စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း အရှေ့စည်ကျေးရွာအနီးတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဒေသခံ ကာကွယ်ရေးတပ် ပူးပေါင်းတပ်ဖွဲ့များကြား ဧပြီ ၂၇ ရက်မှ ယနေ့ (မေ ၃ ရက်) အချိန်ထိ တိုက်ပွဲဆက်တိုက် ဖြစ်ပွားနေကြောင်း သိရသည်။
အဆိုပါ ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သည် ဧပြီ ၃၀ ရက် ညနေပိုင်းက တညလုံး လက်နက်ကြီးများဖြင့် မနားတမ်းပစ်ခတ်ခဲ့သလို နောက်တနေ့ မေ ၁ ရက်တွင်လည်း အင်အား ၂၀၀ ခန့်ဖြင့် အရှေ့စည်ကျေးရွာသို့ ဝင်ရောက်ပြီး ဒေသခံများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မှ ကိုအိစိုးက ဧရာဝတီသို့ ပြောသည်။
၎င်းက “စစ်ကောင်စီက အရှေ့စည်ရွာကို စစ်ကြောင်းထိုးတာ။ ရွာကို တညလုံး လက်နက်ကြီးတွေနဲ့ ထုတယ်။ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ကလည်း ရွာမကျအောင် ကာကွယ်တာပေါ့။ လက်နက်ကြီးတွေ မနားတမ်း ထပ်ထုတော့ ရှေ့ပြေး ကင်းတွေက ဆုတ်ပေးလိုက်တယ်။ သူတို့က ရွာထဲကို ဝင်လို့ရတာနဲ့ အိမ်တွေကို အရင်ဆုံး မီးရှို့တာပဲ” ဟု ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၁ အတွင်းက စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကြား အရှေ့စည်ကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှု များသည့်အတွက် နောက်ဆုတ်သွားခဲ့ရသောကြောင့် အခဲမကျေဘဲ ယခုတကြိမ်တွင် အင်အား အလုံးအရင်းဖြင့် ထပ်မံ ထိုးစစ်ဆင်လာခြင်း ဖြစ်ကြောင်း ကလေး PDF တပ်ဖွဲ့ ဝင်များက ပြောသည်။
မေ ၁ ရက် နံနက်ပိုင်းက အဆိုပါ ကျေးရွာအတွင်းသို့ ထိုးစစ်ဆင်ရန် လာရောက်သည့် စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော PDF (Kalay)၊ CDF-KKG (Kalay, Kabaw, Gangaw)၊ Ranger Kalay Defend Force၊ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) ပူးပေါင်းတပ်ဖွဲ့ဝင်များကြား ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ တိုက်ပွဲမှာ ညနေ ၅ နာရီကျော်ထိ ကြာမြင့်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားနေသည့် တချိန်တည်းတွင် စစ်ကောင်စီတပ်သည် ကြံသာကျေးရွာဘက်မှ ရေရှင်ကျေးရွာနှင့် နွာကျေး ရွာများဘက်သို့ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်းလည်း ကလေး PDF အဖွဲ့က မေ ၂ ရက်တွင် ထုတ်ပြန် ထားသည်။
အဆိုပါ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရေရှင်ကျေးရွာမှ ၁၅ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ပြီး ၁၀ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦးမှာလည်း ပြင်ထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
မေ ၂ ရက် နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်သည် ကြံသာနှင့် အောင်မင်္ဂလာကျေးရွာဘက်မှ ရှားဖိုကျေးရွာဘက်သို့ စစ်ကောင်စီက လက်နက်ကြီးများ ပစ်ခတ်ခဲ့ပြီး နေ့လယ်ပိုင်းတွင် အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းဖြန့်ခွဲလာခဲ့ရာ ရှားဖို ကျေးရွာအနီး၌ PDF (Kalay)၊ CDF (KKG)၊ Zomi PDF၊ RKDF၊ CNDF နှင့် ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့တို့ ခုခံ ဖြတ်တောက် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲမှာ ညနေပိုင်းထိ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ သေဆုံး၊ ဒဏ်ရာ ရရှိသူများ များပြားကာ လက်နက်၊ ခဲယမ်းမီးကျောက်များ လည်း သိမ်းဆည်းရမိကြောင်း၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တချို့ လည်း လက်နက်ကြီး အစမှန်၍ ဒဏ် ရာများရရှိခဲ့ကြောင်း ကလေး PDF တပ်ဖွဲ့ဝင်များက ပြောသည်။
ယနေ့ (မေ ၃ ရက်) လည်း ကလေးမြို့နယ်တောင်ပိုင်း အရှေ့စည်ကျေးရွာအနီးဝန်းကျင်တွင် တည်ရှိသည့် ဒိုးနွယ်၊ ကျောက်ဂူ၊ ရှားဖိုကျေးရွာအနီး၌ စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ် ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ် ပွားနေပြီး စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကလေး PDF မှ ကိုအိစိုးက “တိုက်ပွဲက ဖြစ်နေတုန်းပဲ။ မနက် အိပ်ရာက မထခင်ကတည်းက လက်နက် ကြီးတွေ တအုန်းအုန်း ထုနေတယ်။ ပစ်တာကတော့ နေရာအနှံ့ကို ပစ်နေတာပဲ။ ဒီနေ့လယ်ပ်ိုင်းကဆိုရင် ရှားဖိုရွာအနီး ရဟတ်ယာဉ် ၂ စီး နဲ့ လာရောက် တိုက်ခိုက်ခဲ့တာ ရှိတယ်။ တိုက်ပွဲက မပြီးသေးတော့ အသေးစိတ်ကိုတော့ မသိရသေး ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၂၇ ရက်က အရှေ့စည်ကျေးရွာနှင့် ဒိုးနွယ်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ် ပူးပေါင်းတပ်ဖွဲ့တို့ကြား စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ဒေသခံများမှာ မြစ်သာမြစ်ကိုဖြတ်ပြီး ထိုးထားသည့် ဝါးတံတား အား ဖြတ်ကူးထွက်ပြေးကြရာ တံတားပြိုကျသည့်အတွက် ကလေး၊ လူကြီး အပါအဝင် ဒေသခံ ၇ ဦး ရေထဲမျောပါ သေဆုံး ခဲ့သည်။
လက်ရှိ အခြေအနေတွင် အဆိုပါ တ်ိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံများမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း လတ်တလော စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား စစ်ရေးတင်း မာနေသည့်အတွက် ပြည်သူများအနေဖြင့် ကလေး-ဂန့်ဂေါ လမ်းမကြီးအား ဧပြီ ၂၈ ရက်မှစတင်၍ အသုံးပြုပြီး သွားလာ ခြင်း မပြုရန် ကလေး PDF က သတိပေးထုတ်ပြန်ထားသည်။
ကလေးမြို့နယ်သည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းတောင်တန်းတို့နှင့် ကူးလူးဆက်သွယ်မှုတွင် စစ်ရေးအရ အချက် အချာ ကျသည့်အတွက် စစ်ကောင်စီခေါင်းဆောင်များက ကလေးမြို့နယ်အတွင်းရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကို ဧပြီ လအတွင်း အပြတ်ချေမှုန်းရန် အမိန့်ပေးထားသည်ဟူသော သတင်းများလည်း ထွက်ပေါ်လျက် ရှိသည်။
You may also like these stories:
စစ်တပ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ် အပိုင်း ၁
စစ်တပ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ် – ၂
အာဏာသိမ်းအလွန် မြန်မာစစ်ပွဲ ‘ဝ’ ကနဦး အနိုင်ရနေ