သတင်း

မန္တလေးတွင် မြစ်ငယ် PDF တပ်ဖွဲ့ဝင် ၅ ဦး ပစ်သတ်ခံရ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် မြစ်ငယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (MN PDF) ၅ ဦးကို မေ ၃ ရက် နေ့လယ် ပိုင်း၌ စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၁၀၈ လမ်းနှင့် ၁၀၉ လမ်းကြား၊ ၅၈ လမ်းပေါ်ရှိ Green House Inn သို့ ၎င်းတို့ ရောက်ရှိနေချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်အားအများအပြားဖြင့် ဝိုင်းဝန်းပိတ်ဆို့ကာ ပစ်ခတ်သတ်ဖြတ် ခဲ့ခြင်း ဖြစ်ကြောင်း မြစ်ငယ် PDF တပ်ဖွဲ့ဝင်တဦးက ပြောသည်။

၎င်းက “မနေ့က ဒဏ်ရာနဲ့ ရဲဘော်တယောက် ဆေးခန်းကနေအပြန် လူနာက မဟန်နိုင်တော့လို့ အဲဒီ Inn မှာ ခဏ ဝင်နားကြတာ။ အဲဒါကို ဒလန်ကနေ သတင်းပေးလိုက်လို့ အခုလို ဖြစ်သွားတာ။ သူတို့က ဝင်စီးတာကို အညံ့မခံဘဲ ပြန်ပြီး ခုခံခဲ့ကြသေးတယ်။ အင်အားမမျှတော့ အားလုံး ကျဆုံးခဲ့ရတာပါ” ဟု ပြောဆိုသည်။

အဆိုပါ မြစ်ငယ် PDF တပ်ဖွဲ့ဝင်များမှာ MN PDF မှ တွဲဖက်ခေါင်းဆောင် ဗိုလ်ကြုံးထန် အပါအဝင် ရဲဘော်ညီညီ၊ ရဲဘော် ဩဘာ၊ ရဲဘော်ဖက်တီး၊ ရဲဘော်မအိတို့ဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း လည်း သိရသည်။

ထိုသို့ အညံ့မခံ ပြန်လည်ခုခံပြီး ကျဆုံးသွားခဲ့သည့် ရဲဘော်များအတွက် မြစ်ငယ် PDF နှင့်အတူ ထပ်တူဝမ်းနည်းရကြောင်း မဟာမိတ်တပ်ဖွဲ့ဖြစ်သည့် Rangers of Mandalay (ROM) ကလည်း ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ROM မှ ဗိုလ်ဖီးနစ်က “ဘာမှမလုပ်ပေးနိုင်တဲ့ အခြေအနေကိုပဲ ဒေါသထွက်တယ်။ ကျနော်တို့ အသုံးမကျလို့ပါ။ ကျနော်တို့ ကြိုးစားနေပါတယ်။ ရတဲ့နည်းနဲ့ ကြိုးစားနေပါတယ်။ ပြည်သူတွေအနေနဲ့ ပြည်သူအချင်းချင်း ကူညီပေးပါ။ တော်လှန်ရေး အသိရှိပါ။ UG တွေ လူမသိသူမသိ ကြိုးစားနေတာ မမေ့ပါနဲ့ဗျာ” ဟု ဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီက Green House Inn သို့ ဒဏ်ရာရလူငယ်များ ရောက်ရှိနေကြောင်း သတင်း အရ စစ်ကောင်စီ လက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရန် တံခါးဖွင့်ခိုင်းစဉ် အခန်းအတွင်းမှ စတင် ပစ်ခတ် သဖြင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ ဘေးအိမ်အမိုးပေါ်သို့ ခုန်ချထွက်ပြေးခြင်းများ ပြုလုပ်ကြသဖြင့် ပစ် ခတ် ဖမ်းဆီးခဲ့ရာ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁ ဦး အသေဖမ်းဆီးရမိခဲ့ပြီး ပစ္စတို ၁ လက်၊ ကျည် ၉ တောင့်၊ အမှတ် ၉၁ တရုတ်လက်ပစ်ဗုံး ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ပြည်ကြီးတံခွန်သပိတ်အင်အားစုမှ ဦးဆောင်ဆရာတော် ဦးအဂ္ဂဝံသက “အခုဆိုရင် စကစက မြေပေါ်မြေအောက် တော်လှန်ရေးသမားတွေကို ရက်ရက်စက်စက် ပြင်းပြင်းထန်ထန်ကို နှိပ်ကွပ်နေ တယ်။ အခုနောက်ပိုင်း ပိုဆိုးလာတာက တော်လှန်ရေးသမားတွေကိုတွေ့ရင် ဥပဒေနဲ့အညီ ဖမ်းတာဆီးတာမျိုး မလုပ်တော့ ဘဲ နေရာမှာတင် အဆုံးစီရင်လာကြတယ်။ တရားလက်လွှတ်တွေ လုပ်လာတဲ့အတွက် အားလုံး အရင်ကထက် ပိုပြီးသတိ ထားပေးကြပါလို့ပဲ ပြောချင်တယ်” ဟု မိန့်ကြား သည်။

ပြီးခဲ့သည့် မတ် ၃၀ ရက်ကလည်း ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့အနီး သရက်ကန်ကျေးရွာ၏အရှေ့ဘက် တောင်ကြောရှိ မြစ်ငယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MN PDF) စခန်း စစ်ကောင်စီတပ်များ၏ ဝင်ရောက်စီးနင်း တိုက်ခိုက်မှုကြောင့် မြစ်ငယ် PDF တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးပြီး ၂၉ ဦး ဖမ်းဆီးခံရကြောင်း၊ စခန်းတခုလုံး ဖျက်ဆီးခံခဲ့ရပြီး ရိက္ခာ၊ လက်နက်အချို့ နှင့် ဆိုင်ကယ်များ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

မြစ်ငယ် PDF သည် စစ်ကောင်စီတပ်များအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ စစ်ကောင်စီ ဒေါက်တိုင်များအား သုတ်သင်ရှင်းလင်း ခြင်းနှင့် မြို့ပေါ်ရှိ စစ်ကောင်စီလက်နက်ကိုင်များ စခန်းချရာ နေရာများကို ဗုံးပစ်တိုက်ခိုက်ခြင်းများ ပြုလုပ်နေသောအဖွဲ့ဖြစ် ပြီး စစ်အာဏာရှင် အမြစ်ပြုတ်သည်အထိ တော်လှန်ရေးလုပ်ငန်းများကို ဆက်လက် လှုပ်ရှားသွားမည် ဖြစ်ကြောင်း ၎င်းတို့ က ကြေညာထားသည်။

“မန္တလေး UG တွေ တစတစနဲ့ပါနေတာ ကုန်သလောက် ဖြစ်နေပြီ။ လူမသိသူမသိ ပါတာတွေရော၊ လူသိထင်ရှား ပါတာတွေရော တော်တော်များနေပါပြီ။ ဒီလို အခြေအနေမျိုးမှာတောင် အနာဂတ်ဆိုတာ ဘာမှန်းမသိတဲ့ ရေပေါ်ဆီတွေ က ပျော်လို့ပါးလို့ ကောင်းတုန်း။ စစ်အာဏာရှင်ကို တော်လှန်တဲ့နေရာမှာ အားလုံး ဝိုင်းဝန်းပေးကြဖို့ လိုပါတယ်။ စည်းလုံး ညီညွတ်မှ ကယ်နိုင်တော့မယ့် အခြေအနေကို ရောက်နေပြီဆိုတာ သိစေချင်ပါတယ်” ဟု ဗိုလ်ဖီးနစ်က ၎င်း၏ လူမှုကွန် ရက်စာမျက်နှာတဆင့် သတင်းစကား ပါးထားသည်။

ဧပြီ ၁၈ ရက်ကလည်း အမရပူရမြို့နယ်အခြေပြု Truth Keeping Force – Amarapura မြို့ပြပြောက်ကျားတပ်ဖွဲ့မှ လူငယ် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ စစ်ဆင်ရေးတခုမှအပြန် ကား ၁ စီး၊ ဆိုင်ကယ် ၂ စီး၊ လက်နက်ခဲယမ်းများဖြင့် ဖမ်း ဆီးခံခဲ့ရကာ ယနေ့အချိန်ထိ ၎င်းတို့၏ နောက်ဆက်တွဲ အခြေအနေအား မသိရသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

You may also like these stories:

ငါန်းဇွန်မြို့သာနယ်က PDF စခန်း စီးနင်းခံရမှု ၂၉ ဦး ဖမ်းဆီးခံရ

မန္တလေးက ပြောက်ကျားတပ်များကို စစ်ကောင်စီလှည့်စားဖမ်းဆီး

Loading