တပ်အခြေစိုက် ပြည်နယ်မြို့များကို ခရိုင်အဆင့် တိုးမြင့်
အာဏာသိမ်းစစ်ကောင်စီက မကြာသေးခင်က တိုးချဲ့ဖွဲ့စည်းလိုက်သော ခရိုင်မြို့များထဲတွင် ပြည်နယ်များ၌ တိုးချဲ့ဖွဲ့စည်းလိုက်သော ခရိုင်မြို့အများစုမှာ စစ်တပ်၏ တိုက်ခိုက်ရေးတပ်မဌာနချုပ်များရှိသော မြို့နယ်များနှင့် တပ်ရင်းတပ်ဖွဲ့များ အခြေစိုက်ရာ မြို့နယ်များဖြစ်နေသည်။
စစ်ကောင်စီက တိုးချဲ့သတ်မှတ်လိုက်သော ကချင်ပြည်နယ် တနိုင်းမြို့သည် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ-တနိုင်း) တိုက်ခိုက်ရေး တပ်မဌာချုပ်တည်ရှိသောမြို့ဖြစ်ပြီး ကယားပြည်နယ် ဖယ်ခုံမြို့သည်လည်း အမှတ် ၇ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၇) အခြေစိုက်သောမြို့ဖြစ်နေသည်။
အလားတူ မွန်ပြည်နယ်တွင် ခရိုင်အဆင့်တိုးပေးလိုက်သော ကျိုက်ထိုမြို့တွင် တပ်မ (၄၄) အခြေစိုက်သလို ရေးမြို့တွင်လည်း အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အခြေစိုက်သည်။
ရခိုင်ပြည်နယ်တွင် ခရိုင်အဆင့်တိုးပေးလိုက်သော အမ်းမြို့သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်သည့်မြို့ဖြစ်ပြီး တောင်ကုတ်မြို့သည် အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌါနချုပ်အခြေစိုက်သည့်မြို့ဖြစ်သည်။
ထို့အပြင် ကရင်ပြည်နယ်တွင် ခရိုင်အဖြစ် တိုးချဲ့သတ်မှတ်လိုက်သော သံတောင်ကြီးသည် စစ်တပ်သင်တန်းကျောင်းများနှင့် တပ်ရင်း ၂ ရင်း အခြေစိုက်သောမြို့ဖြစ်ပြီး ကြာအင်းဆိပ်ကြီးမြို့သည်လည်း စစ်ဗျူဟာအခြေချနေထိုင်ပြီး တပ်ရင်း ၃ ရင်းရှိသည့်မြို့ဖြစ်သည်။
ရှမ်းပြည်နယ်တွင် ခရိုင်အဆင့်တိုးချဲ့ပေးလိုက်သော ကလောမြို့သည် တပ်မ ၅၅ ဌာနချုပ်ရှိသည့်မြို့ဖြစ်သလို ရှမ်းပြည်နယ်တွင် ခရိုင်အဆင့်တိုးမြှင့်ပေးလိုက်သောမြို့များတွင် တပ်ရင်းတပ်ဖွဲ့များနှင့်ပြည်သူ့စစ်များ အခြေစိုက်သည့်မြို့များဖြစ်သည်။
ချင်းပြည်နယ်တွင် ခရိုင်တိုးမြှင့်လိုက်သော တီးတိန်မြို့တွင် ခလရ (၂၆၉) ရှိပြီး ပလက်ဝမြို့တွင် ခလရ (၂၈၉) တို့ ရှိကြသည်။
အခုလို ခရိုင်မြို့များ ထပ်မံတိုးချဲ့လိုက်ခြင်းအား စစ်ကောင်စီက မည်သို့အကြောင်းပြသည်ဖြစ်စေ နိုင်ငံရေးလေ့လာသူအများစုက ယင်းသည် လာမည့် ရွေးကောက်ပွဲအတွက် ကြိုတင်အကွက်ချ ပြင်ဆင်နေခြင်းဟု သင်္ကာမကင်းဖြစ်နေကြသည်။
စစ်ကောင်စီအနေဖြင့် ၂၀၂၃ ခုနှစ်တွင် ကျင်းပမည်ဟုပြောဆိုထားသော ရွေးကောက်ပွဲတွင် အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို ကျင့်သုံးမည်ဟု ပြောဆိုထားသည်။
“အာဏာသိမ်းဖို့ အားပေးအားမြှောက်လုပ်ခဲ့တဲ့ ပါတီတွေ မဲရရေးအတွက် တပ်အင်အားများပြားတဲ့ မြို့နယ်တွေနဲ့ ကြံ့ခိုင်ရေးပါတီအားကောင်းတယ်လို့ သူတို့ထင်တားတဲ့မြို့နယ်တွေ ဆွဲယူပြီး ခရိုင်လုပ်လိုက်တာပါ” ဟု မြန်မာ့နိုင်ငံရေးလေ့လာသူတဦးက မှတ်ချက်ပြုသည်။
၂၀၁၀ ခုနှစ်ရွေးကောက်ပွဲကစလို့ ၂၀၂၀ ရွေးကောက်ပွဲအထိ စစ်သားအများစုသည် စစ်တပ်အကြီးအကဲက လိုလားသည့်ပါတီကိုသာ မဲပေးကြရသည့်အပြင် အမှန်တကယ်ရှိသည့် လူဦးရေထက် ဖွဲ့စည်းပုံတွင်ရှိသော အရေအတွက်အတိုင်း မဲထည့်ခဲ့ရသည်။
You may also like these stories:
ခရိုင်တွေ ချဲ့ပြီး စစ်ခေါင်းဆောင် သမ္မတလုပ်ဖို့ လမ်းခင်း
PR စနစ်နဲ့ စစ်ကောင်စီ နိုင်ငံရေးအသက်ဆက်ချင်