စစ်ကိုင်းတိုင်း အရာတော်၊ ရွှေဘို၊ ခင်ဦးမြို့နယ်များရှိ ရွာများကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးရာ ဧပြီ ၂၉ ရက်မှ မေလ ၂ရက်နေ့ အထိ ၄ရက်အတွင်း အိမ် ၁၃၀၀ကျော် ပျက်စီးပြီး ဒေသခံ ၄ ထောင်နီးပါး ထွက်ပြေးတိမ်း ရှောင် နေရ ကြောင်း ဒေသခံများထံက သိရသည်။
မီးရှို့ခံရသည့် ရွာများမှာ အရာတော်မြို့နယ်မှ မလဲသာကျေးရွာ၊ ခင်ဦးမြို့နယ်မှ အင်းပတ်ကျေးရွာ၊ ရွှေဘိုမြို့နယ်မှ ကျားရွာ (တောင်ရွာ)၊ ထန်းပင်ခေါင်းကျေးရွာ တို့ဖြစ်ပြီး စစ်ကောင်စီတပ်နှင့် ပျုစောထီး ပူးပေါင်း အဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် ဝင်ရောက်စီးနင်းပြီး မီးရှို့ခဲ့ခြင်းဟု သိရသည်။
ဖြစ်စဉ်များအနေဖြင့် စစ်ကောင်စီတပ်နှင့် ပျုစောထီး ပူးပေါင်း အင်အား၂၀၀ ခန့်သည် မေလ ၂ ရက် နံနက် ၆ နာရီ ခန့်မှ စတင်ကာ အရာတော်မြို့နယ် မလဲသာနှင့် ကန်ရင်းကျေးရွာများသို့ ဝင်ရောက်စီးနင်းပြီး နံနက် ၁၀ နာရီခန့် တွင် မလဲသာကျေးရွာ တောင်ပိုင်းမှ စတင် မီးရှို့ခဲ့ခြင်းဟု ဒေသခံများထံက သိရသည်။
“သူတို့ (စစ်ကောင်စီ) နဲ့ PDF တွေ တိုက်ပွဲဖြစ်တာမျိုးလည်း မရှိဘဲနဲ့ စစ်ကြောင်းထိုးလာပြီး အသားလွတ်ကြီးကို မီးရှို့ သွားကြတာ။ တရွာလုံးနီးပါး အကုန်လုံး ပါတယ်လို့ ပြောလို့ရတယ်။ မနေ့က မနက်ပိုင်း ၁၀ နာရီလောက်က စပြီး မီးရှို့လို့ တရွာလုံး ထွက်ပြေးကြရတာ။ ဒီနေ့မနက်မှ အရဲစွန့်ပြီး ကိုယ့်ရွာအခြေအနေကို ပြန်ကြည့်ကြရတာ” ဟု မလဲ သာ ဒေသခံတဦးက ပြောသည်။
မလဲသာကျေးရွာသည် အရာတော်နှင့် မြင်းမူမြို့နယ် အစပ်တွင် တည်ရှိပြီး အိမ်ခြေ ၁၀၀၀ ကျော်ရှိကာ စစ်ကောင်စီ တပ်က လက်နက်ကြီး၊ လက်နယ်ငယ်များဖြင့် ပစ်ခတ် ဝင်ရောက် စီးနင်းကာ မီးရှို့ခဲ့သဖြင့် အိမ်ခြေ ၇၀၀ ခန့် မီးလောင် ဆုံးရှုံးခဲ့ကြောင်း၊ ကျေးရွာအား မီးဝင်ရှို့သည့် အဖွဲ့အား ဒေသပြည်သူ့ကာကွယ်ရေး အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ လက်နက် အင်အား၊ လူအင်အား မမျှသဖြင့် ပြန်လည် ဆုတ်ခွာပေးခဲ့ရကြောင်း People’s Guerillas Commando – Myinmu က ဗိုလ်ဘီရွန်က ပြောသည်။
မေ ၃ ရက်တွင် စစ်ကောင်စီတပ်များသည် မလဲသာ၊ ကန်ရင်း၊ ညောင်ပင်ကျေးရွာများ အနီး၌ နေရာဖြန့်ကျက်ကာ ကင်းပုန်းများ ချထားကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်များသည် အရာတော်မြို့နယ်အတွင်းရှိ မလဲသာ၊ ကန်ရင်းနှင့် မြင်းမူမြို့နယ် ပဒတ္ထိုင်းစသည့် ကျေးရွာ များကို ပြီးခဲ့သည့် အောက်တိုဘာ၊ ဒီဇင်ဘာလများအတွင်းကလည်း ဝင်ရောက် စီးနင်းခြင်းများ ပြုလုပ်ထားသလို ပဒတ္ထိုင်းကျေးရွာအား ရဟတ်ယာဉ် အသုံးပြု တိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံ ၁၀ ဦးအထက် သေဆုံးခဲ့ကြောင်း အရာ တော်မြို့နယ် သတင်းမှန်ပြန်ကြားရေး၏ ထုတ်ပြန်ချက်များအရ သိရသည်။
ထို့အတူ ရွှေဘိုမြို့နယ် ကျားရွာ(တောင်ရွာ)ကိုလည်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ဧပြီ ၂၉ ရက်မှ မေလ ၁ ရက်ထိ သုံးရက်ဆက်တိုက် မီးရှို့သဖြင့် ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၃၄၀ ကျော် မီးလောင် ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများထံက သိရသည်။
ကျားရွာသည် ရွှေဘိုနှင့် ခင်ဦးမြို့နယ်အစပ်တွင် တည်ရှိပြီး အလယ်ရွာ၊ အနောက်ရွာ၊ တောင်ရွာ၊ မြောက်ရွာဟု ရှိကာ အိမ်ခြေ ၁၅၀၀ ခန့်ထိ ရှိကြောင်း၊ ကျားရွာ(တောင်ရွာ)မှ ဒေသခံများသည် စစ်ကောင်စီတပ်များ မဝင်ရောက်လာခင် ကြိုတင် ထွက်ပြေး တိမ်းရှောင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်နှင့် ပျုစောထီးများသည် ကျေးရွာအား မီးမရှို့မီ နေအိမ်များမှ တန်ဖိုးကြီးများကို ထော်လာဂျီကားများဖြင့် သယ်ဆောင်သွားကြသည်ဟု ဒေသခံများထံက သိရသည်။
“အဲဒီနေ့ (ဧပြီ ၂၉ ရက်) က ဒိန်း ဒိန်းဆိုပြီး အသံနှစ်ချက် ကြားရတယ်၊ သိပ်မကြာဘူး သူတို့ ရွာထဲကို သေနတ်တွေနဲ့ တရစပ် ပစ်ပြီး ဝင်လာကြတာပဲ၊ ကျနော်တို့လည်း အသံစကြားကတည်းက မနေရဲတော့လို့ ကိုယ်လွတ်ရုန်းပြီး ပြေးခဲ့ ကြရတာပဲ၊ ဒေသခံတွေကတော့ အခုအချိန်ထိ ဖြစ်သလို နေနေကြရတယ်၊ အချို့လည်း ခင်ရာမင်ရာ ဘေးရွာလေး တွေမှာ မှီခိုနေကြရတာပေါ့။ အချို့လည်း တောထဲမှာ ခိုကပ်နေကြရတာပေါ့” ဟု ဒေသခံတဦးက ပြောသည်။
ရွှေဘိုမြို့နယ် ခွန်တောင်ကြီးကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ် ခမရ ၂၁၆ နှင့် ပျူစောထီး အင်အား ၃၀၀ ခန့်သည် ဧပြီ ၂၉ ရက်က စတင်ကာ ဖြန့်ကျက် စစ်ကြောင်းထိုးလာပြီး ကျားရွာ(တောင်ရွာ)အား သုံးရက်ဆက်တိုက် မီးရှိုခဲ့ရာ ကျားရွာမှ အိမ်ခြေ ၃၀၀ နီးပါး၊ ထန်းပင်ခေါင်းတောင်ရွာမှ ၄၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ခြင်းဟု သိရသည်။
ထို့နောက် ညောင်ပင်သာကျေးရွာသို့ လက်နက်ကြီးများ ပစ်ခတ်ကာ ဆက်လက် ဝင်ရောက်စီးနင်းရာ ဒေသ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဒေသကာကွယ်ရေး အဖွဲ့တခုဖြစ်သည့် Night Hunter LPDF အဖွဲ့က သိရသည်။
“ကျားရွာတောင်ရွာမှာ ပကဖ အဖွဲ့ဝင်(သို့မဟုတ်) တော်လှန်ရေး အင်အားစုတွေ ရှိတယ်ဆိုပြီး ဝင်စီးတာပဲ။ အဲဒီလို ဝင်စီးပေမယ့် အဲဒီရွာတွေမှာ သူတို့ ထင်သလို မဟုတ်ကြပါဘူး၊ မနေ့က မနက်ပိုင်း ၁၀ နာရီလောက်မှာ ကျားရွာ တောင်ရွာကနေ တဆက်တည်း ညောင်ပင်သာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီးတော့ ဝင်စီးတဲ့အချိန်မှာ ကျနော်တို့ အခြားဒေသ ကာကွယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကာကွယ်လိုက်လို့ သူတို့ ပြန်ဆုတ်သွားတယ်။ သူတို့ဘက်က အကျ အဆုံးလည်း များခဲ့တယ်” ဟု Night Hunter LPDF အဖွဲ့က ဗိုလ်ရဲခေါင်က ပြောသည်။
အဆိုပါ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ကျေးရွာအတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ဝင်ရောက် ချိန်တွင် ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ သေဆုံးမှု ရှိခဲ့ကြောင်း သိရသည်။
အင်အား ၁၀၀ ခန့်ပါသော စစ်ကောင်စီတပ်များသည် ခင်ဦးမြို့နယ်မှ အိမ်ခြေ ၅၀၀ ကျော်ရှိသော အင်ပတ်ကျေးရွာကို မေလ ၂ ရက်နေ့ နေ့လယ်ပိုင်းက လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ကာ ဝင်ရောက် မီးရှို့ခဲသဖြင့် နေအိမ် ၃၀၀ ကျော် မီးလောင်ခဲ့သလို အသက် ၄၀ အရွယ် ကိုနိုင်ဦးဆိုသူ မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
“ကျနော်တို့ KSO အဖွဲ့နဲ့ ဒေသခံတွေဟာ အင်းပတ်ကျေးရွာမှာ ခွေးတွေ ရှို့ခဲ့တဲ့ မီးကို ဒီနေ့ မနက် ၁၁ နာရီလောက်ထိ ငြှိမ်းခဲ့ရတယ်၊ ခွေးတွေက အခုအကြိမ်ရောဆိုရင် အင်ပတ်ကို ဖျက်ဆီးတာ ၅ ကြိမ် ရှိပြီ၊ မနေ့က ရှို့တဲ့မီးမှာ နေအိမ် ၃၀၅ လုံး၊ ခိုင်းနွား ၁၀ ကောင်၊ ရေစုပ်စက်၊ စပါးမှုတ်စက်၊ ထွန်စက်အလုံး ၂၀၊ ဆိုင်ကယ်/စက်ဘီး အစီး ၄၀နဲ့ အိမ်တွင်း ပရိဘောဂတွေလည်း ဆုံးရှုံးခဲ့ပါတယ်” ဟု Khin U Support Organization-KSO အဖွဲ့က ပြောသည်။
အင်းပတ်ကျေးရွာကို ရေဦးမြို့မှ ကားသုံးစီးဖြင့် လာသည့် စစ်ကောင်စီတပ်နှင့် ရွာသစ်ကုန်းကျေးရွာမှ ပျုစောထီး အဖွဲ့ တို့ ပူးပေါင်းကာ ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ပြီး ယင်းအဖွဲ့အား Khin U Support Organization-KSO အဖွဲ့က သွား ရောက် တိုက်ခိုက်ရာ လူအင်အား၊ လက်နက်အင်အား မမျှသဖြင့် ပြန်လည် ဆုတ်ခွာပေးခဲ့ရသည်ဟု ဆိုသည်။
မေလ ၂ ရက် တရက်တည်း ခင်ဦးနယ်ရှိ သရက်ကန်၊ အင်တိုင်းလေး၊ အင်းပတ်၊ မူးသာ စသည့်ကျေးရွာလေးရွာမှ ပြည်သူ လေးထောင်ကျော် ထွက်ပြေးနေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးကလည်း အသိပေး ထုတ်ပြန် ထားပြီး အင်းပတ်ကျေးရွာတခုတည်းမှာတင် လူပေါင်း ၂၀၀၀ ခန့် စားစရာ၊ နေစရာ အခက်အခဲ ဖြစ်နေကြောင်း သိရ သည်။
ယခုအခါ ခင်ဦးမြို့နယ်တွင် စစ်ဘေးရှောင်/ မီးဘေးသင့်ပြည်သူ တသောင်းကျော်ထိ ရှိလာပြီဖြစ်ရာ ဒေသတွင်း အကူ အညီဖြင့် လုံလောက်မှု မရှိတော့သဖြင့် ဝိုင်းဝန်း ကူညီပေးကြရန်အတွက်လည်း မေတ္တာရပ်ခံထားသည်။
ထိုသို့သော အခြေအနေများကြောင့် ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့များအနေဖြင့် ဒေသခံပြည်သူများအား ကယ်ဆယ် ရေးနှင့် ဆေးဝါးကုသရေး အပိုင်းများကိုလည်း လုပ်ဆောင်ပေးနေရကြောင်း သိရသည်။
“သာလွန်အင်အား၊ လက်နက်အင်အားတွေ မမျှတာကြောင့် လက်ရှိမှာ သူတို့ကို ကျနော်တို့ တန်ပြန်ခုခံနိုင်မှု မရှိဘူး ဖြစ်နေတယ်။ အဲဒီတော့ ကျနော်တို့ ဘာလုပ်ရသလဲဆိုတော့ ကယ်ဆယ်ရေးနဲ့ ကုသရေးပိုင်းကိုပဲ ဦးစားပေး နေရ တယ်၊ ကျေးရွာတွေက သက်ကြီးဘိုးဘွား၊ အမျိုးသမီး၊ ကလေးတွေကို ကယ်နိုင်သမျှ ကယ်နေတယ်” ဟု ဗိုလ်ရဲ ခေါင်က ဆက်လက် ပြောသည်။
ရွှေဘိုမြို့နယ်မှ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ ကယ်ဆယ်ရေးနှင့် ဆေးဝါးကုသရေး လုပ်ငန်းများ အနေဖြင့် လက်နက်ကြီး ထိမှန်ထားသည့် အမျိုးသမီး၊ ကလေးသူငယ်အပါအဝင် ဒေသခံ ၆ ဦးကို ခက်ခက်ခဲခဲ ကယ်ဆယ်ပြီး ဆေးဝါးကုသမှုများ လုပ်ဆောင်ပေးထားကြောင်း၊ ဆေးဝါးကုသမှုများကို CDM ဆရာဝန်၊ ကျန်းမာရေး ဝန်ထမ်းများ၏ လမ်းညွှန်ချက်အတိုင်း နေရာ ရွေ့ပြောင်းပြီး ကုသပေးထားကြောင်း သိရသည်။
You may also like these stories:
ခင်ဦးမြို့နယ် သံဘိုရွာမှ အိမ် ၂၀၀ ကျော် မီးရှို့ခံရ
ရေဦး၌ ၉ လအတွင်း သတ်ခံရသည့် အလောင်း ၁၀၀ ကျော် ကောက်ယူ သဂြိုဟ်ပေးခဲ့ရဟုဆို