သတင်း

ရေဦး၌ ၉ လအတွင်း သတ်ခံရသည့် အလောင်း ၁၀၀ ကျော် ကောက်ယူ သဂြိုဟ်ပေးခဲ့ရဟုဆို

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်တွင် ပြီးခဲ့သည့်နှစ် ဇူလိုင်လမှ ယခုနှစ် ဧပြီလတိုင် ၉ လအတွင်း သတ်ဖြတ်ခံထားရသော အလောင်းအရေအတွက် ၁၀၀ကျော်ကို ကောက်ယူသဂြိုဟ်ပေးခဲ့ရကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းများ၏ စာရင်းအရ သိရသည်။

သေဆုံးသူများမှာ သတင်းပေး ဒလန်ဟု စွပ်စွဲခံရသူများ၊ အုပ်ချုပ်ရေးမှူးများ အပါအဝင် စစ်တပ်ကို အထောက်အပံ့ ပေးနေသူများဖြစ်ကြပြီး စုစုပေါင်း ၁၀၀ ကျော် အသတ်ခံထားရသလို ပျောက်ဆုံးနေသူများလည်း ရှိကြောင်း လူမှု ကူညီရေးအသင်းနှင့် ဒေသ သတင်းရင်းမြစ်များက ဆိုသည်။

ထို ရုပ်အလောင်း ၁၀၀ ကျော်တွင် ရေဦးမြို့နယ်ရှိ ကျေးရွာများက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၇ ဦး၏ ရုပ် အလောင်းများ ပါဝင်နေသလို၊ တူးမြောင်းထဲတွင် မျောပါလာသူများ၊ တူးမြောင်းဘောင်တွင် တွေ့ရှိရသူများနှင့် ကျေးရွာများအနီးတွင် သေဆုံးရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ပုညကုလသ လူမှုကူညီရေး အသင်းအဖွဲ့ထံမှ သိရသည်။

သတ်ဖြတ်ခံရသည့် ရုပ်အလောင်းများကို လူမှုကူညီရေးအသင်းမှ လိုက်လံကောက်ယူနေစဉ် (ဓာတ်ပုံ- CJ)

ယင်းအဖွဲ့မှ အဖွဲ့ဝင်တဦးက “ဒီဖေဖော်ဝါရီလမှ တူးမြောင်းထဲမှာ ရေရှိတော့ ရေထဲမျောလို့ ရတာ။ တချို့လည်း နာမည် မသိလို့ ဘယ်သူမှန်း မသိဘဲ သဂြိုဟ်ပေးလိုက်ရတာတွေ ရှိတယ်။ တချို့က မိသားစုဝင်တွေက လိုက်ရှာရင်း သိတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းမှာပင် ရုပ်အလောင်း ၁၂ လောင်းကို ကောက်ယူ သဂြိုဟ်ပေးခဲ့ရပြီး သေဆုံးသူများတွင် အမျိုးသား အများဆုံး ပါဝင်ပြီး သေနတ်ဒဏ်ရာ၊ ဓားဒဏ်ရာများ တွေ့ရှိရကြောင်း သိရသည်။

ဒေသခံ တဦးက “သတ်ဖြတ်ခံထားရတာပဲ။ သေနတ်နဲ့ ပစ်ထားတယ်။ လည်ပင်းကို ဓားနဲ့ လှီးထားတယ်။ ရေထဲလည်း ချတယ် ဆိုတဲ့ ပုံစံမျိုး။ ဒါတွေက စစ်တပ် အာဏာသိမ်းခြင်းရဲ့ အကျိုးဆက်ပဲ။ ဘယ်သူက သတ်တယ် ဆိုတာထက် လေ။ စစ်တပ် အာဏာသိမ်းလို့ ဖြစ်ကုန်တာပဲ။ ကျနော်တို့ဆီမှာဆို တော်တော်ကြီးကို အသတ်ခံရတယ်” ဟု ပြော သည်။

ယခု တွေ့ရှိထားသည့် ရုပ်အလောင်းများသည် လူမှုကူညီရေးအသင်းများက ကောက်ယူသဂြိုဟ် စာရင်းပြုစုနိုင်သည့် အရေအတွက်သာ ဖြစ်ပြီး မြေပြင်တွင် ပို၍ပင် များနိုင်ကြောင်း သုံးသပ်ကြသည်။

သတ်ဖြတ်ခံရသည့် ရုပ်အလောင်းများကို လူမှုကူညီရေးအသင်းမှ လိုက်လံကောက်ယူနေစဉ် (ဓာတ်ပုံ- CJ)

ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) ခေါင်းဆောင်တဦးက “တော်လှန်ရေးအရ ဒါမျိုးတွေ ဖြစ်နိုင်သလို ပုဂ္ဂိုလ်ရေးအရ အငြိုးအတေးနဲ့လည်း ဖြစ်နိုင်တယ်။ ဖြစ်နိုင်ခြေတွေ အများကြီး ရှိပါတယ်။ ဒါတွေအားလုံးက စုံစမ်း ထောက်လှမ်းလို့ရတဲ့ အချိန်ကာလ မဟုတ်တဲ့အတွက် တော်လှန်ရေးနဲ့ သက်ဆိုင်တယ်လို့ ယတိပြတ် ပြောလို့ မရ သလို မဆိုင်ဘူးလို့လည်း ယတိပြတ် ပြောလို့မရဘူး” ဟု ပြောသည်။

ဆက်လက်ပြီး ၎င်းက “ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်လုပ်ကြတာ ဖြစ်တဲ့အတွက် ကျနော်တို့ တော်လှန်ရေးသမားတွေ ဘဝပျက်တာ၊ ခြေပြတ် လက်ပြတ် ဖြစ်တာ၊ သေဆုံးတာတွေက ဘယ်သူ့မှာမှ တာဝန် မရှိဘူး။ ကိုယ်လုပ်ချင်လို့ လုပ် တာ ကိုယ့်ယုံကြည်ချက်အတိုင်း ကိုယ်သွားမယ်။ တော်လှန်ရေးသမားရော ဒလန် သတင်းပေးရောမှာ အခုချိန်မှာတော့ သူတို့သာရင် သူတို့ လုပ်မှာပဲ။ ရန် ငါ စည်းပြတ်ချိန်မှာ သူတို့ ယုံကြည်ချက်နဲ့ သူတို့ တည်ဆောက်တယ်။ ကျနော်တို့ ကလည်း ကျနော်တို့ ယုံကြည်ချက်နဲ့ ကိုယ့်အနာဂတ် ကိုယ် လုပ်ကြတာပါ” ဟု ဆိုသည်။

ပြီးခဲ့သည့် ဧပြီလအတွင်း၌ မန္တလေးမြို့ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်များနှင့် မိသားစုဝင်များ NLD ထောက်ခံသူများကို သွေးသောက်အဖွဲ့ဟု အမည်ပေးထားသည့် အဖွဲ့က သတ်ဖြတ်မှုများ ကျူးလွန်လျက် ရှိ သည်။

အဆိုပါ အဖွဲ့က NLD ပါတီဝင်များနှင့် ပါတီ ထောက်ခံသူများအပြင် PDF အဖွဲ့ဝင်များ၊ PDF နှင့် ဆက်နွှယ်သူများကို သတ်ဖြတ်ချေမှုန်းမည်ဟု ထုတ်ပြန်ချက် တစောင်တွင် ဖော်ပြထားသည်။

အလားတူပင် ဧပြီလ၂၈ ရက်က ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ သရုပ်ဆောင် ဟိန်းထက် ၏ နေအိမ်ကို ရန်ကုန် သွေးသောက်အဖွဲ့က သေနတ်ဖြင့် ဝင်ရောက် ပစ်ခတ်ခဲ့သဖြင့် ၎င်း၏ အဘိုးဖြစ်သူ သေဆုံးသွားခဲ့သည်။

အဆိုပါ သွေးသောက်အဖွဲ့သည် စစ်ကောင်စီနှင့် ပတ်သက်မှု မရှိကြောင်း ယင်းအဖွဲ့နှင့် စစ်ကောင်စီကပါ ငြင်းဆို ထားသော်လည်း ထိုအဖွဲ့ကို အာဏာသိမ်း စစ်ကောင်စီက ကျောထောက်နောက်ခံပြုနေကြောင်း သုံးသပ်ချက်များ လည်း ရှိနေသည်။

You may also like these stories:

အမရပူရတွင် သွေးသောက်အဖွဲ့ လည်ဆွဲဖြင့် အမျိုးသားအလောင်း ထပ်မံ စွန့်ပစ်ထား

မန်းခရိုင် NLD ဒုဥက္ကဌ၏ဇနီး သတ်ဖြတ်ခံရပြီး အလောင်းပါစွန့်ပစ်ခံရ

မန္တလေးတွင် NLD ပါတီဝင်အချို့ ဖမ်းဆီးသတ်ဖြတ်ခံနေရ

ခင်ဦးမြို့နယ် သံဘိုရွာမှ အိမ် ၂၀၀ ကျော် မီးရှို့ခံရ

Loading