သတင်း

PDF စိုးမိုးနယ်မြေများ အတွက် “ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေ” CRPH ပြဌာန်း

လူထုခုခံတော်လှန်စစ် ဆင်နွှဲနေစဉ်အတွင်း နယ်မြေစိုးမိုး ထိန်းချုပ်ရာဒေသများတွင် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများဆောင်ရွက်ရန် ကြားကာလ ရဲလုပ်ငန်းစဉ်အတွက် “ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေ” အား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) က ပြဌာန်း လိုက်သည်။
 
အဆိုပါဥပဒေအရ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအောက်တွင် ပြည်သူ့ရဲတပ်ဖွဲ့ အား မကြာမီဖွဲ့စည်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
 
NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်က “ရဲတပ်ဖွဲ့ကို ဖွဲ့စည်းပြီးပြီဆိုရင် တိုင်ကြားစာကဏ္ဍကနေတဆင့် တ ရားစွဲဆို ဆောင်ရွက်သွားနိုင်မယ့်အဆင့်ကို တိုးမြှင့်ဆောင်ရွက်နေပါပြီ။ ကျူးလွန်နေဆဲဖြစ်ပြီးတော့ ကျနော်တို့ဆီ တိုင်ကြားမှုမရှိသေးပေ မယ့် အမှန်တကယ်ကျူးလွန်ခံရတဲ့ ပြည်သူလူထုဆီကို ရဲတပ်ဖွဲ့ကနေ အိမ်တိုင်ရာရောက်သွားရောက်ပြီးတော့ အမှုဖွင့် တိုင်ကြားနိုင်ဖို့ လုပ်ငန်းစဉ်တွေကိုလည်း ချမှတ်ထား ပြီးပြီဖြစ်ပါတယ်” ဟု ပြောထားသည်။
 
လတ်တလောတွင် ပြည်ထဲရေးဝန်ကြီးဌာနရှိ တိုင်ကြားစာဌာနသို့ စစ်ကောင်စီ၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် အသက်အိုးအိမ်ဆုံးရှုံးမှုနှင့် ပတ်သက်ပြီး ပြည်သူများကိုယ်တိုင်တိုင်ကြားထားသည့် တိုင်ကြားစာ ၄၀၀ ကျော်လက်ခံရရှိထားကြောင်းလည်း သိရသည်။
 
ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေအား အဓမ္မအာဏာသိမ်းယူခဲ့သော စစ်အာဏာရှင်တစုအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရန်၊ အာ ဏာသိမ်းထားစဉ်ကာလအတွင်း စစ်ကောင်စီနှင့် ၎င်းတို့လက်အောက်ခံ ဝန်ထမ်းများမှ ပြည်သူများအပေါ် ကျူးလွန်မှုများအား ဖော်ထုတ် အရေးယူရန်နှင့် နိုင်ငံပိုင်မြေပေါ်မြေအောက် သယံဇာတများအား အလွဲသုံးစားပြုမှုများအား အရေးယူရန်ရည်ရွယ်ကာ ပြဌာန်းခြင်းဖြစ် ကြောင်း CRPH ကကြေညာထားသည်။
 
ယင်းအပြင် ပြည်သူများအကြား ဒုစရိုက်မှုနှင့် တရားမဲ့ပြုကျင့်မှုများအား ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအပြင် လူထုနှင့်ပူးပေါင်း၍ တား ဆီးရန်နှင့် တိုင်းရင်းသားပြည်သူအားလုံး ယုံကြည်လက်ခံသည့် ရဲတပ်ဖွဲ့အဖြစ် စတင်အခြေပြုပုံဖော်၍ ဥပဒေနှင့်အညီ ဝန်ဆောင်မှုပေး သည့် ပြည်သူလေးစားသော ရဲတပ်ဖွဲ့ပေါ်ပေါက်လာစေရန်တို့ရည်ရွယ်ကာ ပြဌာန်းခြင်းဖြစ်ကြောင်း CRPH ကဆိုထားသည်။
 
NUG အနေဖြင့် နယ်မြေစိုးမိုးထိန်းချုပ်ရေးနှင့် ကြားကာလအုပ်ချုပ်ရေးစနစ်အား စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် အဓိကထား ဆောင်ရွက်လျှက်ရှိပြီး ရဲတပ်ဖွဲ့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ)၊ တရားရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ တရားဥပဒေစိုး မိုးရေးလုပ် ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
 
လတ်တလောတွင် စစ်ကိုင်းအတွင်းမှ အင်းတော်၊ ကျွန်းလှ၊ ဝန်းသို၊ ကသာ၊ ထီးချိုင့်၊ ကန့်ဘလူ၊ ဗန်းမောက်၊ ပင်လည်ဘူး၊ ကောလင်းမြို့ နယ်တို့တွင် ပြည်သူ့အုပ်ချုပ်ရေးစနစ်စတင်ခဲ့ပြီး နောက်ထပ် ၁၉ မြို့နယ်အား တိုးချဲ့ဆောင်ရွက်လျှက်ရှိနေကြောင်းနှင့် မကွေးတိုင်းအ တွင်းမှာလည်း ၆ မြို့နယ်တွင် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးစနစ်ဆောင်ရွက်နေပြီဖြစ်ကြောင်း NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာနက ဆိုထားသည်။
 
NUG တရားရေးကဏ္ဍအနေဖြင့်လည်း လက်ရှိ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်နေသည့် မြို့နယ်များတွင် တရားသူကြီးအဖွဲ့ များ ဖွဲ့စည်းထားကြောင်းနှင့် ဧပြီ ၃၀ ရက်နေ့ကလည်း NUG တရားရေးဝန်ကြီးဌာနနှင့် မြို့နယ် ၁၇ မြို့နယ်မှ တရားသူကြီးများ အွန်လိုင်း ကတဆင့်တွေ့ဆုံကာ တရားစီရင်ရေးကိစ္စ အကောင်းအထည်ဖော်မည့်အခြေအနေများ ဆွေးနွေးခဲ့ကြသည်။
 
ပြည်သူ့ရဲတပ်ဖွဲ့အား ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် ရဲတပ်ဖွဲ့ဝင်များ၊ စစ်တပ်အာဏာမသိမ်းမီ အကြောင်းအမျိုးမျိုးကြောင့် ရဲတပ်ဖွဲ့မှ နှုတ်ထွက်ထားသူ၊ ပင်စင်ယူထားသူ၊ ထုတ်ပယ်ခံထားရသူများ (အကျင့်စာရိတ္တဖောက် ဖျက်မှုကြောင့် အရေးယူ ခံရသူများမပါ)၊ တာဝန်ထမ်းဆောင်လိုသည့် ပြည်သူ့လုံခြုံရေးအဖွဲ့နှင့် ရပ်ရွာအတွင်း အကျင့်စာရိတ္တ ကောင်းမွန်သည့် ပြည်ထောင်စုသား များဖြင့်ဖွဲ့စည်းရမည်ဟု ဥပဒေအရဆိုထားသည်။
 
ပြည်သူ့ရဲတပ်ဖွဲ့ဖွဲ့စည်းရာတွင် အဓိက အင်အားစုဖြစ်လာမည့် CDM ရဲတပ်ဖွဲ့ဝင်အရေအတွက်အားဖြင့် ပြီးခဲ့သည့် ဧပြီ ၂၅ ရက်နေ့အထိ စာရင်းများအရ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသည့် CDM ရဲတပ်ဖွဲ့ဝင် ၂၉၃၇ ဦးရှိပြီး CDM ဝင်ထားခြင်းမရှိသေး သော်လည်း လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီနေသည့် Pre-CDM ရဲတပ်ဖွဲ့ဝင် ရာနှင့်ချီရှိနေကြောင်းလည်း NUG ကထုတ် ပြန်ထားသည်။
 
လက်ရှိ NUG နှင့် ချိတ်ဆက်ဆောင်ရွက်နေသည့် CDM ရဲတပ်ဖွဲ့ဝင်များတွင်လည်း ရဲမှူးအဆင့် ၂ ဦး၊ ဒုရဲမှူးအဆင့် ၁၂ ဦး၊ ရဲအုပ်အဆင့် ၄၄ ဦးနှင့် ဒုရဲအုပ်အဆင့် ၈၂ ဦးတို့ ပါဝင်ကြောင်းလည်း သိရသည်။
 
အခြားသော CDM ရဲတပ်ဖွဲ့ ဝင်များအား အကူအညီပေးရေးအဖွဲ့များ၏ အဆိုအရ စစ်တပ်အာဏာသိမ်းပြီးနောက် CDM ပြုလုပ်သူရဲတပ် ဖွဲ့ဝင် ၆၀၀၀ ကျော်ရှိကြောင်းသိရပြီး NUG အစိုးရနှင့်ချိတ်ဆက်ပူးပေါင်းမှုမရှိသေးသည့် CDM ရဲတပ်ဖွဲ့များအနေဖြင့် အမြန်ဆုံးဆက် သွယ်ပူးပေါင်းကြရန်လည်း NUG တာဝန်ရှိသူများက တိုက်တွန်းထားသည်။
 
လက်ရှိအာဏာသိမ်းစစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင်ဆဲ ရဲတပ်ဖွဲ့ဝင်များနှင့်ပတ်သက်၍လည်း “ပြည်သူ့ရင်ခွင်သို့ မခိုလှုံဘဲ အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ကိုင်နေသေးလျှင်၊ ပြည်သူအပေါ် အကြမ်းဖက်ရာ သက်ရောက်နေသည်ဟု မှတ်ယူထားပြီး အ ကြမ်းဖက်သမားမှန်သမျှကို ဘယ်ချိန်ဘယ်ကာလဖြစ်ဖြစ် တစ်ဦးတစ်ယောက်မျှ လွတ်မြောက်မှုမရှိစေဘဲ၊ တရားဥပဒေနှင့်အညီ အပြစ် ပေးအရေး ယူခံရမည်ဖြစ်ကြောင်း လေးလေးနက်နက် သတိပေးလိုက်သည်” ဟုလည်း NUG ကဆိုထားသည်။
 
လက်ရှိတွင် စစ်တပ်အာဏာသိမ်းပြီးနောက် NUG နှင့်ချိတ်ဆက်ကာ CDM ရဲတပ်ဖွဲ့ဝင်များဖြင့် ရဲလုပ်ငန်းစဉ်များဆောင်ရွက်အမှုအနေ ဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကတည်းက ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့နှင့် ယောဒေသ ဂန်ဂေါခရိုင် CDM ပြည်သူ့ရဲတပ်ဖွဲ့(ယာယီ)တို့ ဖွဲ့စည်းဆောင် ရွက်နေသည့်အပြင် သီးခြားအနေဖြင့်လည်း ကယားပြည်နယ် (ကရင်နီပြည်) ရဲဌာန (KSP) အား ဖွဲ့စည်းကာ ဖမ်းဆီးသည့် သုံ့ပန်းများအား ချုပ်နှောင်ထိန်းသိမ်း ခြင်း၊ မူးယစ်ဆေးဝါးမှုနှင့်အခြားသောအမှုများအား ဖြေရှင်းခြင်းများ ဆောင်ရွက်လျှက်ရှိသည်။
 
လက်ရှိပြဌာန်းလိုက်သည့် “ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေ”တွင် တပ်ဖွဲ့ဝင်များအနေဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေနှင့်အထူးဥပဒေပါ လုပ်ပိုင်ခွင့် များနှင့်အညီဆောင်ရွက်ရန်၊ ပြည်ထောင်စုနှင့် ပြည်ထောင်စုသားများအပေါ် သစ္စာ‌စောင့်သိရန်၊ တည်ဆဲဥပဒေ၊ ဖယ်ဒရယ်ပဋိညာဉ်တို့ နှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ လူ့အခွင့်အရေးစံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန်၊ အစိုးရနှင့်ဝန်ကြီးဌာနနှင့် အမိန့်နှင့်ညွှန်ကြား ချက်များအား တိကျစွာလိုက်နာဆောင်ရွက်ရန်နှင့် တိုင်းရင်းသားတို့၏ ဓလေ့ထုံးစံများအား လေးစားလိုက်နာရန် တာဝန်ရှိကြောင်း ပြဌာန်းထားသည်။
 
ယင်းအပြင် လူမျိုး၊ ဘာသာ၊ ကျား/မ ခွဲခြားဆက်ဆံခြင်း၊ ဖမ်းဆီရမိသည့် စစ်သုံးပန့်များနှင့်ရာဇဝတ်သားများအား နှိပ်စက်ညှင်းပမ်းခြင်း၊ တာဝန်ထမ်းဆောင်ရာတွင် အဂတိလိုက်စားခြင်း၊ ပြည်သူလူထု၏ ပစ္စည်းဥစ္စာအား လုယူဖျက်ဆီးခြင်းများ မပြုလုပ်ရန်လည်း တားမြစ် ထားသည်။

Loading