ရွေးကောက်ပွဲအကြောင်းပြကာ အာဏာသိမ်းစစ်ကောင်စီ ယန္တရားများနှင့် ထိတွေ့ဆောင်ရွက်မှုများမှာ ပါတီနှင့်သက်ဆိုင်ခြင်းမရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်ကော်မတီက ကြေညာချက်ထုတ်ပြန်လိုက်သည်။
စစ်ကောင်စီလက်အောက် ဥပဒေမဲ့ဖမ်းဆီးခံထားရသည့် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် များအားလုံး လွတ်လပ်စွာစုံညီအစည်းအဝေး ကျင်းပနိုင်ခြင်းမရှိသည့်ကာလအတွင်း မည်သူတဦးတယောက် တဖွဲ့ကိုမျှ စစ်ကောင်စီ (သို့မ ဟုတ်) ၎င်းမှဖွဲ့စည်းပေးထားသည့် အဖွဲ့အစည်းများနှင့်တွေ့ဆုံခြင်း၊ ဆွေးနွေးခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို NLD ကိုယ်စားပြု ဆောင် ရွက်ရန် တာဝန်ပေးထားခြင်းမရှိကြောင်းလည်း ဗဟိုအလုပ်ကော်မတီက ဆိုထားသည်။
NLD ပါတီနှင့် နီးစပ်သူတဦးက “သံသယရှိလို့ ကြိုတင်ပြီး ကာကွယ်တဲ့အနေနဲ့ စာထုတ်တဲ့သဘောလို့ပဲမြင်ပါတယ်၊ ပါတီတွင်းမှာတော့ ဒီလိုလုပ်မယ့်သူ မရှိဘူးဆိုပေမယ့် တဖက် (စစ်ကောင်စီ) က ဟိုလူ့ခေါ်၊ ဒီလူ့ခေါ် ခြိမ်းခြောက်ပြီး လုပ်တာမျိုးလည်း ရှိချင်ရှိနိုင်ပါတယ်။ တကယ်လို့ စစ် ကောင်စီနဲ့ ညှိနှိုင်တာမျိုးရှိရင်လည်း သမိုင်းတရားခံဖြစ်သွားမှာပါပဲ” ဟု သုံးသပ်သည်။
ယင်းအပြင် အာဏာသိမ်းစစ်ကောင်စီ၏ နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကျင်းပပြုလုပ်ရန် ကြိုးပမ်းနေမှုအား အကြောင်းပြု၍ နိုင်ငံတကာအဖွဲ့အစည်းများ ၊ သံရုံးများနှင့် ဆက်သွယ်ရန် NLD အမည်ကို အလွဲသုံးစာပြု၍ ချိတ်ဆက်ဆောင်ရွက်နေမှုများ ရှိပါကလည်း ပါတီနှင့်သက်ဆိုင်ခြင်းမရှိကြောင်းလည်း ဗဟိုအလုပ်ကော်မတီက ဆိုထားသည်။
NLD ဗဟိုအလုပ်ကော်မတီအား ပါတီဥက္ကဌအပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များအားလုံး စုံညီအစည်းအဝေးကျင်းပနိုင်သည့် အခြေအနေမရှိမီကာလအတွင်း ပါတီအခြေခံမူများ၊ ၂၀၂၀ ရွေးကောက်ပွဲကြေညာစာတမ်းပါ အချက်များအကောင်အထည်ဖော်ရေး၊ ပါတီလုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးနှင့် ပြည်တွင်း၊ ပြည်ပပါတီချင်းဆက်ဆံရေးများ ဆောင်ရွက်နိုင်ရေးတို့အတွက် လက်ရှိတာဝန်ထမ်းဆောင်နိုင်သည့်အခြေအနေရှိသည့် အဖွဲ့ဝင် ၇ ဦးဖြင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက NLD ပါတီအား မတ်လ ၂၇ ရက်နေ့နောက်ပိုင်းအရေးယူမည်ဟု ကြွေးကြော်ထားသည့် စစ်ကောင်စီလက် အောက်ခံ ရွေးကောက်ပွဲကော်မရှင်က NLD ပါတီအား အရေးယူမည့်အစီအစဉ်အပေါ် ဆိုင်းငံ့သည့်အနေဖြင့် အချိန်ထပ်ပေးကြောင်း ထုတ်ပြောခဲ့သည်။
အဆိုပါဆုံးဖြတ်ချက်သည် စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးသိန်းစိုးထံ တရုတ်နှင့်အန္ဒိယသံအမတ်ကြီးများ က လာရောက်တွေ့ဆုံခဲ့ပြီးနောက် အရေးယူမည့်အစီအစဉ်ပြောင်းလဲခဲ့ခြင်းလည်း ဖြစ်သည်။
စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်ဦး က “NLD ပါတီအနေဖြင့် စစ်ဆေးမှုခံယူမည့် ဗဟိုအလုပ် အမှုဆောင်အချို့ ဖမ်းဆီးခံ၊ အချို့တိမ်းရှောင်၊ အချို့ဆက်သွယ်မရခြင်းနှင့် စာရင်းဇယားများ စုစည်းပြီးစစ်ဆေးမှုခံယူရန် အခက်အခဲရှိ ကြောင်း သိရှိရသဖြင့် အချိန်ကာလတခုပေးပြီးစောင့်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်” ဟု ဧပြီ ၂၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
သို့သော် စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်မှ ပါတီစာရင်းများစစ်ဆေးရန် ခေါ်ယူမှုအား လက်ခံသည့် NLD ပါတီအား မည်မျှအထိ အချိန်ထပ်ပေးထားသည်ကို တိကျစွာဖော်ပြခဲ့ခြင်းမရှိပေ။
၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းနေသည့် အာဏာသိမ်းစစ်ကောင်စီအနေဖြင့် နိုင်ငံတကာအား NLD ပါတီ တည်ငြိမ်စွာ လည်ပတ်ရပ်တည်နေသယောင် ပြသသည့်အနေဖြင့် ပါတီဝင်အချို့အား အာဆီယံအထူးကိုယ်စားလှယ်အပါအဝင် နိုင်ငံတ ကာကိုယ်စားလှယ်များနှင့် တွေ့ဆုံစေရန်ကြိုးပမ်းလျှက်ရှိနေကြောင်းလည်း ပါတီနှင့် နီးစပ်သူများကပြောသည်။
ပြီးခဲ့သည့် အာဆီယံအထူးကိုယ်စားလှယ်၏ ခရီးစဉ်တွင် သမ္မတဟောင်း ဦးထင်ကျော်၏ ဇနီးဖြစ်သူ ဒေါ်စုစုလွင်နှင့် တွေ့ဆုံရန် စီစဉ်ထား သော်လည်း ဒေါ်စုစုလွင်ဘက်မှ ကျန်းမာရေးမကောင်းဟု အကြောင်းပြကာ တွေ့ဆုံမည့်အစီအစဉ်အား ငြင်းဆိုခဲ့သည်။
ယင်းအတိုင်မီကလည်း စစ်ကောင်စီ၏ ဖမ်းဆီးခြင်းမခံရသည့် ပါတီဝင်အမတ်ဟောင်းအချို့အား စစ်ကောင်စီက ပါတီရုံးများ ပြန်ဖွင့်ကာ ပါတီလုပ်ငန်းများ ပြန်လည်လုပ်ကိုင်ရန် ဖိအားပေးပြောဆိုမှုများရှိခဲ့ကြောင်းလည်း ပါတီနှင့်နီးစပ်သူတဦးကပြောသည်။
ယခုကဲ့သို့ NLD ပါတီတည်ရှိမှုအား ပြသရန် စစ်ကောင်စီက ကြိုးပမ်းနေသော်လည်း တဖက်တွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီခေါင်းဆောင်အားလုံးနီးပါးအား စစ်ကောင်စီက ဖမ်းဆီးကာ ထောင်ဒဏ်များချမှတ်လျှက်ရှိနေသည့်အပြင် သွေးသောက် အဖွဲ့အမည် ခံကာ NLD ပါတီဝင်များအား ပစ်မှတ်ထားသတ်ဖြတ်မှုများလည်း တိုးမြှင့်လာလျှက်ရှိနေသည်။
You may also like these stories:
စစ်တပ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ် အပိုင်း ၁
စစ်တပ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ် – ၂
အာဏာသိမ်းအလွန် မြန်မာစစ်ပွဲ ‘ဝ’ ကနဦး အနိုင်ရနေ