အာဏာသိမ်း စစ်ခေါင်းဆောင်သည် တနှစ်ကျော်အတွင်း ရဲတပ်ဖွဲ့အကြီးအကဲ ရဲချုပ် နှစ်ဦးကို အနားပေးခဲ့သည်။ စစ်ခေါင်းဆောင် အနားပေးခဲ့သော ရဲချုပ်နှစ်ဦးမှာ သူ့လူရင်း သို့မဟုတ် သူယုံကြည်ရသူများ ဖြစ်သည်။
အာဏာသိမ်းသည့်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဖြစ်သူ ရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးကို အနားပေးခဲ့သည်။ ရဲချုပ် အောင်ဝင်းဦးသည် အာဏာသိမ်းစစ်ခေါင်းဆောင်၏ တောင်းဆိုမှုကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရက ရဲချုပ်အဖြစ် ခန့်အပ်ခဲ့ရသူဖြစ်သည်။
စစ်တက္ကသိုလ်အပတ်စဉ် ၂၆ ဆင်း ရဲချုပ် အောင်ဝင်းဦးသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရင်းနှီးသူဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်တွင် နည်းပြအရာရှိတာဝန် ထမ်းဆောင်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့သို့ အသွင်ပြောင်းလာသူ ဖြစ်သည်။ စစ်ဖက်မှ အသွင်းပြောင်းလာသူ ဗိုလ်မှူးကြီး အောင်ဝင်းဦးသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှုခင်းတပ်ဖွဲ့ (CID) တွင် ရဲမှူးချုပ်ရာထူးဖြင့် CID တပ်ဖွဲ့မှူးတာဝန်ကို ရယူခဲ့သည်။
စစ်ဖက်မှ အသွင်းပြောင်းလာသူ ဗိုလ်မှူးကြီး အောင်ဝင်းဦးသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှုခင်းတပ်ဖွဲ့ (CID) တွင် ရဲမှူးချုပ်ရာထူးဖြင့် CID တပ်ဖွဲ့မှူးတာဝန်ကို ရယူခဲ့သည်
ထို့နောက် NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဒုရဲချုပ် ဖြစ်လာခဲ့သည်။ ထိုအချိန်က မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ဒုရဲချုပ် နှစ်ဦးရှိခဲ့ပြီး ဒုရဲချုပ် မျိုးဆွေဝင်းနှင့် ဒုရဲချုပ် အောင်ဝင်းဦးတို့ ဖြစ်သည်။
ဒုရဲချုပ် မျိုးဆွေဝင်းသည် နဝတ အစိုးရလက်ထက်ကတည်းက စစ်ဖက်မှ ရဲတပ်ဖွဲ့သို့ အသွင်ပြောင်းလာသူ ဖြစ်သည်။ ရဲတပ်ဖွဲ့တွင် ဒုရဲမှူးရာထူးမှ စတင်ထမ်းဆောင်ခဲ့ပြီး ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးအထိ တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။ စစ်ဖက်မှ အသွင်ပြောင်းလာသူ ဖြစ်သည့်တိုင် ရဲတပ်ဖွဲ့တွင် နှစ်ပေါင်း ၂၀ နီးပါး ရာထူးနေရာမျိုးစုံ တာဝန်ထမ်းဆောင်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့အကြောင်း နားလည်နေသူ ဖြစ်သည်။
သို့သော် ဒုရဲချုပ် အောင်ဝင်းဦးသည် မြန်မာ့နိုင်ငံရဲတပ်ဖွဲ့တွင် CID တပ်ဖွဲ့တွင်သာ တာဝန်ထမ်းဆောင်ပြီး အချိန်တိုအတွင်း ဒုရဲချုပ် ဖြစ်လာခဲ့သူဖြစ်သည်။
ထို့ကြောင့် NLD အစိုးရလက်ထက် လုပ်သက်ပြည့်သဖြင့် ရဲချုပ် ဇော်ဝင်း အနားယူသည့်အခါ ဒုရဲချုပ် မျိုးဆွေဝင်းမှာ ရဲချုပ်ဖြစ်လာနိုင်သည်ဟု ရဲတပ်ဖွဲ့အကြီးအကဲများက ယုံကြည်ထားကြသည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း ဒုရဲချုပ် မျိုးဆွေဝင်းအား ရဲချုပ်အဖြစ် ခန့်အပ်တာဝန်ပေးလိုခဲ့သည်။
သို့သော် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် သူယုံကြည်ရသော သူ့လူရင်း ဒုရဲချုပ် အောင်ဝင်းဦးအား ရဲချုပ်တာဝန်ပေးရန် နိုင်ငံတော်သမ္မတထံ တောင်းဆိုခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ အကြီးအကဲ ရဲချုပ်ရာထူးအား ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်သမ္မတက ခန့်အပ်တာဝန်ပေးခွင့်ရှိသည်။ သို့သော် တခြားတဖက်တွင်လည်း လက်နက်ကိုင် အဖွဲ့အားလုံး၏ အကြီးအကဲသည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟု ၂၀၀၈ ဖွဲ့စည်းပုံတွင် ပြဌာန်းချက် ပါရှိသည်။
ထို့ကြောင့် ရဲချုပ်ခန့်အပ်ရေးအတွက် နိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ ညှိနှိုင်းခဲ့ကြပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လိုလားသော ဒုရဲချုပ် အောင်ဝင်းဦးအား ရဲချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အကြီးအကဲအဖြစ် ရဲချုပ် အောင်ဝင်းဦးအား နိုင်ငံတာ်သမ္မတက ခန့်အပ်တာဝန်ပေးခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တောင်းဆိုမှုဖြင့် ရဲချုပ်ဖြစ်လာသော ရဲချုပ် အောင်ဝင်းဦးသည် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်တွင်းခရီးစဉ်တိုင်း လိုက်ပါခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ လှုပ်ရှားမှုများအား အနီးကပ်စောင့်ကြည်ကာ စစ်ခေါင်းဆောင်အား သတင်းပို့ရန် ဖြစ်သည်။
ထိုကဲ့သို့ ရဲချုပ် အောင်ဝင်းဦးသည် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်များအား လိုက်ပါစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် အပေါ် လူထု၏ထောက်ခံမှု၊ ဒေါ်အောင်ဆန်းစုကြည်၏ ရိုးသားဖြောင့်မတ်မှုနှင့် မာန်မာန မရှိမှုများကို သိရှိလာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား လေးစားခင်မင်လာခဲ့သည်။
ရဲချုပ်ကိုခေါ်ပြီး အမေစုကို အမှုဖွင့်တရားစွဲခိုင်းတယ်၊ ရဲချုပ်က သူ့မှာ ဥပဒေချိုးဖောက်ထားတာ ဘာမှမရှိဘူး၊ တရားစွဲလို့ မရဘူးလို့ ပြောလိုက်တော့ မင်းပြန်တော့ဆိုပြီး ဖြုတ်တဲ့စာ တန်းထုတ်လိုက်တာ
ဒေါ်အောင်ဆန်းစုကြည်၏ တာဝန်ပေးချက်များအား အကောင်အထည်ပေါ်အောင် ဆောင်ရွက်ပေးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးလာသော ရဲချုပ် အောင်ဝင်းဦးကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာမသိမ်းမီ ရဲချုပ်ရာထူးမှ အနားပေးရန် စီစဉ်ခဲ့သော်လည်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သဘောမတူခဲ့သဖြင့် မအောင်မြင်ခဲ့ပေ။
သို့သော် အာဏာသိမ်းသည့်နေ့တွင် ဒေါ်အောင်ဆန်စုကြည်အား သွားရောက်ဖမ်းဆီးသူများထဲတွင် ရဲချုပ်ကို လိုက်ပါသွားရန် စေခိုင်းခဲ့သည်။ ရဲချုပ် အောင်ဝင်းဦးမှာ လိုက်မသွားခဲ့ပေ။ အာဏာသိမ်းပြီး နောက်တနေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို အမှုဖွင့်တရားစွဲရန် အာဏာသိမ်းခေါင်းဆောင်က ရဲချုပ် အောင်ဝင်းဦးအား ခေါ်ပြောခဲ့သည်။
“ရဲချုပ်ကိုခေါ်ပြီး အမေစုကို အမှုဖွင့်တရားစွဲခိုင်းတယ်၊ ရဲချုပ်က သူ့မှာ ဥပဒေချိုးဖောက်ထားတာ ဘာမှမရှိဘူး၊ တရားစွဲလို့ မရဘူးလို့ ပြောလိုက်တော့ မင်းပြန်တော့ဆိုပြီး ဖြုတ်တဲ့စာ တန်းထုတ်လိုက်တာ” ဟု ရဲချုပ်ရုံးတွင် တာဝန်ထမ်းဆောင်နေသူ ရဲအရာရှိတဦးက ပြောပြသည်။
ထို့အပြင် ရဲချုပ် သန်းလှိုင် ဦးဆောင်သော ရဲတပ်ဖွဲ့တွင်လည်း CDM ပြုလုပ်သူ များလာခြင်းကြောင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ မလုပ်နိုင်တော့ချေ
အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ နေ့လယ်မှစ၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ယုံကြည်သူလူရင်း ရဲချုပ် အောင်ဝင်းဦးကို ရဲချုပ်ရာထူးမှ ဖြုတ်လိုက်သည်။
ထို့နောက် အာဏာသိမ်း စစ်ခေါင်းဆောင်သည် သူယုံကြည်ရသူ ဒုတိယ ဗိုလ်ချုပ်ကြီး သန်းလှိုင်ကို ရဲချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ ရဲချုပ်ဖြစ်လာသူ သန်းလှိုင်သည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား အကြမ်းဖက် ဖြိုခွဲခဲ့သည်။ အချို့သောဆန္ဒပြပွဲများအား ရဲတပ်ဖွဲ့မှ ဖြိုခွဲရာတွင် သူကိုယ်တိုင် မြေပြင်အထိဆင်းကာ ကြီးကြပ်ခဲ့သည်။
ထို့အပြင် စစ်ကိုင်းတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကို ချေမှုန်းရန် မုံရွာမြို့အထိ သွားရောက် ကြီးကြပ်ခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့များ၏ စစ်ကိုင်းတိုင်းအတွင်း စစ်ဆင်ရေးများကို ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်အနေဖြင့် ကွပ်ကဲခဲ့သည်။ စစ်ခေါင်းဆောင်အကြိုက် လုပ်ဆောင်ပေးခဲ့သည်။ သူ၏ ညီအစ်ကိုအရင်း ဖြစ်သူသည်ပင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးရိုက်နှက်ခဲ့သဖြင့် သေဆုံးခဲ့ရသည်။
သို့သော် စစ်ကိုင်းတိုင်းအတွင်း စစ်ဆင်ရေးများသည် မအောင်မြင်ခဲ့ပေ။ စစ်ဆင်ရေးကာလ တနှစ်နီးပါး ကြာလာသည်အထိ စစ်ကိုင်းတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအပေါ် စစ်ကောင်စီဖက်မှ အသာစီးရအောင် မလုပ်နိုင်ခဲ့ပေ။
ထို့အပြင် ရဲချုပ် သန်းလှိုင် ဦးဆောင်သော ရဲတပ်ဖွဲ့တွင်လည်း CDM ပြုလုပ်သူ များလာခြင်းကြောင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ မလုပ်နိုင်တော့ချေ။ ရဲတပ်ဖွဲ့အတွင်း ညွှန်ကြားသည့် သတင်းများသည်လည်း အပြင်သို့ မကြာခဏ ပေါက်ကြားလာခဲ့သည်။
ထိုကဲ့သို့ အခြေအနေ ဖြစ်လာသည့်အတွက် ရဲချုပ် သန်းလှိုင်ကို အာဏာသိမ်း စစ်ခေါင်းဆောင်က ရဲချုပ်ရာထူးမှ ဖယ်ရှားခဲ့သည်။ အာဏာသိမ်းပြီး တနှစ်နှင့် လေးလတာ ကာလအတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သူယုံကြည်၍ တာဝန်ပေးခဲ့သော ရဲချုပ်နှစ်ဦးကို တာဝန်မှ အနားပေးခဲ့ရသည်။
လက်နက်ကိုင် အဖွဲ့အစည်းနှစ်ခုဖြစ်သော ရဲတပ်ဖွဲ့နှင့် စစ်တပ်တွင် အလုပ်လုပ်ကိုင်ရပုံ မတူညီကြပေ။ ရဲတပ်ဖွဲ့သည် ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အလုပ်လုပ်ရသည့် လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သည်
လက်နက်ကိုင် အဖွဲ့အစည်းနှစ်ခုဖြစ်သော ရဲတပ်ဖွဲ့နှင့် စစ်တပ်တွင် အလုပ်လုပ်ကိုင်ရပုံ မတူညီကြပေ။ ရဲတပ်ဖွဲ့သည် ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အလုပ်လုပ်ရသည့် လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သည်။ ဥပဒေနှင့်အညီသာ ဖမ်းဆီးချုပ်နှောင်ရသည်။ တရားစွဲဆိုရသည်။
စစ်တပ်သည် အမိန့်နှင့် အလုပ် လုပ်ရသည်။ ရဲတပ်ဖွဲ့သည် ပြည်သူလူထုနှင့် အနီးဆုံးနေရသည့် လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။ ပြည်သူထု၏ အထောက်အပံ့မရလျှင် ရဲတပ်ဖွဲ့လုပ်ငန်းများ အောင်မြင်ရန် ခက်ခဲသည်။ သို့သော် ထိုအခြေအနေကို အာဏာသိမ်းစစ်ခေါင်းဆောင်က မျက်ကွယ်ပြုထားသည်။ သူခိုင်းသည့်အတိုင်း လုပ်ပေးဖို့သာ အဓိကဖြစ်သည်။
မူဝါဒမရှိသော အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်တွင် မည်သူမှ လုံခြုံမှုမရှိ ဆိုသောအချက်ကို ရဲချုပ်နှစ်ဦး၏ အဖြစ်အပျက်က သက်သေပြနေသည်။
You may also like these stories:
PDF စိုးမိုးနယ်မြေများ အတွက် “ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေ” CRPH ပြဌာန်း
ဒုဗိုလ်ချုပ်ကြီး သန်းလှိုင် ဘာတာဝန်ဆက်ယူမလဲ
စစ်ကောင်စီရဲ့ နယ်ရုပ် ရဲနဲ့ ပျူစောထီးတွေ
ရဲတပ်ဖွဲ့ ဥပဒေသစ်ကို အလွဲသုံးပြီး အနိုင်အထက် ပြုလာရင် တော်တော် အန္တရာယ်ကြီးပါတယ်