အာဆီယံကို NUG နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးရန် အဆိုပြုသွားမည်ဆိုသည့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ၏ ပြောဆိုချက်သည် အပြုသဘောဆောင်သည့် တိုးတက်မှုအဖြစ် ကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇောက ပြောသည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့သည့်သီတင်းပတ်အတွင်း NUG နိုင်ငံခြားရေးဝန်ကြီး၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံခဲ့ပြီး မေ ၅ ရက်တွင် စတင်ကျင်းပမည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံကို NUG နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးရန် အဆိုပြုသွားမည် ဖြစ်ကြောင်း သတင်းမီဒီယာများသို့ ပြောဆိုခဲ့သည်။
အဆိုပါ ပြောဆိုချက်အပေါ် အာဏာသိမ်းစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက အပြင်းအထန်ကန့်ကွက်ကြောင်း မေ ၂ ရက်တွင် ကြေညာခဲ့သော်လည်း NUG ဘက်ကမူ ကြိုဆိုကြောင်း ပြောလာခြင်း ဖြစ်သည်။
“အဲဒါက ဘာပြသလဲဆိုရင် စစ်ကောင်စီကို ဘယ်လောက် စိတ်ပျက်နေသလဲဆိုတာ ပြတာပေါ့။ စကစ အနေနဲ့က အာဆီယံရဲ့ ပစ်ပယ်တာ ခံရတယ်။ အဲဒီအချိန်မှာ ဒီလိုမျိုးပြောတယ်ဆိုတာက သူ့အတွက် အရှုံးကြီးတခုပေါ့။ ကျနော်တို့ မြန်မာပြည်သူတွေအတွက်တော့ တိုးတက်မှုတခုရတယ်လို့ မြင်ပါတယ်” ဟု ဦးကျော်ဇောက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့၏ခေါင်းဆောင် သဘောတူခဲ့သည့် အာဆီယံ ဘုံသဘောတူညီချက်များကို လက်တွေ့ အကောင်အထည်ဖော်မှု မရှိသည့်အပြင် အကြမ်းဖက်သတ်ဖြတ်မှုများကိုသာ ဆက်လက် လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။
အာဆီယံ အဖွဲ့ဝင်နိုင်ငံများသည် မြန်မာနိုင်ငံအား ဒီမိုကရေစီ ပြန်လည်ရရှိရန်နှင့် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်လိုကြသော်လည်း အာဏာသိမ်းစစ်ကောင်စီ၏ နှောင့်ယှက်မှုကြောင့် အကူအညီများ ထိထိရောက်ရောက် မပေးနိုင်ဘဲ ဖြစ်နေကြောင်း ဦးကျော်ဇောက ရှင်းပြသည်။
NUG သည်လည်း တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ပူးတွဲကော်မတီများဖွဲ့စည်းပြီး စစ်ရှောင်များအား အကူအညီပေးနိုင်ရေး လုပ်ဆောင်နေသဖြင့် အာဆီယံနိုင်ငံများ အနေဖြင့် NUG ကို ဆက်သွယ်ကာ ဆွေးနွေးစကားပြောရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက “ကျနော်တို့ အစိုးရအဖွဲ့အနေနဲ့ကတော့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ ဘယ်သူနဲ့မဆို အာဆီယံက တိုင်းပြည်တွေနဲ့ လက်တွဲလုပ်ဖို့အတွက် အမြဲတမ်း လမ်းဖွင့်ထားတယ်။ တရားဝင်ပြောကြားဖို့ တောင်းဆို ချင်ပါတယ်။ တရားဝင်ပြောကြားဖို့အချိန် ရောက်ပြီဆိုတာလည်း ပြောဆိုချင်ပါတယ်။ ဒါမှလည်း မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ အခက်အခဲတွေက အမြန်ဆုံးဖြေရှင်းလို့ရမှာပါ” ဟု ပြောသည်။
လတ်တလောတွင် NUG အနေဖြင့် မလေးရှားနိုင်ငံ အပါအဝင် အခြားသော အာဆီယံနိုင်ငံများနှင့် အလွတ်သဘော ဆွေးနွေးမှုအချို့ ရှိသော်လည်း တဖက်နိုင်ငံ၏ သဘောထားအရ သတင်းထုတ်ပြန်မှု မလုပ်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် မေ ၃ ရက်ကလည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဒေါက်တာ နိုလင်းဟေဇာနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်တို့ အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
CRPH သည် စစ်အာဏာသိမ်းမှုအား ဆန့်ကျင်သည့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမတ်အများစုနှင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်း ဖြစ်သည်။
ယင်းတွေ့ဆုံပွဲတွင် စစ်ဘေးရှောင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှု အပါအဝင် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများပေးနိုင်ရေး၊ အရပ်သားအစိုးရအုပ်ချုပ်မှုထံ ပြန်လည်ရောက်ရှိရေး အားလုံးပါဝင်သော အဖြေ ရှာဖွေရေး၊ အကြမ်းဖက်မှုများရပ်တန့်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာအသိုက်အဝန်းက ကူညီဆောင်ရွက်ပေးသင့်သည့် ကိစ္စရပ်များဆွေးနွေးခဲ့ကြောင်း CRPH ၏ ထုတ်ပြန်ချက် အရ သိရသည်။
You may also like these stories:
အထူးသံတမန် ခန့်ခြင်းဖြင့် မြန်မာအကျပ်အတည်း ထိုင်းကိုင်တွယ်မည်
ဒေါ်အောင်ဆန်းစုကြည်အား အာဆီယံ အထူးကိုယ်စားလှယ် တွေ့ခွင့်မရနိုင် ဟု NLD ဆို
စစ်ကောင်စီနှင့် ညှိနှိုင်းဆောင်ရွက်မှုများ ပါတီကိုယ်စားမပြုဟု NLD ဗဟိုအလုပ်ကော်မတီကြေညာ
ရွေးကောက်ပွဲများကို စိတ်ဝင်စားခြင်းဖြင့် တရုတ်နှင့် အိန္ဒိယက စစ်ကောင်စီကို ထောက်ခံနေ