိုယ်တိုင်က ကျင့်ဝတ်နဲ့ လုံးဝမညီတဲ့ စကစ ဆီကတဆင့် မယူချင်ဘူးဆိုတာကို အများကြီး ကြားသိရတာဖြစ်တယ်။ ဂုဏ်သိက္ခာ အပြည့်အ၀ ပါဝင်တဲ့ assistance မျိုး ပေးဖို့ရယ် နောက် နိုင်ငံရေးအရ အဓိပ္ပာယ် ရှိတဲ့၊ လူထုဆီရောက်မယ့် နည်းလမ်းတွေ ရှာဖွေပေးဖို့ အကြံပြုချင်ပါတယ်။ ဒါတွေကို လုပ်ဖို့ဆိုရင် တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ လူထုနဲ့ တသားတည်း လှုပ်ရှားနေတဲ့ အဖွဲ့တွေရှိတယ်”ဟု ဧရာဝတီကို ပြောသည်။
စာရင်းဇယာများအရ နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် ပြည်သူ ၅ သိန်းခွဲ ကျော်ရှိလာပြီး ကရင်နီ၊ ချင်း၊ စစ်ကိုင်း၊ မကွေးဒေသများသည် ထိခိုက်မှု အများဆုံးဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က ထုတ်ပြန်ထား သည့် အချက်အလက်များအရ သိရသည်။
လက်ရှိ အခြေအနေများကို NUG က တုံ့ပြန် ဖြေရှင်းနိုင်ရန် ကြိုးစားနေပေမယ့်လည်း ဒုက္ခရောက်သူများ၏ သုံးပုံနှစ်ပုံ ခန့်သာ ပံ့ပိုး ကူညီနိုင်ခဲ့သေးကြောင်း၊ လက်ရှိအချိန်အထိ ဒုက္ခရောက်နေသည့် ပြည်သူပေါင်း ၃ သိန်းခွဲ နီးပါးကို ပံ့ပိုးကူညီမှုများ ပေးခဲ့ပြီး စုစုပေါင်း ငွေကျပ် ၂ ဒသမ ၇ ဘီလီယံရှိပြီ ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ပံ့ပိုးပေးငွေ၏ ၆၂ ရာခိုင်နှုန်းဖြစ်သည့် ၁ ဒသမ ၆ ဘီလီယံကျော်မှာ ကရင်နီ၊ ကရင်၊ ချင်း၊ စစ်ကိုင်းနှင့် မကွေး စသည့် ပဋိပက္ခဒဏ်ကို အခံရဆုံး ပြည်နယ်နှင့် တိုင်းများကို ပံ့ပိုးကူညီခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီသည် ၎င်းတို့ကို တော်လှန်တိုက်ခိုက်နေသည့် ဒေသများကို လက်နက်ဖြင့် ဝင်ရောက် အကြမ်းဖက်ရုံတင် မကဘဲ မြေလှန် မီးတိုက်တဲ့ စနစ်ကို ကျင့်သုံးပြီး ရွာလုံးကျွတ် မီးရှို့ခြင်းများလည်း ပြုလုပ်လျက်ရှိသည်။
မတ်လကုန်အထိ စာရင်းများအရ တနိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ကောင်စီတပ်နှင့် လက်အောက်ခံ အဖွဲ့အစည်း များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၇၇၀၀ ကျော်ခန့် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း လွတ်လပ်သော သုတေသနအဖွဲ့ Data for Myanmar က ထုတ်ပြန်ထားသည်။
ထို့ပြင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုကြောင့် နေအိမ် ထိခိုက် ဆုံးရှုံးခဲ့ရသူများ၊ စစ်ကောင်စီတပ်ဖွဲ့များ အကြမ်းဖက် ဝင်ရောက် ရမ်းကားမှုကြောင့် ရွာလုံးကျွတ် စွန့်ခွာ ထွက်ပြေးရသူများလည်း သိန်းနှင့်ချီ ရှိနေသည်။
ဒေါက်တာ ဝင်းမြတ်အေးက “စစ်တပ်က ရွာတွေကို မီးရှို့တယ်။ အိုးအိမ်တွေကို ဖျက်ဆီးတယ် ပစ္စည်းတွေကို ခိုးယူ တယ်။ ရွာထဲမှာ တပ်စွဲတယ်။ အဲဒီတော့ ပြည်သူတွေက ကျေးရွာတွေ တောတွေ နီးစပ်ရာတွေကို ပြောင်းရွှေ့ရတယ်။ စစ်တပ် ပြန်ထွက်သွားတော့လည်း အိုးအိမ်တွေက မီးလောင်သွားပြီ မရှိတော့ဘူး။ ပြန်တည်ဆောက်ဖို့လည်း ဘာမှ မကျန်တော့ဘူး။ အားလုံး ဆုံးရှုံးသွားတာ” ဟု ပြောသည်။
ချင်းပြည်နယ် တခုတည်းမှာပင် ရွှေ့ပြောင်း နေထိုင်ရသည့် စစ်ဘေးသင့် ပြည်သူ ၇ သောင်း နီးပါး ရှိနေသည်။
“အဲဒါက ပြည်နယ်အတွင်းမှာပဲ ရှိနေသေးတဲ့ အရေအတွက်။ အကယ်၍များ IDP ပြဿနာကို ကျမတို့ မဖြေရှင်းနိုင် ဘူး ဆိုရင် ဒီပြဿနာက မြန်မာပြည်က ပြဿနာတင် မဟုတ်ဘဲနဲ့ အိမ်နီးချင်းနိုင်ငံတွင် အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေရဲ့ ပြဿနာ အကြီးကြီး ဖြစ်လာနိုင်တာကို ကျမတို့ တွေ့ရတယ်” ဟု လူမှုကယ်ဆယ်ရေး ပရဟိတ လုပ်ကိုင်သူ ဖြစ်သည့် NeT Organization မှ ဦးဆောင်သူ မမိုင်းမိုင် က ပြောသည်။
အရှေ့နှင့် အရှေ့တောင်ပိုင်း ကရင်နီနှင့် ကရင်ပြည်နယ်တဝိုက်တွင် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ လူပေါင်းများစွာ ရွှေ့ ပြောင်း ထွက်ပြေးရသကဲ့သို့ အနောက်ဘက်ခြမ်းတွင်လည်း အိန္ဒိယနိုင်ငံသို့ ရွှေ့ပြောင်း ထွက်ပြေးနေရခြင်း ဖြစ်သည်။
၂၀၂၂ ခုနှစ် မတ်လအတွင်းက ထုတ်ပြန်ထားသည့် ကရင် လူ့အခွင့်အရေးအဖွဲ့၏ KHRG ၏ အစီရင်ခံစာအရ အရပ် သားများ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ဖြစ်စဉ်များတွင် ပေါ်တာဆွဲခေါ်ခြင်း၊ လူသားဒိုင်း ပြုလုပ်ခြင်း၊ ရိုက်နှက် ဖမ်း ဆီးခြင်း၊ စစ်ဘေးရှောင် နေအိမ်များကို ဖျက်ဆီးခြင်း၊ တန်ဖိုးရှိ ပစ္စည်းများကို ခိုးယူခြင်း၊ ပြည်သူများ၏ စားနပ်ရိက္ခာနှင့် အိမ်မွေး တိရစ္ဆာန်များကို ခိုးယူသတ်ဖြတ်ခြင်းများ ကြုံတွေ့နေရသည်။
ထို့ပြင် နေ့စဉ် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် အပြစ်မဲ့ အရပ်သား အများအပြား ထိခိုက် သေဆုံးနေရသလို အဆိုပါ ကျူးလွန်ခံရသူများတွင် အမျိုးသားများထက် အမျိုးသမီးနှင့် အမျိုးသမီးငယ်များ၊ ကလေးသူငယ်များမှာ ပို၍ ခံစားကြရကြောင်း ဖော်ပြထားသည်။
ယင်းပြင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသူ နေ့စဉ် တိုးလာပြီး တဖက် ထိုင်းနိုင်ငံ၏ နယ်ခြားဖြတ်ကျော် ခိုလှုံခွင့် ယာယီ ပေးအပ်ထားသော်လည်း နေရပ်ပြန်ရေး ဖိအားပေးခံကြရမှုများလည်း ရှိကြောင်း သိရသည်။
နယ်စပ် သောင်ရင်းမြစ် တလျှောက်တွင် ယာယီ နေအိမ်တဲများဖြင့် လုံခြုံမှုမရှိ ပြေးလွှား ပုန်းရှောင်နေကြရကြောင်း နှင့် စားနပ်ရိက္ခာ မလုံလောက်မှုများလည်း ကြုံတွေ့နေကြရပြီး နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုများလည်း နည်းပါးနေ ကြောင်း KHRG ၏ အစီရင်ခံစာက ဆိုထားသည်။
အလားတူပင် ကရင်နီပြည်နယ်ကဲ့သို့ နေရာမျိုးတွင် ပြည်နယ်လုံးကျွတ် ဒုက္ခရောက်နေပြီ ဖြစ်ပြီး ၎င်းတို့ကို အလျင် အမြန် ပံ့ပိုးပေးရန်လည်း လိုအပ်နေသည်။
စစ်ကောင်စီ၏ လက်နက်ကြီးဒဏ်နှင့် မီးရှို့ခံရမှုကြောင့် လွိုင် ကော်၊ ဒီးမော့ဆို၊ ဖရူဆို မြို့နယ်တွေက အိမ်ခြေ ၁ ထောင် ကျော် ပျက်စီးပြီး၊ ပြည်နယ်လူဦးရေ၏ ထက်ဝက်ကျော် စစ်ဘေးရှောင် ဒုက္ခသည် ဖြစ်သွားရသော ကယားပြည်နယ်ကို ကူညီပေးဖို့အတွက် ကရင်နီပြည် အတိုင်ပင်ခံကောင်စီ ကိုယ်စားလှယ် ကိုဗညားက နိုင်ငံတကာအား ယခုကဲ့သို့ တိုက်တွန်းခဲ့သည်။
“ကျနော်တို့ မျှော်လင့်နေတာက နိုင်ငံတကာရဲ့ အကူအညီပါ။ ကျနော်တို့ ပြည်နယ် လူဦးရေရဲ့ ၃ ပုံ ၂ ပုံ နီးပါးက တောထဲကို ရောက်သွားတယ်။ IDP ဘဝရောက်သွားတဲ့အတွက် လူမှုစီးပွားက ပျက်သုဉ်းသွားပြီလို့ ပြောလို့ ရတယ်။ အဓိကကျတဲ့ လူမှုစီးပွားရေးက ပြိုလဲသွားပြီ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဝင်ငွေ တွေ ပျောက်သွားတယ်” ဟု ပြောသည်။
အဆိုပါ ဒုက္ခသည်များကို ပံ့ပိုးကူညီရန်အတွက် အမျိုးသား ညီညွတ်ရေးအစိုးရတွင် လုံလောက်သော ရံပုံငွေ မရှိပေ။ လက်တလော ပံ့ပိုးကူညီမှုများမှာလည်း ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသားများက ဝိုင်းဝန်း လှူဒါန်းထားခြင်းသာ ဖြစ်သည်။
ဒေါက်တာ ဝင်းမြတ်အေးက “ပြန်စဉ်းစားကြည့်ရင် NUG အစိုးရက စပြီးတော့ ဆောင်ရွက်ကတည်းက လက်ဗလာနဲ့ လာရတယ်။ ကျနော်တို့ အကူအညီတွေ လိုအပ်တဲ့အခါမှာ ဘတ်ဂျက်က အလွန်အရေးကြီးတယ်။ သုံးစွဲနိုင်ဖို့ ရံပုံငွေ ရဖို့ အရေးကြီးတယ်။ ဒါအတွက်ဆိုရင် ကျနော်တို့က ပြည်သူက ပြည်သူကိုပဲ အားကိုးရတာ ဖြစ်တယ်” ဟု ပြော သည်။
နိုင်ငံတွင်း စီးပွားရေး မတည်ငြိမ်မှုကြောင့် ဆင်းရဲမွဲတေမှုမှာ နောက်ပိုင်း မကြုံဖူးလောက်အောင် မြင့်တက်လာပြီး လူဦးရေ ၁၄ သန်းခန့်အထိ စားနပ်ရိက္ခာနှင့် လူမှုစီးပွား ပြဿနာ ကြုံတွေ့လာနိုင်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။
၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း လူဦးရေ ၅၄ သန်းရှိသည့်အနက် ၂၅ သန်းမှာ ဆင်းရဲနွမ်းပါးမှုကို ကြုံတွေ့နေရပြီး ၁၄ ဒသမ ၄ သန်းမှာ လူသားချင်း စာနာမှု အကူအညီများ လိုအပ်နေသည့်အနက် ၆ သန်းကျော်ကို ကူညီနိုင်ရန် ရည် မှန်းထားကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံက ပြည်သူလူထုကြုံတွေ့နေရသော အခက်အခဲများအတွက် အနည်းဆုံး အမေရိကန်ဒေါ်လာ ၈၂၆ သန်း ထက်မနည်း လိုအပ်မည်ဖြစ်ကြောင်းလည်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။
သို့သော် အဆိုပါ လူသားချင်း စာနာမှု အကူအညီ မည်မျှရမည်ဖြစ်ပြီး မည်သို့မည်ပုံ စီးဆင်းမည်ကိုတော့ လတ်တလောတွင် မသိနိုင်သေးပေ။ နိုင်ငံတကာမှ ပံ့ပိုးမည့်ငွေများသည် စစ်ကောင်စီမှ တဆင့် စီးဆင်းမည်ကို အမျိုးသား ညီညွတ်ရေး အစိုးရအပါအဝင် လူမှုကူညီရေး အဖွဲ့အသီးသီးက စိုးရိမ်နေကြသည်။
စစ်ကောင်စီထံမှတဆင့် စီးဆင်းသည့် ပံ့ပိုးမှုများသည် လူထုထံသို့ အမှန်တကယ် မရောက်ရှိသည်သာမက ထိုကဲ့သို့ စီးဆင်းလာမည့် အကူအညီကို ပြည်သူများက မလိုလားကြကြောင်းကို အာဏာသိမ်းအလွန် ကိုဗစ် ၁၉ ဆိုင်ရာ အဖြစ်အပျက်များက သက်သေပြပြီးလည်း ဖြစ်သည်။
ကိုဗစ်တိုက်ဖျက်ရေး နိုင်ငံတကာအကူအညီများနှင့် လူထု၏ အလှူငွေများအပြင် ကာကွယ်ဆေးများကို အာဏာသိမ်းစစ်ကောင်စီသည် ရွေးကောက်ခံအစိုးရလက်အောက် ကျန်းမာရေးဝန်ကြီးဌာနထံမှ အဓမ္မသိမ်းယူခဲ့ပြီး ကျန်းမာရေးဝန်ထမ်းအများအပြားကို ဖမ်းဆီးထောင်ချပစ်ခဲ့သည်။ ထို့ကြောင့် အာဏာသိမ်းပြီး နောက်ပိုင်းတွင် ပြည်သူလူထု အများစုသည် စစ်ကောင်စီက ထိုးနှံပေးသည့် ကိုဗစ်ကာကွယ်ဆေး နှင့် ကိုဗစ်ကုသရေး အစီအစဉ်များကို ဆန့်ကျင်ခဲ့ကြသည်။
မမိုင်းမိုင်က “စစ်ကောင်စီဘက်ကကျတော့ လူထုဆီရောက်အောင် သွားပါတယ်ဆိုပြီး ဗန်းပြပြီးတော့ အပေါ်ယံ ဖန်တီးပြီး အထဲမှာ တကယ် လိုအပ်တဲ့ Assistance တွေက လူထုဆီ မရောက်တာကို အများကြီး တွေ့ရတယ်။ လူထု ကိုယ်တိုင်ကလည်း သူတို့ ဆန့်ကျင်နေတဲ့ ကျင့်ဝတ်နဲ့ ဘယ်လိုမှ မလျော်ညီတဲ့ စကစ ဆီကနေတဆင့် လာတဲ့ အကူအညီတွေကို မလိုချင်ဘူးဆိုတာကို ကျမတို့ မြေပြင်သွားတဲ့အခါမှာ အများကြီး ကြားသိရတယ်” ဟု ပြောသည်။
စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့များသည် စစ်ဘေးဒဏ်ခံစားနေရသော ပြည်သူလူထုကို မကူညီရုံမက အနှောင့် အယှက်ပါ ပေးနေကြောင်း လူမှုကူညီရေး အဖွဲ့များက ဆိုသည်။
စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များတွင် ဖြတ်သန်းသွားလာသော ကုန်ပစ္စည်းတင်ကားကို စစ်ဆေးကာ စစ်ဘေးရှောင် ပြည်သူများထံသို့ သွားရောက်မည်ဟု ယူဆပါက ပစ္စည်းများကို သိမ်းယူလိုက်ခြင်းမျိုး ရှိသလို ပစ္စည်းသယ်ဆောင်လာ သူများကို ဖမ်းဆီးသည်အထိပင် လုပ်ဆောင်မှုများ ရှိကြောင်း သိရသည်။
စစ်ကောင်စီအနေဖြင့် ၎င်းတို့ကို ဆန့်ကျင်တော်လှန်နေသည့် ပြည်သူလူထုကို ရန်သူသဖွယ် သဘောထား ထားသဖြင့် ပြည်သူလူထုကို ထိရောက်စွာ ကူညီထောက်ပံ့ပေးမည် မဟုတ်ကြောင်း ဒေါက်တာ ဝင်းမြတ်အေးကလည်း သုံးသပ် ပြောဆိုသည်။
“မြန်မာပြည်ထဲမှာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို စစ်ကောင်စီက ရန်သူတွေလိုပဲ သဘောထားတယ်။ တကယ် လိုအပ်တဲ့သူတွေက သူတို့ရဲ့ ရန်သူတွေလိုပဲ သဘောထားတဲ့ အတွက်ကြောင့် စစ်ကောင်စီနဲ့ ချိတ်ဆက်ပြီးတော့ ကူညီပေးမယ်ဆိုရင်တော့ တကယ်မှ လိုအပ်တဲ့နေရာတွေကို ထိထိရောက်ရောက် ကူညီပေးနိုင်မှာ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။
You may also like these stories:
စစ်တပ်ကတဆင့် ထောက်ပံ့မယ်ဆိုတာကို ယောင်လို့တောင် မစဉ်းစားပါနဲ့
ကိုဗစ်ကာကွယ်ရေးထက် အာဏာတည်မြဲရေးကိုသာ စစ်ကောင်စီ အာရုံစိုက်နေ
ရွာလုံးကျွတ်မီးတိုက်သည့် စစ်တပ်ကြောင့် ပြာပုံဘ၀ရောက်ကြရသူများ
စစ်ကောင်စီ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု သေဆုံးသူ ၁၈၄ ဦးရှိကြောင်း NUG ထုတ်ပြန်