စစ်တပ်က အာဏာသိမ်းပြီးနောက် သတင်းမီဒီယာများအပေါ် စစ်ကောင်စီက ကျူးလွန်သည့် ပြစ်မှုများအတွက် တရားမျှတမှုရရှိရေး ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့ (မေ ၃ ရက်) ကျရောက်သည့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day) တွင် ကြေညာလိုက်သည်။
အခြေခံလူ့ရပိုင်ခွင့်ဖြစ်သည့် လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်အတွက် အကြမ်းဖက်ဖိနှိပ် ရန်ပြုမှုများကြားကပင် ရင်းနှီးပေးဆပ်မှုပေါင်းများစွာဖြင့် အားထုတ်ကြိုးပမ်းနေကြသည့် သတင်းသမားများနှင့် သတင်းရင်းမြစ်အားလုံးအား လေး စားဂုဏ်ပြုကြောင်းလည်း NUG က ဆိုသည်။
NUG က “သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ်ရန်ပြုနေကြသည့် အစုအဖွဲ့များ၏ ခြိမ်းခြောက်မှုကြောင့် သတင်းလွတ်လပ်ခွင့် အတွက် ငြိမ်းချမ်းစွာတိုက်ပွဲဝင်ရင်း အသက်စွန့်ခဲ့ရသူများ၊ ထောင်သွင်းအကျဉ်းချခံရသူများ၊ အိုးအိမ်စည်းစိမ်ဖျက်ဆီးခံ ကြရသူများ၊ အိမ်ရာစွန့်ခွာခဲ့ရသည့် အရေအတွက်မှာ တိုးပွားလာလျက်ရှိသည်ကို စိတ်မကောင်းဖွယ် တွေ့ရှိရသည်” ဟု ပြောထားသည်။
Myanmar Press Freedom In-Depth အဖွဲ့၏ စာရင်းများအရ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် သတင်းသမား ၁၆၆ ဦး ဖမ်းဆီးခံခဲ့ရပြီး အချို့မှာ ပြန်လည်လွတ်မြောက်ခဲ့သော်လည်း သတင်းသမား ၅၀ ကျော် မှာ ထောင်ဒဏ်ချမှတ်ခံရခြင်းနှင့် ဆက်လက်ချုပ်နှောင် တရားစွဲဆိုခြင်းများ ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း၊ အလွတ် တန်း ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်၊ အေစိုင်းကေ (ခ) စိုင်းဝင်းအောင်နှင့် Pu Tuidim တို့ ၃ ဦးမှာလည်း စစ်ကောင်စီ လက်ချက်ဖြင့် သေဆုံးခဲ့ကြရကြောင်း သိရသည်။
Pu Tuidim မှာ ချင်းလူ့အခွင့်အရေးအဖွဲ့နှင့် Khonumthung သတင်းဌာန တည်ထောင်ရာတွင် ပါဝင်ခဲ့သူတဦးဖြစ်ပြီး Khonumthung တွင် နှစ်များစွာ အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။
ထို့ပြင် လိုင်စင်ပိတ်သိမ်းခံခဲ့ရသည့် မီဒီယာစုစုပေါင်း ၁၁ ခုရှိကာ ၃ ခုမှာ ခေတ္တရပ်နားခဲ့ရသလို ကျန်လွတ်လပ်သည့် သတင်းမီဒီယာဌာနများကိုလည်း အာဏာသိမ်း စစ်ကောင်စီက ပြည်ဖျက်မီဒီယာများဟု စွပ်စွဲပြောဆိုထားသည်။
ယနေ့ကျရောက်သည့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးကလည်း စစ်တပ် အာဏာ သိမ်းပြီးနောက် မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းလွတ်လပ်ခွင့်များအား တိုက်ခိုက်ခြင်းမှာ အလွန်စိုးရိမ်စရာကောင်းပြီး ယနေ့ခေတ်တွင် လွတ်လပ်သော သတင်းစာများ မရှိတော့ကြောင်း မှတ်ချက်ပြု ထုတ်ပြန် သည်။
မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက “မြန်မာနိုင်ငံတွင် သတင်းသမားများသည် စစ်အစိုးရ၏ ဖိနှိပ်ခြင်းကိုခံရသည့် သားကောင်များ ဖြစ်ပါသည်” ဟု ဆိုသည်။
စစ်ကောင်စီ လက်အောက်တွင် ဖမ်းဆီးထားသည့် သတင်းထောက်အားလုံးအား ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန်၊ သတင်းစာလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့အား လေးစားလိုက်နာရန်နှင့် မြန်မာနိုင်ငံရှိ အင်တာနက် ကန့်သတ်ချက်များအားလုံး ရုပ်သိမ်းပေးရန် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက တိုက်တွန်းတောင်းဆိုထားသည်။
ထို့အတူ ဥရောပသမဂ္ဂအနေဖြင့်လည်း ကမ္ဘာတဝန်း စာနယ်ဇင်းသတင်းသမားများနှင့် သတင်းမီဒီယာသမားများအား ဆက်လက် ကာကွယ်စောင့်ရှောက်ရန် ကတိကဝတ်အား ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် အခိုင်အမာ ထပ်လောင်း ကတိပြုပြီး မြန်မာနိုင်ငံတွင် မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသူအားလုံးအား လွှတ်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂသံရုံးက ယနေ့ ထုတ်ပြန်တောင်းဆိုလိုက်သည်။
“ စာနယ်ဇင်းလွတ်လပ်မှုသည် ကျွန်ုပ်တို့အားလုံး၏ လွတ်လပ်မှုပင် ဖြစ်သည်” ဟုလည်း ဥရောပသမဂ္ဂသံရုံးက ဆိုသည်။
ထို့ပြင် လွတ်လပ်၍ အမှီအခိုကင်းပြီး ဂုဏ်သိက္ခာရှိသော စာနယ်ဇင်းအခန်းကဏ္ဍသည် ယုံကြည်မှု၊ အဓွန့်ရှည်တည် တံ့သော ငြိမ်းချမ်းရေးနှင့် အာကောင်းသော ဒီမိုကရေစီ တည်ဆောက်ရာတွင် အလွန်အရေးပါကြောင်းလည်း ဥရောပ သမဂ္ဂသံရုံးက ပြောထားသည်။
နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) ၏ ၂၀၂၂ အတွင်း ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ၏ သတင်းမီဒီယာ လွတ်လပ်ခွင့်အညွှန်းကိန်းမှာ နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၇၆ တွင် ရပ်တည်နေပြီး တရုတ်နိုင်ငံပြီးနောက် သတင်းထောက်များအား ဖမ်းဆီးထောင်ချမှုအများဆုံး နိုင်ငံများတွင်လည်း ဒုတိယနေရာတွင် ရှိနေကြောင်း သိရသည်။
စစ်ကောင်စီအနေဖြင့် အာဏာသိမ်းပြီးချိန်မှစ၍ သတင်းမီဒီယာများအပေါ် ဖမ်းဆီးမှု၊ သတ်ဖြတ်မှု၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှုများပြုလုပ်ကာ သတင်းလွတ်လပ်ခွင့်ကို ထိပါးနှောင့်ယှက်လျက်ရှိသလို သတင်းလွတ်လပ်ခွင့်၏ အစိတ်အပိုင်း တခုဖြစ်သော အင်တာနက် လွတ်လပ်ခွင့်ကိုလည်း တားဆီးပိတ်ပင်ကန့်သတ်မှုများ နေ့စဉ်ရက်ဆက် လုပ်ဆောင်လျက် ရှိသည်။