တနှစ်ကျော်ကာလအချိန်အထိ အာဏာသိမ်းမှု မအောင်မြင်သေးဘဲ နိုင်ငံရေး စီးပွားရေး အထွေထွေ အကျပ်ဆိုက်လာနေချိန် လျှပ်စစ်မီးအချိန် ကြာမြင့်စွာ ပြတ်တောက်လာခြင်းကလည်း အာဏာသိမ်းစစ်အုပ်စုကို အရှက်ရစေသည်။
ထို့အတွက်ကြောင့် လျှပ်စစ်ထုတ်လုပ်မှုလျော့ကျပြီး အများပြည်သူသုံးစွဲမှုအတွက် လုံလောက်စွာ မပေးနိုင်ခြင်းနှင့် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ထွက်ခွာနေချိန်တွင် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်ဟုဆိုကာ စစ်ကောင်စီက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအား မေလ ၂ ရက်နေ့တွင် အပြောင်းအလဲလုပ်ဆောင်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူနေသော ဦးအောင်သန်းဦးကို အနားပေးလိုက်ပြီး ဝန်ကြီးဌာန ၂ ခု ခွဲထုတ်လိုက်ကာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ကြီးအဖြစ် ယခင် မန္တလေးတိုင်း လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း (MESC) ၏ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့ဖူးသော ဦးသောင်းဟန်ကို ခန့်အပ်လိုက်သည်။ စွမ်းအင်ဝန်ကြီးအဖြစ်ပါ ပူးတွဲတာဝန်ယူစေသည်။
ထို့အပြင် ဒေါက်တာအောင်ဇေယျကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုဝန်ကြီးနှင့် ဦးသန့်စင်ကို စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ခန့်အပ်လိုက်သည်။
ဦးသောင်းဟန်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အရပ်သားအစိုးရလက်ထက် သက်တမ်းတဝက် ဝန်းကျင်တွင် MESC ၏ ဥက္ကဋ္ဌ တာဝန်မှ အငြိမ်းစားယူခဲ့သူလည်းဖြစ်သည်။ မြန်မာစစ်တပ်၏ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး (ကကယာ)တွင် ဒုတိယ ဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် စစ်တပ်အရာရှိဟောင်းတဦး ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေလက်ထက်တွင် စစ်ဘက်မှ အရပ်ဘက်တာဝန်များ ပြောင်းလဲထမ်းဆောင် လာခဲ့သူလည်းဖြစ်ပြီး လျှပ်စစ်ဝန်ကြီးဌာန၏ ရေအားလျှပ်စစ်ထုတ်လုပ်ရေးအပိုင်းတွင် အဓိက တာဝန်ယူခဲ့သူဖြစ်သည်။
“ သူ (ဦးသောင်းဟန်) က ရေအားလျှပ်စစ်ထုတ်လုပ်ရေးနဲ့ ပတ်သက်ပြီး တော်တော်လေး နှစ်ကြာကြာ လုပ်ခဲ့ တယ်။ အတွေ့အကြုံရှိတဲ့ လူတယောက်ပါ ” ဟု လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်း လုပ်ကိုင် နေ သော စီးပွားရေးလုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။
ယခုလို ဝန်ကြီးအပြောင်းအလဲ လုပ်ဆောင်ခြင်းသည် ဦးအောင်သန်းဦး(ယခင်ဝန်ကြီး) သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အရပ်သားအစိုးရလက်ထက်က လုပ်လက်စဖြစ်သော နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားစီမံကိန်း ၂၉ခု နှင့် စစ်ကောင်စီလက်ထက်တွင် တင်ဒါခေါ်ယူခဲ့သော စီမံကိန်း ၁၃ တို့ကို အကောင်အထည်ဖော်နိုင်ခြင်း မရှိခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် သဘာဝဓာတ်ငွေ့ရည် LNG မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်သော စီမံကိန်းတချို့ကို ကုမ္ပဏီဘက်က စာချုပ်စာတမ်းနှင့်မညီဘဲ ရပ်နားလိုက်ခြင်းကို အရေးယူမှု အားနည်းခြင်းတို့ကြောင့်လည်း ပါဝင် ကြောင်း အထက်ပါ လုပ်ငန်းရှင်က ပြောဆိုသည်။
၎င်းက ဆက်လက်၍ “ သူ (ဦးသောင်းဟန်)တက်လာပြီဆိုတော့ ရေအားလျှပ်စစ်ကို တွန်းတွန်းတိုက်တိုက်တော့ လုပ်လာနိုင်တယ်။ ဒါပေမယ့် ရေအားလျှပ်စစ်စီမံကိန်းတခုက ၅ နှစ်လောက်ကြာတာလေ အခု အခြေအနေကို ဘယ်လိုမှ ဖြေရှင်းနိုင်မှာမဟုတ်ဘူး ” ဟု ဆိုသည်။
အတွေ့အကြုံရှိသူဖြစ်သော်လည်း လျှပ်စစ်ဝန်ကြီးဌာနအနေဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ စိတ်ကူးယဉ် အိမ်မက်လမ်းစဉ်များသာလွှမ်းမိုးနေပါက လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် လွတ်လပ်သော မူဝါဒမချမှတ်နိုင်ဘဲ ယခုအတိုင်းသာ အပြောင်းအလဲ မရှိဖြစ် နေနိုင်သည်။
စစ်အာဏာသိမ်းမှုနောက် ဆုတ်ယုတ်သွားသော လျှပ်စစ်ကဏ္ဍ၏ လျှပ်စစ်ထုတ်လုပ်နိုင်မှု လျော့ကျ သွားခြင်း၏ အဓိက ပြဿနာမှာ လျှပ်စစ်ကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဝင်ရောက်မှု ရပ်တန့် သွားခြင်းနှင့် ပြန်လည်ထွက်ခွာခြင်းတို့ပင်ဖြစ်သည်။ ထို့အပြင် မြန်မာ့လျှပ်စစ်ကဏ္ဍအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီများသည်လည်း စစ်အာဏာသိမ်းမှု နောက်တွင် ရပ်ဆိုင်းသွားခဲ့သည်။
ထို့အတွက်ကြောင့် လွန်ခဲ့သည့် ဆယ်စုကျော်က ရေအားမှ လျှပ်စစ်ထုတ်လုပ်ရေးကိုသာ အဓိက အားပြုပြီး လျှပ်စစ်ဖြန့်ဖြူးခြင်းကို ပြန်လည်လုပ်ဆောင်နေရခြင်းဖြစ်သည်။
အများပြည်သူ၏ လျှပ်စစ်မီတာခများကို အခွန်မဆောင်ခြင်းကြောင့်လည်း ယခင်ကတည်းက အရှုံးပေါ် နေသော လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို ဝင်ငွေလျော့နည်းစေ၍ တဖက်တွင် လျှပ်စစ်ထုတ်လုပ်သည့် ကုမ္ပဏီများကို ငွေပေးချေနိုင်မှု အခက်အခဲကို ဖြစ်ပေါ်စေခဲ့သည်။
ထို့အပြင် လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနသည် စစ်အာဏာသိမ်းမှုကို အကြမ်းမဖက်အာဏာဖီဆန် ရေးလှုပ်ရှားမှု (CDM)ပြုလုပ်သော အစိုးရဝန်ထမ်းပေါင်း ရာနှင့်ချီရှိခဲ့သော ဌာနလည်းဖြစ်သည်။
အဆိုပါ အခြေအနေများကြောင့် စစ်ကောင်စီသည် အများပြည်သူများကို လာမည့် မိုးရာသီ မရောက်မီအချိန်အထိ လျှပ်စစ်မီးကို အချိန်သတ်မှတ်ချက်ဖြင့် အလှည့်ကျမီးပေးတော့မည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဇန်နဝါလရီလပိုင်းက ကြေညာခဲ့သည်။ ထို့နောက် ရန်ကုန်၊ မန္တလေးမြို့ကြီး များအပါအဝင် တနိုင်ငံလုံးအနှံ့ လျှပ်စစ်မီးကို ယခုအချိန်အထိ အချိန်ပိုင်းသာ ရရှိနေလျက်ရှိသည်။
လျှပ်စစ်ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး အပြောင်းအလဲ လုပ်ဆောင်လိုက်ကြောင်း စစ်ကောင်စီပိုင် ရုပ်မြင်သံကြားမှ သတင်းကြေညာပြီး မိနစ်အပိုင်းအကြာပင်မှာပင် တနိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်မီးအချိန်ကြာမြင့်စွာပြတ်တောက်သွား၍ အများပြည်သူများ လှောင်ပြောင်စရာ ဖြစ်ခဲ့ပြန်သည်။
မေ ၂ ရက် ညပိုင်း လျှပ်စစ်မီးပြတ်တောက်ရခြင်းသည် “နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဓာတ်အားပို့လွှတ်ပေးနေသော သပြေဝ- မြင်းခြံ ဓာတ်အားလိုင်း အပြစ်တခုဖြစ်ပေါ်ခဲ့၍ Sunco နှင့် V Power ဓာတ်အားပေးစက်ရုံများမှ ၃၀၀ မဂ္ဂါဝပ် ခန့် လျော့နည်းသွားသောကြောင့် တနိုင်ငံလုံးဓာတ်အားစနစ် ချို့ယွင်းခဲ့ခြင်း”ဖြစ်ကြောင်း ရန်ကုန်တိုင်းလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကော်ပိုရေးရှင်းက ကြေညာသည်။
You may also like these stories:
Same Sky ကသာ မီတာဘောက်များ တင်ဒါအောင်နေသည်
အာဏာသိမ်းစစ်ကောင်စီ လုံလောက်အောင် မီးမပေးနိုင်တော့
အချိန်ပိုင်းမီးပေးစနစ် မေလအထိရှိနိုင်ဟု စစ်ကောင်စီပြော
လျှပ်စစ်မီး မမှန်သဖြင့် အထည်ချုပ် စက်ရုံတချို့ ရပ်ဆိုင်းမှု ရှိလာ
လျှပ်စစ်မီးသာမက ရေမလုံလောက်သည့် ဒုက္ခပါ ရန်ကုန်လူထု ရင်ဆိုင်နေရ