ရခိုင်ပြည်နယ်အတွင်း ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင် စသည့် မြို့နယ်များရှိ စစ်ရှောင်စခန်းများ၌ ခိုလှုံနေ ကြသော စစ်ဘေးရှောင်ပြည်သူများ ထောက်ပံ့မှုရိက္ခာ မရတော့သည့်အတွက် စားသောက်နေထိုင်ရေး အခက်ကြုံနေ ရကြောင်း သိရသည်။
အဆိုပါ စစ်ရှောင်စခန်းများကို လစဉ်ပုံမှန် ထောက်ပံ့မှုပေးနေသည့် စစ်ကောင်စီ၏ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြီးခဲ့သော ဖေဖော်ဝါရီလကတည်းက ထောက်ပံ့မှု မရှိတော့သဖြင့် လက်ရှိတွင် အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေရကြောင်း စစ်ဘေးရှောင်ပြည်သူများက ပြောသည်။
ကျောက်တော်မြို့ ကဝီရတနာစစ်ရှောင်စခန်းမှ တင်းမရွာသူ ဒေါ်ဝင်းမေဦးက “ထောက်ပံ့တဲ့အချိန်တုန်းကတောင် မိသားစု စားသောက်ဖို့ အဆင်မပြေလို့ ရှိတဲ့ပစ္စည်းတွေကို ချရောင်း၊ ချေးငှားပြီး စားလာရတာ။ အခု လူကယ်/ပြန်က ထောက် ပံ့ပေးတဲ့ ရိက္ခာဆန်မရတာ ဒီလဆိုရင် ၄ လ ရှိပြီဆိုတော့ ကြုံရာကျပန်းအလုပ် ရှာကြရတယ်။ လမ်းလုပ်တဲ့လူက လုပ်။ ကျောက်/သဲ အငှားသယ်တဲ့သူတွေက သယ်။ ရတဲ့အလုပ်ကို လုပ်ရတာပဲ” ဟု ဧရာဝတီသို့ ပြောသည်။
ကျောက်တော်မြို့ပေါ်တွင် နေပူခံစစ်ရှောင်စခန်း၊ ကဝီရတာစစ်ရှောင်စခန်း၊ သာသနာ့ဗိမာန်စစ်ရှောင်စခန်း၊ ရထားဘူတာ စစ်ရှောင်စခန်း စသည်ဖြင့် စစ်ရှောင်စခန်း ၉ ခုရှိပြီး လူဦးရေ ၁၀၀၀၀ ကျော်မှာ နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။
အဆိုပါ ကျောက်တော်မြို့ပေါ်တွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များသည် ကျောက်တော်မြို့ နယ်နှင့် ပလက်ဝမြို့နယ်ကြား ကုလားတန်မြစ်ကမ်းဘေးတွင် တည်ရှိသည့် ကျေးရွာများမှဖြစ်ပြီး ဒေသခံအနည်းစုသာ နေရပ်ပြန်သွားကြသော်လည်း အများစုမှာ နေရပ်မပြန်နိုင်သေးပေ။
အလားတူ အိမ်ထောင်စု ၅၀၀ ကျော် ဝင်ရောက်ခိုလှုံနေသည့် မြောက်ဦးမြို့ပေါ် မြို့ဦးဂေါင်းစစ်ရှောင်စခန်းတွင်လည်း ရိက္ခာဆန်ထောက်ပံ့မှု မရှိသည့်အတွက် စားသောက်ရေး အခက်ကြုံတွေ့နေရကြောင်း ယင်း စစ်ရှောင်စခန်းမှ ဒေါ်တင်တင်ရီက ပြောသည်။
၎င်းက “ကျမတို့ ဒုက္ခတွေကလည်း အများကြီးပါပဲ။ ဒီမှာလည်း ရိက္ခာ မရတော့ဘူး။ ရွာပြန်ဖို့ကလည်း ရွာအနီးကတောင်နဲ့ ဘုန်းကြီးကျောင်းထဲမှာ စစ်သားတွေက အခုထိ ရှိသေးတယ်။ သူတို့ (စစ်သား) ရှိနေရင် ရွာပြန်ရင်လည်း ကျမတို့ ရွာ သားတွေ ရွာမှာ ညမအိပ်ရဲကြဘူး။ စိတ်ချလက်ချ ကိုယ့်အလုပ်ကို လုပ်ကိုင်စားသောက်ဖို့ကလည်း သူတို့ ရှိနေတော့ အရင်လို ဒုက္ခမပေးဘူးလို့ မပြောနိုင်ဘူး” ဟု ဆိုသည်။
အဆိုပါ မြို့ဦးဂေါင်းစစ်ရှောင်စခန်းတွင် ကျောက်တော်၊ မြောက်ဦး၊ ပလက်ဝ စသည့် မြို့ နယ်များမှ ဝင်ရောက်ခိုလှုံနေသူ လူဦးရေ ၁၀၀၀ ကျော် ရှိကြောင်း၊ ရသေ့တောင်မြို့ပေါ်တွင်လည်း လက်ရှိအချိန်အထိ စစ်ရှောင်ဦးရေ ၁၀၀၀၀ ကျော် ရှိနေသေးကြောင်း သိရသည်။
ရသေ့တောင်မြို့ စေတီတောင်စစ်ရှောင်စခန်းမှ ကျောက်တန်းကျေးရွာသူ မမိုးသန်းကလည်း “ထောက်ပံ့မှု မရတော့ လူတွေက အငတ်မှ မနေနိုင်တာ။ မိသားစုမှာ အလုပ်လုပ်နိုင်တဲ့လူတွေ ထွက်လုပ်ကြတယ်။ ရသေ့တောင်မြို့ထဲမှာ အလုပ် သွားရှာတာပေါ့။ ကြုံရာကျပန်းလုပ်ကြရတာပဲ” ဟု ပြောသည်။
စစ်ကောင်စီ လက်အောက်ခံ လူကယ်/ပြန်ဌာန အနေဖြင့် စစ်ရှောင် ၁ ဦးလျှင် တနေ့အတွက် နို့ဆီဘူး ဆန် ၂ ဘူး နှုန်းဖြင့် ထောက်ပံ့ပေးခဲ့သော်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက ထောက်ပံ့မှု မရှိတော့ကြောင်း၊ စစ်ရှောင်စခန်း တာဝန်ခံများက ဆက်သွယ်မေးမြန်းရာတွင် ဘတ်ဂျက်အခက်အခဲကြောင့် ထောက်ပံ့မှု မလုပ်နိုင်သေးဟု အကြောင်း ပြန်ကြောင်း စစ်ရှောင်စခန်း တာဝန်ခံများက ပြောသည်။
အာဏာသိမ်း စစ်ကောင်စီက ရခိုုင်ပြည်နယ်အတွင်းရှိ စစ်ရှောင်စခန်းတချို့မှ ကျေးရွာသားများကို မူလနေရပ်သို့ ပြန်ပို့ပေး နေသော်လည်း တချို့ကျေးရွာသားမှာ နေထိုင်စရာအိမ် မရှိတော့ခြင်း၊ ကျေးရွာအနီးတွင် စစ်တပ်က တပ်စွဲနေထိုင်ခြင်း၊ မိုင်းအန္တရာယ်များ ရှိနေခြင်းတို့ကြောင်း နေရပ်မပြန်ရဲကြကြောင်း သိရသည်။
ထို့ပြင် ကျောက်တော်မြို့နယ်အတွင်း ကုလားတန်မြစ်ကမ်းဘေးတွင် တည်ရှိသော အိမ်ခြေ ၇၀၀ ကျော် ရှိသည့် တင်းမကျေးရွာသားများမှာ နေရပ်ပြန်ရန် စစ်ကောင်စီထံ ၇ ကြိမ်တိုင် တင်ပြတောင်းဆိုသော်လည်း စစ်ကောင်စီက ခွင့်မပြု သည့်အတွက် စစ်ရှောင်စခန်းများတွင် အခက်အခဲမျိုးစုံဖြင့် နေထိုင်နေရကြောင်းလည်း သိရသည်။
စစ်ဘေးရှောင်များအား ကူညီပေးနေသည့် ကိုအမ်းသားကြီးက “အာဏာပိုင်တွေအနေနဲ့ တင်းမကျေးရွာ အပါအဝင် နေရပ် ပြန်ချင်တဲ့ ရွာသားတွေကို အခုအချိန်မှာ ထောက်ပံ့မှုလည်း မလုပ်နိုင်တော့ဘူး။ တိုက်ပွဲလည်း မရှိတော့ဘူးဆိုတော့ သူတို့ ကို နေရပ်ပြန်ဖို့ ခွင့်ပြုသင့်တယ်။ စစ်ဘေးဒဏ်ခံကြရတဲ့ ရွာသူရွာသားတွေကိုလည်း သက်ဆိုင်ရာပုဂ္ဂိုလ်အနေနဲ့ ဘေးကင်း လုံခြုံစွာ နေရပ်ပြန်ပို့ပေးဖို့ ကျနော်အနေနဲ့ တိုက်တွန်းချင်ပါတယ်” ဟု ပြောသည်။
အဆိုပါ မြို့နယ်များရှိ စစ်ရှောင်စခန်းများသည် ပြီးခဲ့သည့် ဧပြီ ၂၀ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေဆောင်များ ပြိုပျက်သွားသည့်အတွက် စားသောက်ရေး အခက်အခဲဖြစ်နေသလို နေထိုင်ရေးအတွက်ပါ အခက်ကြုံနေရကြောင်း စစ် ဘေးရှောင်ပြည်သူများက ဆိုသည်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA-Myanmar) ကလည်း လက်ရှိ ရခိုင်ပြည်နယ်အတွင်းရှိ ယာယီစစ်ရှောင်စခန်းများတွင် နေရပ်စွန့်ခွာသူဦးရေ ၂၈၀၀၀ ကျော် နေထိုင်လျက်ရှိနေသော တန်းလျားရှည် အဆောင် ၅၅၀ ကျော်မှာ မိုးရာသီမတိုင်ခင် အရေးပေါ်ပြုပြင်ရန် လိုအပ်လျက်ရှိပြီး အဆိုပါ တန်းလျားရှည် ပြန်လည်ပြုပြင်ရန် အမေရိ ကန်ဒေါ်လာ ၄ ဒသမ ၇ သန်း အရေးပေါ်လိုအပ်မည် ဖြစ်ကြောင်း ဧပြီ ၂၁ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်အတွင်း စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ၂၀၁၈ နှစ်ဆန်းပိုင်းမှ ၂၀၂၀ ထိ တိုက်ပွဲများ ပြင်းပြင်းထန် ထန် ဖြစ်ပွားခဲ့သောကြောင့် စစ်ရှောင်ဦးရေ ၂ သိန်းနီးပါးထိ မြင့်တက်ခဲ့ရာ လက်ရှိအခြေအနေတွင် တိုက်ပွဲများရပ်တန့် သွားသည့်အတွက် တချို့ကျေးရွာသားများ နေရပ်ပြန်ကြသော်လည်း စစ်ရှောင် ၅၀၀၀၀ ကျော်မှာ နေရပ်မပြန်နိုင်သေး ကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသည့် အဖွဲ့အစည်းများထံမှ သိရသည်။