အာဏာသိမ်းစစ်ကောင်စီက ဖိအားပေးပြီး ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း ၂ ပတ်ကျော်ကြာသည်အထိ ကြည့်ရှုသူနည်းသဖြင့် ရုပ်ရှင်လုပ်ငန်းလုပ်ကိုင်သူများ စိတ်ပျက်နေကြသလို ရုပ်ရှင်ရုံအချို့မှာလည်း လူမဝင်သဖြင့် ယာယီ ပြန်ပိတ်ထားရကြောင်း သိရသည်။
စစ်ကောင်စီက ပြီးခဲ့သည့် ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်းတရက်) မှ စတင်ကာ မြန်မာနိုင်ငံတဝှမ်းရှိ ရုပ်ရှင်ရုံပေါင်း ၆၀ ခန့်ကို ပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်ပြီး စပြတော့ လူမင်းကား ပြတယ်။ ကြော်ငြာပြီး ၃ ရက်လောက် ပြတယ်။ အဲဒီမှာ တပွဲပဲ ပြရတယ်။ လူ ၃ ယောက်ပဲ ဝင်တယ်။ အဲဒါပြီးတော့ ကျနော်တို့ နောက်ထပ် ပြေတီဦးကား ‘လိပ်ပြာထောင်ချောက်’ ပြတယ်။ ၃ ရက် ပြတာမှာ ပရိသတ်က မလာဘူး။ မလာတော့ ခဏလေးဆိုင်းငံ့ပြီး ပိတ်ရတာပေါ့” ဟု နယ်မြို့ရှိ ရုပ်ရှင်ရုံ လုပ်ငန်းလုပ်ကိုင်သူတဦးက ပြောသည်။
၎င်း ရုံပိုင်ရှင်က ပရိသတ် စိတ်ဝင်စားမှုအခြေအနေ ရှိလာသည့်အခါ ပြန်လည်ပြသမည် ဖြစ်ကြောင်း၊ ယခုအခါ ၃ ယောက်နှင့်တပွဲ ပြသရသည့်အတွက် အရှုံးပေါ်နေပြီး ဇာတ်ကားရှင်လည်း အဆင်မပြေသလို ရုံပိုင်ရှင်လည်း နစ်နာ ကြောင်း ပြောဆိုသည်။
ရုပ်ရှင်ရုံအချို့ ယာယီ ပြန်ပိတ်ထားရသည့် အခြေအနေနှင့် ပတ်သက်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ ယာယီ အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒါရိုက်တာ ဦးကြည်စိုးထွန်းကို မေးမြန်းရာ “ကျနော်တော့ မသိရသေးဘူး။ မဟုတ်ဘူး ထင်ပါတယ်” ဟု ဧရာဝတီကို ပြန်လည် ဖြေကြားခဲ့သည်။
မကွေးတိုင်းအတွင်းရှိ ရုပ်ရှင်ရုံတရုံသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ “ကျမတို့ဆီမှာတော့ လူဝင်နှုန်းက တခါတလေ မီးပြတ်ရင် လူနည်းလွန်းရင် မပြဖြစ်ဘူး။ မီးလာရင်တော့ ၅ ယောက်လောက်ရှိလည်း ပြတယ်။ ပျမ်းမျှ အခုလောလော ဆယ် လူကသိပ်မတက်ဘူး။ တခါတလေ ၄/၅ ယောက်၊ တခါတလေလည်း ၃ ယောက်။ လောလောဆယ်တော့ ရုံပိတ်တာ မရှိသေးဘူး” ဟု ဝန်ထမ်းတဦးက ပြောသည်။
လက်ရှိတွင် အဆိုပါ ရုပ်ရှင်ရုံ၌ “လိပ်ပြာထောင်ချောက်” ရုပ်ရှင်ကား ရုံတင်ပြသထားပြီး ယင်းဇာတ်ကား တကားတည်းကို တရက်တည်း ၃ ကြိမ် ပြသကြောင်း၊ တပတ်လုံးတွင် ကြည့်ရှုသူ ၆၀ ဦးခန့်သာရှိပြီး အဆိုပါ ကြည့်ရှုနှုန်းသည် ယခင် ပွဲစဉ် တကြိမ်စာခန့်ပင် မရှိကြောင်း ၎င်းက ဆိုသည်။
၎င်းက “တရက်ကို လာကြည့်တဲ့သူ နှုန်းကတော့ ပုံမှန်မရှိဘူး။ တခါတလေကျ မီးပြတ်တဲ့ရက် လူကနည်းလွန်းရင် တနေ ကုန် မပြတာလည်း ရှိတယ်” ဟု ပြောသည်။
ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံများတွင် လတ်တလော ပြန်ပိတ်ထားရသည့် ရုပ်ရှင်ရုံများ မရှိသေးသော်လည်း အချို့ ပွဲစဉ်များတွင် လာရောက်ကြည့်ရှုသူ မရှိသောကြောင့် ပွဲစဉ်များပိတ်သိမ်းရသည့် ရုံများရှိသလို ရုံပေါင်းကာပြသရသည့် ပွဲစဉ်အချို့ ရှိကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်မြို့ ဈေးဝယ်စင်တာများတွင် ဖွင့်လှစ်ထားသည့် JCGV ရုပ်ရှင်ရုံများတွင်လည်း လာရောက်ကြည့်ရှုသူ နည်းပါးကြောင်း၊ တချို့ရုံများတွင် တယောက်စ နှစ်ယောက်စသာရှိပြီး ယခင်ကကဲ့သို့ စည်းကားနေခြင်းမျိုး မရှိကြောင်း ရန်ကုန်မြို့ခံ လူငယ်တဦးက ပြောသည်။
“လူမဝင်တော့ တချို့က စရိတ်မကာမိဘူး။ အဲဒါကြောင့် ရုံအချို့ ပိတ်လိုက်တာ။ Paradiso ရုပ်ရှင်ရုံအချို့လည်း ပိတ်ထားတယ် ကြားတယ်။ အခုက အခြေအနေ မကောင်းဘူး။ နောက် ပိုင်တံခွန်ကားကို မျှော်လင့်ပြီး စောင့်ကြည့် တာပေါ့။ ပိုင်တံခွန်ကား ပြီးသွားရင်တော့ ၁၀ ရုံထက်မနည်း ပိတ်ဖြစ်မယ်” ဟု ရုပ်ရှင်လုပ်ငန်း လုပ်ကိုင်သူတဦးက ဧရာဝတီကို ပြောသည်။
နယ်မြို့များမှ ရုပ်ရှင်ရုံတချို့ကလည်း စက်ပစ္စည်းချို့ယွင်းမှု၊ လျှပ်စစ်မီးပြတ်တောက်မှု စသည့်အကြောင်းပြချက်များဖြင့် ယာယီ ပြန်ပိတ်ထားကြကြောင်း သိရသည်။
တချို့ရုံများမှာလည်း ကြည့်ရှုသူ မရှိသလောက် ဖြစ်နေသောကြောင့် ယာယီပိတ်ထားရကြောင်း ပြောဆိုသော်လည်း ၎င်းတို့၏ လုံခြုံရေးအခြေအနေအရ အမည်အတိအကျ ဖော်ပြနိုင်ခြင်း မရှိပေ။
နယ်မြို့တမြို့ရှိ ရုပ်ရှင်ရုံတွင် လုပ်ကိုင်နေသူတဦးက “လာကြည့်သူ အခြေအနေက ပါးတယ်။ လူကတော့ ဘယ်ရှိမလဲ။ လက်ရှိ ပိတ်ဖို့ညွှန်ကြားတာတော့ မရှိသေးဘူး။ ပြတဲ့ပွဲစဉ်တွေမှာ လူမရှိလို့ ပိတ်ရတာတော့ ရှိတယ်။ လုံးဝ လာမကြည့်တဲ့ ရက်လည်း ရှိတယ်။ ကျန်တဲ့ရက်ကတော့ တနေကုန်ပြောရရင် ၄/၅/၁၀ ယောက် ရှိတယ်” ဟု ဧရာဝတီကို ပြောသည်။
မန္တလေးဒေသခံတဦးကလည်း “ထိုင်းကားနဲ့ နိုင်ငံခြားကားတွေတော့ ကြည့်တဲ့သူ ရှိတယ်။ မြန်မာကားတော့ ကြည့်တဲ့သူ မရှိဘူး။ နိုင်ငံခြားကားတွေက ကြည့်တာ နှစ်ခုံတယောက်ပေါ့။ လာကြည့်တဲ့သူ ၂၀၊ ၃၀ တော့ ရှိတယ်။ အရင်လို ရာချီတော့ မရှိဘူး” ဟု ဆိုသည်။
ပြည်သူချစ်အနုပညာရှင် သရုပ်ဆောင် ပိုင်တံခွန် ပါဝင်ထားသော နောက်ထပ် ပြသမည့် “အမှောင်တိုက်” ရုပ်ရှင်ဇာတ် ကားတွင်ပါ လူဝင်နည်းမည်ဆိုပါက ဒီထက်မက ရုပ်ရှင်ရုံများ ပိတ်သိမ်းနိုင်ဖွယ်ရှိကြောင်း ရုပ်ရှင်ရုံလုပ်ငန်း အသိုင်းအဝိုင်း ကြားတွင် ခန့်မှန်းပြောဆိုနေကြသည်။
စစ်ကောင်စီ၏ ညွှန်ကြားချက်ဖြင့် မြန်မာနိုင်ငံတဝှမ်းရှိ ရုပ်ရှင်ရုံပေါင်း ၆၀ ခန့် ဖွင့်လှစ်ပြီးသည်အထိ တပတ်တာ ဝင်ငွေ သည် ငွေကျပ် သိန်း ၂၀၀ အောက်သာ ရှိခဲ့ကြောင်း သိရသည်။
လာမည့် မေ ၇ ရက်တွင် ရန်ကုန်မြို့၌ ရုပ်ရှင်ရုံလုပ်ငန်းပိုင်ရှင်များနှင့် ထုတ်လုပ်သူများ တွေ့ဆုံပြီး အစည်းအဝေးတရပ် ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း ဧရာဝတီက စုံစမ်းသိရှိရသည်။
You may also like these stories:
ရုပ်ရှင်ရုံများ ပြန်ဖွင့်သော်လည်း ကြည့်သူ မရှိသလောက်နည်း
စစ်ကောင်စီ ဖိအားပေးမှုအောက် ရုပ်ရှင်ရုံတွေ မြန်မာနှစ်ဆန်း ပြန်ဖွင့်မည်
အနုပညာဖန်တီးမှုတွေ ဆိတ်သုဉ်းသွားတော့မလား