ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနသည် ဝန်ကြီး၏ အကြံပေး မစ္စ ပွန်ပီမို ပေါ်လင်း ကန်ချန်နာလက်ကို မြန်မာနှင့် ဆက်ဆံရေးအတွက် အထူးသံတမန်အဖြစ် ခန့်လိုက်ခြင်းဖြင့် အကျပ်အတည်းမျိုးစုံ ဖြစ်နေသည့် မြန်မာနိုင်ငံအတွက် အထူးသံတမန် ခန့်အပ်ရသည့် အစိုးရများနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများတွင် ပါဝင်လာသည်။
ထိုသို့လုပ်ခြင်းသည် တရုတ်၊ ဂျပန်၊ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) နှင့် ကုလသမဂ္ဂတို့က လုပ်သည့်အတိုင်း လိုက်လံလုပ်ဆောင်ရခြင်း ဖြစ်သည်။ ကုလသမဂ္ဂသည် စင်ကာပူမှ ဝါရင့်သံတမန် မစ္စ နိုလင်းဟေဇာကို မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်ထားရသည်။
ထိုင်းအထူးသံတမန်အား မည်သည့်လုပ်ပိုင်ခွင့်များ ပေးထားသည်ကို ရှင်းလင်းစွာ မသိရသေးပေ။ မစ္စ ပွန်ပီမိုသည် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန် ပရာမွတ်ဝီနိုင်နှင့် နီးစပ်သူဖြစ်ပြီး ယုံကြည်အားထားခံရသူ ဖြစ်သည်။
မစ္စ ပွန်ပီမိုကို ထိုရာထူးတွင် ခန့်ထားခြင်းမှာ သူမသည် မြန်မာနိုင်ငံအကြောင်း ကျယ်ကျယ်ပြန့်ပြန် သိနားလည်သောကြောင့် ဖြစ်ကြောင်း ဒုဝန်ကြီးချုပ်တာဝန်ကိုလည်း ထမ်းဆောင်နေသူ မစ္စတာ ဒွန်က လွန်ခဲ့သောအပတ်တွင် ပြောသည်။
သို့သော် သူမသည် မကြာသေးမီက မြန်မာသို့ သွားရောက်ခဲ့ခြင်း ရှိ၊ မရှိနှင့် မြန်မာ၏ ရှုပ်ထွေးသော နိုင်ငံရေးအခြေအနေ သို့မဟုတ် စစ်အုပ်ချုပ်ရေး၊ မြန်မာတွင်ဖြစ်နေသည့် တိုင်းရင်းသား ပဋိပက္ခအပေါ် မည်မျှအထိ နားလည်သည်ကို ရှင်းလင်းစွာ မသိရသေးပေ။
သူမသည် ယခင်က ဘန်ကောက်ပို့စ် သတင်းစာတွင် လုပ်ကိုင်ပြီးနောက် ဝါရှင်တန်သို့သွားပြီး လော်ဘီသမားအဖြစ် လုပ်ကိုင်သည်။ ထို့နောက် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနတွင် အကြံပေးဖြစ်လာသည်။
မစ္စ ပွန်ပီမိုသည် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အကြံပေးအဖြစ် အဓိကကျသည့် တာဝန်ကို ထမ်းဆောင်နေသော်လည်း အဆင့်မြင့်နိုင်ငံခြားရေး အရာရှိများနှင့် အကန့်အသတ်ဖြင့်သာ တွေ့ဆုံဆွေးနွေးနိုင်ခဲ့ကြောင်း မစ္စတာ ဒွန်က ဘန်ကောက်ပို့စ် သတင်းစာသို့ ပြောသည်။ ယခု ရာထူးသစ်ကြောင့် ထိုအကန့်အသတ်များကို ဖယ်ရှားနိုင်သလို ထိုကဲ့သို့သော ခန့်အပ်မှုများသည် ဥရောပသမဂ္ဂတွင်လည်း မကြာခဏ လုပ်ကိုင်တတ်ကြောင်း သူကဆက်ပြောသည်။
အကျပ်အတည်း ကျရောက်နေသည့် အိမ်နီးချင်း မြန်မာနှင့် ထိုင်းနိုင်ငံတို့သည် နယ်နိမိတ်ခြင်း ကီလိုမီတာ ၂,၀၀၀ ကျော် ထိစပ်နေပြီး ထိုင်းသည် မြန်မာဒုက္ခသည် ရာပေါင်းများစွာကို လက်ခံထားရသည်။ ထို့အပြင် သန်းနှင့်ချီသော မြန်မာ ရွှေ့ပြောင်းလုပ်သားများသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသလို ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ၂၀၂၁ ခုနှစ်က ဖြုတ်ချအာဏာသိမ်းလိုက်သည့် စစ်ကောင်စီ၏ နိုင်ငံရေးအရ ဖိနှိပ်မှုကြောင့် ထွက်ပြေးလာသည့် တက်ကြွလှုပ်ရှားသူများနှင့် အခြားတော်လှန်သူများလည်း ထိုင်းတွင် ရှိနေသည်။
မြန်မာသည် ထိုင်းနယ်စပ်မှ စစ်ဆေးရေးစခန်းများကို ဧပြီလ ၂၃ ရက်နေ့မှ စတင်ပိတ်ထားသည်။ ထိုနေ့က ထိုင်းနိုင်ငံ မဲဆောက်နှင့် မျက်နှာချင်းဆိုင် ကရင်ပြည်နယ်၊ မြဝတီမှ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားဂိတ်တွင် ကားဗုံးတလုံး ပေါက်ကွဲသောကြောင့်ဖြစ်သည်။
ထိုင်းစီးပွားရေးလုပ်ငန်းရှင်များက ထိုလုပ်ရပ်ကို ရှုတ်ချပြီး ၄င်တို့အတွက် တနေ့လျှင် ထိုင်းဘတ်ငွေ ၅ သိန်း (အမေရိကန်ဒေါ်လာ ၁၅,၀၀၀) နစ်နာစေကြောင်းပြောကာ ထိုပြဿနာကို ဖြေရှင်းရန် မြန်မာအာဏာပိုင်များနှင့် ဆွေးနွေးရေးအတွက် ထိုင်းအစိုးရကို တောင်းဆိုကြသည်။
အထူးသံတမန် ခန့်အပ်သည့် မစ္စတာ ဒွန်၏ အမိန့်စာတွင် မြန်မာသည် ထိုင်းနိုင်ငံအတွက် ပထဝီနိုင်ငံရေး၊ စီးပွားရေး၊ လူ့အဖွဲ့အစည်းနှင့် အမျိုးသားလုံခြုံရေးအရ သေနင်္ဂဗျူဟာကျ အရေးပါကြောင်း ဖော်ပြထားသည်။ မစ္စ ပွန်ပီမိုသည် မြန်မာအခြေအနေကို အနီးကပ်စောင့်ကြည့်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒများကို ညီညွတ်မျှတအောင် လုပ်မည်ဟုလည်း သူက ပြောသည်။
မစ္စတာ ဒွန်သည် မြန်မာသို့ နိုဝင်ဘာလတွင် သွားရောက်ခဲ့သော်လည်း ထိုင်းသို့ ပြန်ရောက်သောအခါမှသာ ထိုခရီးစဉ်ကို လူသိရှင်ကြား ထုတ်ပြန်ကြေညာသည်။ လူသားချင်းစာနာမှု အကူအညီများပေးရန် နေပြည်တော်သို့ သွားခဲ့ကြောင်းနှင့် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံးဆွေးနွေးခဲ့ကြောင်း သူကပြောသည်။
သူနေပြည်တော်သို့ သွားရောက်ချိန်သည် တရုတ်နှင့် ဂျပန်မှ အထူးသံတမန်များ မြန်မာသို့ ရောက်ရှိနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
မြန်မာအကျပ်အတည်းသည် နိုင်ငံအများအပြားကို စိုးရိမ်ပူပန်မှုများ ဖြစ်စေကြောင်း ထိုစဉ်က သူပြောကြားပြီး “ထိုင်းပုဂ္ဂလိက ကဏ္ဍသည် အိမ်နီးချင်းမြန်မာမှ အခြေအနေအတွက် စိုးရိမ်နေပြီး မရှိမဖြစ် လိုအပ်သော ပစ္စည်းများကို ယူဆောင်ကာ မြန်မာသို့ ပေးပို့ခဲ့သည်” ဟု နေးရှင်းသတင်းစာသို့ ပြောသည်။
သံတမန်သတင်းရင်းမြစ်များ၏ အဆိုအရ နေပြည်တော်သို့ သွားရောက်သည့် သူ၏ ကိုယ်စားလှယ်အဖွဲ့တွင် ဒုတိယဝန်ကြီးချုပ်၏ အဆင်မြင့်အကြံပေးတဦး၊ သူ၏ အမှုဆောင်အရာရှိချုပ်နှင့် သူ၏ရုံးမှ အတိုင်ပင်ခံတဦး အပါအဝင် အဖွဲ့ဝင် ၅ ဦးပါကြောင်း သိရသည်။
ထိုင်းစစ်တပ်မှ ထိပ်တန်းတပ်မှူးများသည် မြန်မာစစ်အုပ်စုနှင့် နီးကပ်သောဆက်ဆံရေး ရှိပြီး မြန်မာ စစ်အာဏာသိမ်းခေါင်းဆောင်သည် ထိုင်းသို့ ၁၁ ကြိမ် သွားရောက်လည်ပတ်ခဲ့ဖူးသည်။
အောက်တိုဘာလအတွင်းက ထိုင်းပညာရှင်များသည် ချင်းမိုင်တက္ကသိုလ်၊ ပြည်သူ့ရေးရာ မူဝါဒကျောင်းတွင် ထိုင်းနိုင်ငံခြားရေး မူဝါဒအကြောင်း ဆွေးနွေးပွဲတခု ကျင်းပသည်။ ထိုင်းနိုင်ငံသည် မြန်မာနှင့် ရှေ့တန်းမှ ထိတွေ့ရသော နိုင်ငံဖြစ်သောကြောင့် မြန်မာနှင့်ဆက်ဆံရေးကို ဦးဆောင်ဦးရွက်ပြုပြီး ASEAN က ဦးဆောင်ဦးရွက်ပြုသည်ကို မခံသင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိဟောင်းများနှင့် ပညာရှင်များက ထိုဆွေးနွေးပွဲတွင် ပြောသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဟောင်း ဆီဟာဆက် ဖေါင်ကက်ကိုးက “ကျနော်တို့မှာ စစ်တပ်နဲ့ရော အတိုက်အခံနဲ့ပါ လမ်းကြောင်းတွေ ရှိတယ်။ ဒီလမ်းကြောင်းတွေကို ဘာကြောင့် မသုံးဘဲ ထားရမှာလဲ။ မြန်မာစစ်တပ်က အာဏာကို ချုပ်ကိုင်ထားချင်တော့ လွယ်တော့လွယ်မှာ မဟုတ်ဘူး။ ဒါပေမယ့် သူတို့လက်ခံလာအောင် ပြောဆိုဖိအားပေးရမယ်” ဟု ပြောသည်။
အာဏာသိမ်းပြီးနောက် ASEAN အသင်းဝင်များသည် မြန်မာအကျပ်အတည်းအပေါ် အမျိုးမျိုးသော ထင်မြင်ချက်များပေးကြသည်။ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူနှင့် ဖိလစ်ပိုင်တို့က စစ်ကောင်စီကို ဖိအားပေးလိုကြပြီး ထိုင်း၊ ကမ္ဘောဒီးယားနှင့် လာအိုတို့က ထိုသိုလုပ်ရန် စိတ်အားထက်သန်ခြင်း မရှိပေ။
မည်သို့ဆိုစေကာမူ ထိုင်းသည် မြန်မာ၏အဓိက အိမ်နီးချင်းဖြစ်ပြီး မစ္စ ပွန်ပီမိုကို ခန့်အပ်လိုက်ခြင်းကြောင့် ထိုင်းသည် ရှုပ်ထွေးလှသော မြန်မာပြဿနာတွင် စိတ်တူကိုယ်တူနိုင်ငံများနှင့် ပူးပေါင်းမည့်သဘော အချက်ပြလိုက်ခြင်းဖြစ်သည်။
ထိုင်းသည် နယ်စပ်မှ မြန်မာဒုက္ခသည်များသို့ အမေရိကန်ပြည်ထောင်စုနှင့် အခြားအနောက်နိုင်ငံများမှ ပေးအပ်သည့် လူသားချင်းစာနာမှု အကူအညီများ ဖြန့်ချိရေးတွင်လည်း အဓိကကျသည့်အခန်းမှ ပါဝင်မည်ဖြစ်သည်။ နယ်စပ်တလျှောက်တွင် အကြမ်းဖက်မှုများ အရှိန်ဆက်လက် မြင့်မားနေပြီး မြန်မာနိုင်ငံသည် ဖရိုဖရဲမတည်မငြိမ် အခြေအနေသို့ ဆက်လက် ကျဆင်းနေသောကြောင့် လူသားချင်းစာနာမှု အကူအညီများ ပေးပို့ရန် လိုအပ်နေသည်။
မစ္စတာ ဒွန်၏ စကားအရဆိုပါက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ မြန်မာဆိုင်ရာမူဝါဒကို လမ်းညွှန်ရန် မစ္စ ပွန်ပီမိုကို တာဝန်ပေးလိုက်ခြင်းဖြစ်သည်။
You may also like these stories:
မြန်မာကို ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ထိုင်းက နယ်စပ်ဖြတ်ကျော်ခွင့်ပေးပါ
စစ်အာဏာသိမ်းပြီးနောက် ထိုင်းရောက် မြန်မာလုပ်သားများ အခွင့်အရေးချိုးဖောက်ခံရမှု ပိုဆိုးလာဟုဆို
လူသားချင်းစာနာမှု အကူအညီများ စစ်ကောင်စီသို့ မပေးရန် NUG နှင့် မဟာမိတ်များ ကန့်ကွက်
တိုက်ပွဲကြောင့် ထိုင်း-မြန်မာ နယ်စပ် ထီးခီးကုန်သွယ်ရေးဂိတ် ယာယီပိတ်လိုက်ရ