အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အနေဖြင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ခွင့်ရမည်ဟု မထင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဗဟို အလုပ်ကော်မတီဝင် ဦးကျော်ထွေးက ဧရာဝတီသို့ ပြောသည်။
မေလ ၂ရက် မနက်ပိုင်းက အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်မှ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ အွန်လိုင်းမှ ဆက်သွယ်စကားပြောခဲ့ပြီး ယင်းတွေ့ဆုံပွဲတွင် အာဆီယံအထူးကိုယ်စားလှယ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေနွေးခွင့်ပြုရန် တောင်းဆိုခဲ့ ခြင်း ဖြစ်သည်။
အဆိုပါ တောင်းဆိုချက်နှင့် ပတ်သက်ပြီး ဦးကျော်ထွေးက အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့အား အာဆီယံအထူးကိုယ်စားလှယ် နှင့် တွေ့ခွင့်ပေးရဲမည် မဟုတ်ကြောင်း မှတ်ချက်ပြုသည်။
၎င်းက “စစ်ကောင်စီအနေနဲ့ ပြည်သူ့ဆန္ဒကို ထောက်ထားငဲ့ညှာမှုမရှိဘဲ အလွန်အကျွံ အင်အားသုံး ဆောင်ရွက်ထား ချက်တွေအရတော့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်တို့နဲ့ အာဆီယံအထူးကိုယ်စားလှယ်ကို တွေ့ခွင့်ပေး ရဲမယ် မထင်ပါဘူး” ဟု ဆိုသည်။
စစ်ကောင်စီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ပြန်လွှတ်ပေးရမည် ဖြစ်ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်အတိုင်း ပြည်သူ့ဆန္ဒနှင့်အညီ အကောင်အထည်ဖော်မှုအား လိုက် နာဆောင်ရွက်ရန် လိုအပ်သည်ဟုလည်း ၎င်းက ပြောသည်။
ဦးကျော်ထွေးက မြန်မာနိုင်ငံအရေးတွင် အာဆီယံအဖွဲ့က အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ပေါ် အခြေခံရပ် တည်ကာ ဆောင်ရွက်နေမှုအား NLD အနေဖြင့် ကျေးဇူးတင်သော်လည်း ကျေနပ်ဖွယ်အဖြေ မတွေ့သေးဟု လည်း ပြောဆိုသည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က မေလအကုန်တွင် လာရောက်ရန် ရှိနေသည့် အာဆီယံအထူးကိုယ်စားလှယ်၏ ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်တွင် စစ်ကောင်စီအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။
ဝန်ကြီးချုပ် ဟွန်ဆန်က နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်ရေး သင့်လျော်သည့် ပတ်ဝန်းကျင် ဖန်တီးနိုင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့် အပါအဝင် သက်ဆိုင်သူအားလုံးနှင့် အထူးကိုယ်စားလှယ် တွေ့ခွင့်ရရန် အရေးကြီးသည်ဟု ထပ်လောင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်၊ တရားဥပဒေစိုးမိုးရေးတွင် အင်အားအလွန်အကျွံသုံးခြင်းမှ ရှောင် ကြဉ်ရန်နှင့် အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာဒေသများတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များ ပေးအပ်ရာ၌ လွယ်ကူချောမွေ့စေရေး ဆောင်ရွက်ပေးရန် ဝန်ကြီးချုပ်က တိုက်တွန်းခဲ့ကြောင်းလည်း ကမ္ဘောဒီး ယားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
စစ်ကောင်စီဘက်ကမူ ဝန်ကြီးချုပ် ဟွန်ဆန်နှင့် စစ်ကောင်စီဥက္ကဋ္ဌတို့ အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ၎င်းတို့လက်အောက်ခံ မြန်မာ့အလင်းသတင်းစာမှတဆင့် သတင်းထုတ်ပြန်သော်လည်း အာဆီယံအထူးကိုယ်စား လှယ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ခွင့်ရရေးကိစ္စအား တစုံတရာဖော်ပြခြင်းမရှိဘဲ ထိမ်ချန်ထားသည်။
ထို့ပြင် စစ်ကောင်စီဥက္ကဋ္ဌက အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် တိုးတက်ရေး အကောင်အထည်ဖော် ဆောင် ရွက်နေပါသည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်ထံ ပြောဆိုခဲ့သော်လည်း မြေပြင်အခြေအနေတွင် တိုးတက်မှု တစုံတရာ မတွေ့ရပေ။
NLD စမ်းချောင်းမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဒုဥက္ကဋ္ဌလည်းဖြစ်၊ ရန်ကုန်တိုင်း ဒလမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် တဦးလည်းဖြစ်သည့် ဦးဘိုဘိုဦးကလည်း ဝန်ကြီးချုပ်ဟွန်ဆန်၏ တောင်းဆိုချက်သည် ပုံမှန်တောင်းဆိုချက်ဖြစ်ပြီး မြန်မာနိုင်ငံသို့ တရုတ်အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော့ရှန် လာစဉ်ကလည်း ထိုကဲ့ သို့ တောင်းဆိုဖူးကြောင်း ပြောသည်။
ထိုသို့ တောင်းဆိုခဲ့သော်လည်း စစ်ကောင်စီသည် ကမ္ဘောဒီယားဝန်ကြီးချုပ်နှင့် တရုတ်အထူးကိုယ်စားလှယ်တို့အား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မပေးခဲ့ပေ။
ဆက်လက်၍ ဦးဘိုဘိုဦးက အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရှိနေသ၍ မြန်မာ့ နိုင်ငံရေးတွင် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးသည် အလုပ်ဖြစ်နိုင်စရာ အလားအလာ မမြင်ရကြောင်း ပြောသည်။
၎င်းက “အလားအလာက ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူးလို့ ကျနော် ယုံကြည်ပါတယ်။ သူက ဒေါ်အောင်ဆန်းစု ကြည်အပေါ်မှာ အမုန်းနဲ့ဆက်ဆံနေတာ ဖြစ်တယ်။ နိုင်ငံရေးပါတီတွေရော၊ မီဒီယာ စာနယ်ဇင်းတွေရော အမုန်းနဲ့ ဆက်ဆံတာ။ သူ့မှာက စိတ်ရောဂါတခုလို စွဲနေတဲ့ အမုန်းဗျ။ ဘယ်လိုပုံစံနဲ့ အလားသဏ္ဍန် တူသလဲဆိုရင် ဟစ်တ လာ သွေးရူးသွေးတန်း ဖြစ်နေတဲ့ကာလ အမုန်းမျိုးနဲ့ တူနေတာ။ ဆိုတော့ သူမရှိမှပဲ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရေးဆို တာတွေက ဖြစ်လာမှာ” ဟု ဆိုသည်။
ထို့ပြင် မြန်မာ့အရေးတွင် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်အရ အကောင်အထည်ဖော်မှုများ တိုးတက်မလာ ဘဲ နှေးကွေးရခြင်းသည် အာဆီယံအဖွဲ့ကြောင့် မဟုတ်ဘဲ စစ်ကောင်စီကြောင့်သာ ဖြစ်သည်ဟုလည်း ၎င်းက ပြော သည်။
ဦးဘိုဘိုဦးက “အာဆီယံရဲ့ ကျဆုံးမှု မဟုတ်ဘူးဗျ။ အာဆီယံကတော့ ဒီကိစ္စမှာ တူညီဆန္ဒ ၅ ချက်ကို မားမားမတ်မတ် ဆက်လက်ကိုင်ဆောင်ပြီး ပြောမယ်။ ရွေးချယ်ရမှာတော့ အကြမ်းဖက်စစ်ကောင်စီဥက္ကဋ္ဌဘက်ကနေ ရွေးချယ်ရမယ်။ ဒါပေမဲ့ ခုနက ကျနော်ပြောသလိုပဲ သူရှိနေသ၍ နိုင်ငံရေးအရ ဖြေရှင်းနည်းတွေ တခုမှဖြစ်လာမှာ မဟုတ်ဘူး။ အဲဒီလိုပဲ အာဆီယံအဖွဲ့ကို ကျနော်ပြောချင်တာက ဒီအတွက်ကို ကြိုပြင်ဆင်ထားသင့်တယ်ပေါ့။ မလိုက်လျောဘူးဆိုရင် ဒီကိစ္စ ကို ဘယ်လိုဆက်ပြီး ကိုင်တွယ်မလဲဆိုတာမျိုး ကြိုစဉ်းစားသင့်တယ် ထင်ပါတယ်” ဟု သုံးသပ်ပြောဆိုသည်။
လက်ရှိ အာဆီယံနိုင်ငံများထဲတွင် ကမ္ဘောဒီးယားကဲ့သို့သော နိုင်ငံများက စစ်ကောင်စီအား အာဆီယံ ဘုံသဘော တူညီချက် ၅ ချက် အကောင်အထည်ဖော်ရေး ဆက်လက် တိုက်တွန်းနေသော်လည်း မလေးရှားကဲ့သို့သော နိုင်ငံများ ကမူ စစ်ကောင်စီနှင့် စင်ပြိုင်ဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ထိတွေ့ဆက်ဆံရန် စဉ်းစားလာ ကြောင်း တွေ့ရသည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah သည် ပြီးခဲ့သည့် သီတင်းပတ်အတွင်း NUG နိုင်ငံခြားရေး ဝန်ကြီး၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံခဲ့ပြီး မေ ၅ ရက်တွင် ကျင်းပမည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံကို NUG နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးရန် အဆိုပြုသွားမည် ဖြစ်ကြောင်း သတင်းမီဒီယာများအား ပြောကြားခဲ့သည်။
အဆိုပါ ပြောကြားချက်ကို မြန်မာစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းထန်စွာ ကန့်ကွက်ပယ်ချကြောင်း၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ ပြောဆိုချက်သည် မဆင်မခြင်နှင့် တာဝန်မဲ့ပြောဆိုချက် ဖြစ်ကြောင်း မေ ၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
You may also like these stories :
စစ်ဆင်ရေးများအား ထိန်းထိန်းသိမ်းသိမ်းလုပ်ရန် စစ်တပ်ကို အထူးကိုယ်စားလှယ် တိုက်တွန်း
အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ဂျိုးဘိုင်ဒင် ဧည့်ခံမည်
အာဆီယံ အထူးကိုယ်စားလှယ်နှင့် တွေ့ရန် ဒေါ်စုစုလွင် ငြင်းဆို