စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်နေကြတဲ့သူတွေကြားမှာ The PDF Game အမည်ရှိတဲ့ ဂိမ်းတခု ရေပန်းစား လာပြီး ဆော့ကစားသူတွေ များလာတယ်လို့သိရပါတယ်။
ဒီဂိမ်းဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုပြီးနောက် စစ်ကောင်စီရဲ့ လူမဆန်စွာ ဖမ်းဆီး နှိပ်စက် အရေးယူသတ်ဖြတ် မှုတွေကြောင့် စစ်ကောင်စီကို ပြန်လည် တိုက်ခိုက် တော်လှန်နေတဲ့ PDF တပ်သားတွေ နေ ရာကနေ ဝင်ရောက် ကစားနိုင်တဲ့ ဂိမ်းတခု ဖြစ်ပါတယ်။
ဒီဂိမ်းက Free to play ကစားနိုင်တဲ့ ဂိမ်းအမျိုးအစားဖြစ်ပြီး၊ iPhone နဲ့ Android ဖုန်းနှစ်မျိုးလုံးမှာ ကစားနိုင်ပါတယ်။ ဂိမ်းထဲမှာတော့ ကြော်ငြာတွေကြည့်ရင်း လိုအပ်တဲ့ ကျည်ဆန်များ ဖြည့်နိုင်သလို၊ ကြော်ငြာက ရတဲ့ ဝင်ငွေတွေကိုလည်း တော်လှန်ရေးအတွက် လှူဒါန်းနေတယ်လို့ သိရပါတယ်။
The PDF Game ဖန်တီးသူ အဖွဲ့က “ဒီဂိမ်းကို လွန်ခဲ့တဲ့ ၈ လ ကျော်က စတင် တီထွင်ပါတယ်။ ရည်ရွယ်ချက်ကတော့ ဂိမ်းကရတဲ့ ကြော်ငြာခငွေတွေ ပြန်လှူဖို့ပါ။ ဖန်တီးသူတွေက အကုန် နိုင်ငံခြားမှာ လက်ရှိ Game Developer လုပ်ကိုင် နေသူတွေပါ။ အားတဲ့ အချိန်လေးမှာ လုပ်ကြရတာပါ” လို့ ဧရာဝတီကို ပြောပါတယ်။
ဂိမ်းဖန်တီးတဲ့ နေရာမှာ အခက်အခဲ ကြီးကြီးမားမား မရှိပေမယ့် ဆာဗားသမားစစ်စစ် အဖွဲ့ထဲမှာ မရှိတဲ့အတွက် လူ အများကြီး ဝိုင်းဆော့တဲ့အခါ ချောမွေ့မြန်ဆန်အောင် သိပ်မလုပ်နိုင်သေးဘူးလို့ ဆိုပါတယ်။ မကြာခင်မှာတော့ ဒီပြဿနာကို ပြေလည်အောင် ဖြေရှင်းသွားမယ်လို့ ဂိမ်းအဖွဲ့က ပြောပါတယ်။
“ကစားသူတွေဆီက အကြံပြုချက်ကောင်းတွေ ရပါတယ်။ အကြံပြုချက်တွေကြောင့် ဂိမ်းက တလအတွင်း ပိုပြီး ကောင်း မွန်လာတယ်။ တချို့ အမှားအသေးလေးတွေတော့ ရှိနေဆဲပါ။ နောက်လဆို မစ်ရှင်အသစ်တွေပါ ရတော့မှာပါ” လို့ The PDF Game အဖွဲ့သားတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိ ကြုံနေရတဲ့ အဖြစ်အပျက်တွေနဲ့ ထပ်တူကျတာကြောင့် The PDF Game ကို ကစားဖြစ်တာလို့ အသက် ၂၃ နှစ်အရွယ် PDF (ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့) တပ်သားတဦးက ဧရာဝတီကို ပြောပါတယ်။
“ဂိမ်းက အပြင်လောကနဲ့ တော်တော် ထပ်တူကျတယ်။ ဂိမ်းထဲကို စဝင်တာနဲ့ ဆန္ဒပြတဲ့ ပုံစံတွေ ပါလာတယ်။ ပြီးရင် စစ်ကောင်စီက မတရား နှိပ်စက်တာတွေ ပါတယ်။ အဲဒီကနေ တောထဲ ရောက်သွားတယ်။ တောထဲရောက်သွားရင် အရင်ဆုံး ထရိန်နင်တွေ ဆင်းရတယ်။ မစ်ရှင်တွေ ပြန်လုပ်ရတယ်။ အဲဒီကနေမှ တဆင့်တဆင့် ခက်ခက်သွားတဲ့ ပုံစံမျိုးပေါ့” လို့ PDF တပ်သားက ဧရာဝတီကို ပြောပါတယ်။
ဆက်ပြီး သူက “အပြင်မှာ ကျနော်တို့က လက်နက်က လုံလောက်မှု မရှိတော့ ပစ်ချင်တိုင်း ပစ်လို့ မရဘူး။ ဂိမ်းထဲမှာကျ ကြော်ငြာတွေ ကြည့်ပြီး ကျည်က လိုသလို ဖြည့်လို့ရနေတော့ ကစားရတာ အရမ်း ပျော်ဖို့ ကောင်းတယ်။ အခု ဆော့နေ တာ မစ်ရှင် ၁၇ ရောက်သွားပြီ။ Click to Donate မှာ ပိုက်ဆံဝင်ဖို့ ကြော်ငြာ အဓိက ကြည့်တာပေါ့” လို့ ပြောပါတယ်။
ဂိမ်းကစားရင်းနဲ့ မစ်ရှင် တခု မစခင်မှာ ကြော်ငြာများ ကြည့်နိုင်ပြီး၊ ကြော်ငြာ တခါကြည့်တိုင်း ဝင်ငွေ တိုးတဲ့အပြင် ကစားသမားအတွက် လိုအပ်တဲ့ ကျည်ပမာဏလည်း ဖြည့်ပေးတယ်လို့ သိရပါတယ်။
“ကြော်ငြာ တခါကြည့်ရင် ကျည် ၃၀ ထပ်ပေးတယ်။ ကိုယ်လှူတဲ့ ငွေပမာဏလည်း သိရတယ်။ အဆင်ပြေတယ်။ ကြော်ငြာ ပိုကြည့်နိုင်ရင် ကိုယ့်ရဲ့တပ်၊ သို့မဟုတ် အခြား တပ်တခု အင်အား တောင့်တင်းလာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆော့တာ။ ဒီမှာရှိတဲ့ လူတိုင်း လက်နက် တပ်ဆင် ပေးစေချင်တဲ့ စိတ်ဆန္ဒနဲ့ ဆော့တာပါ” လို့ အဆိုပါ PDF လူငယ်က ပြောပါတယ်။
လက်ရှိမှာတော့ ဂိမ်းကစားသူ အရေအတွက် လူဦးရေ ၁ သိန်းကျော်သွားပြီဖြစ်ပြီး၊ Android ဖုန်းဖြင့် ကစားသူ ၇ သောင်း ကျော်နဲ့ iOS ဖြင့် ဆော့ကစားသူ ၃ သောင်းဝန်းကျင် ရှိကြောင်း သိရပါတယ်။
ဂိမ်းကစားသူ အချိုးအစားက အမျိုးသား ၈၀ ရာခိုင်နှုန်း၊ အမျိုးသမီး ၂၀ ရာခိုင်နှုန်းခန့်ရှိပြီး ဂိမ်းကို လူသိများလာပြီးနောက် အမျိုးသမီး ကစားသူ အရေအတွက် ပိုတိုးလာတယ်လို့ ဆိုပါတယ်။
“ထူးခြားတာက အရင် တခါမှ ဒီလိုဂိမ်း မကစားဖူးတဲ့ လူကြီးတွေပါ ဆော့နေတယ်ဆိုတာ မှတ်ချက်တွေကြောင့် သိရပါ တယ်။ သူတို့ အရမ်းကြိုက်လို့ တော်တော် ကြိုးစား ကစားနေတာ” လို့ The PDF Game ဖန်တီးသူတွေက ပြောပါတယ်။
လက်ရှိမှာတော့ ဒီဂိမ်းကနေ တရက်ကို ဝင်ငွေ သိန်း ၁၀၀ ကျော် ရရှိနေပြီး ဒီလို ဝင်ငွေ ရရှိတာ သိပ်မကြာသေးပါဘူး။ နောက်ပိုင်းမှာတော့ ဒီထက်ပိုများလာမယ်လို့ ယူဆရပါတယ်။
ဒီက ရတဲ့ ဝင်ငွေတွေကိုတော့ တော်လှန်ရေးသမားတွေနဲ့ အခြား အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ နေရာတွေအတွက် လှူဒါန်းသွား မယ်လို့ The PDF Game အဖွဲ့သားတွေက ရည်မှန်းထားပါတယ်။
You may also like these stories:
ရုပ်ရှင်ဖန်တီးသူမအိမ့် အလုပ်ကြမ်းနှင့် ထောင် ၃ နှစ် ချခံရ
PDF ထောက်ပံ့သည်ဆိုကာ ရှေ့နေဒေါ်ရွက်နုအောင်ကို အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်