သတင်း

အမ်းအခြေစိုက် စစ်တိုင်းမှူးကို AA ဗိုလ်ချုပ်ထွန်းမြတ်နိုင် သတိပေး

ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် အခြေစိုက်ထားသည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးကို ရက္ခိုင့် တပ်တော် (AA) ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ယနေ့ နံနက်ပိုင်းတွင် ၎င်း၏ တွစ်တာအကောင့်မှတဆင့် သတိပေးလိုက်သည်။

၎င်းက “ကိုထင်လတ်ဦး သိပ်လျှောက်မလုပ်နဲ့။ အာရုံနောက်နေပြီ။ ငြိမ်ချမ်းရေး ဘာညာ သောက်ဂရုစိုက်နေမှာ မဟုတ် ဘူး။ မင်းနေတဲ့နေရာအထိ တက်ကြိတ်ပလိုက်မှာနော်” ဟု ရေးသားထားခြင်း ဖြစ်သည်။

AA စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်သည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးကို မည်သည့် အတွက်ကြောင့် သတိပေးကြိမ်းဝါးကြောင်းကို အတိအကျ ရေးသားထားခြင်း မရှိသော်လည်း တွစ်တာနှင့် လူမှုကွန်ရက် မီဒီယာ သုံးစွဲသူများကြား စိတ်ဝင်စားမှု မြင့်တက်ခဲ့သည်။

စစ်ရေးလေ့လာသူတချို့ကတော့ မကြားသေးမီ ရက်ပိုင်းအတွင်းက နှစ်ဖက်အထက်လူကြီးများ၏ ညှိနှိုင်းနားလည်မှုဖြင့် AA တပ်ဖွဲ့ဝင်များ ရိက္ခာဆန်သယ်ယူမှု လုပ်ငန်းများကို စစ်ကောင်စီ အောက်ခြေတပ်မှူး၊ တပ်သားများက လာရောက်ဟန့်တား စစ်ဆေးခြင်းများ ပြုလုပ်သည့်အတွက် မြေပြင်တွင် အခြေအနေ တင်းမာမှုတချို့ ဖြစ်ပေါ်ကာ ထိုတင်းမာမှုသည် ထိပ် ပိုင်းခေါင်းဆောင်များထိ ရောက်ရှိသွားခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား ၂၀၂၀ နှစ်လယ်ပိုင်းမှစပြီး တိုက်ပွဲများ ရပ်တန့် ထားသော်လည်း အောက်ခြေတွင် မကြာခဏ စစ်ရေးတင်းမာမှုများ ရှိနေသည်။

စစ်ကောင်စီသည် ရခိုင်ကမ်းရိုးတန်းတလျှောက် ပင်လယ်ပြင် စစ်ရေယာဉ်များဖြင့် လုံခြုံရေးချထားသလို ရန်ကုန်-စစ်တွေ ကားလမ်းမတလျှောက်ရှိ အဓိက အချက်အချာကျသည့် နေရာများတွင် စစ်ဆေးရေးဂိတ်များဖွင့်ပြီး တင်းကျပ်စွာ စစ်ဆေး လျက် ရှိသည်။

မြေပုံမြို့နယ်အတွင်းမှ ကုန်သည်တဦးက “စစ်တပ်က အောက်ခြေမှာ အားတင်နေတာတော့ ကြာပြီ။ ခရီးသွားပြည်သူတွေ ကို ဟိုစစ်ဒီစစ် လုပ်တယ်။ အထုပ်တွေကို ဖွင့်ခိုင်းတယ်။ ရန်ကုန်တို့၊ မန္တလေးဘက်တို့က တင်လာတဲ့ ကုန်ပစ္စည်းတွေ ဆိုရင်လည်း နယ်/လုံဝန်ကြီး လက်မှတ်ပါမှ သွားခွင့်ရတယ်။ လက်မှတ်မပြနိုင်ရင် ကားရပ်နား။ မဟုတ်ရင် ပိုက်ဆံပေး။ ဒါမျိုးတွေ လုပ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။

တနိုင်ငံလုံး အတိုင်းအတာဖြင့် စစ်မျက်နှာဖွင့် တိုက်ခိုက်နေရသော အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်းတို့ထိန်းချုပ်ထားသည့် မြဝတီရုပ်မြင်သံကြားမှတဆင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များကို ငြိမ်းချမ်းရေး ဆွေးနွေးရန် ဧပြီ ၂၂ ရက်က ဖိတ်ကြားထားသည်။
အဆိုပါ ဖိတ်ကြားမှုနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (AA) အနေဖြင့် တက်မည်၊ မတက်မည် ဆိုသည်နှင့် ပတ်သက်၍ လက်ရှိအချိန်အထိ တစုံတရာ ထုတ်ပြန်ခြင်းမရှိသေးပေ။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကမူ လူကိုယ်တိုင် တွေ့ဆုံချင်သည်ဆိုသော အာဏာသိမ်း စစ်ခေါင်းဆောင်၏ ကမ်းလှမ်းချက်ကို ပယ်ချထားသည်။

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲဖိတ်ကြားမှုတွင် ပါဝင်သင့်သူ အားလုံးကို ဖိတ်ခေါ်ခြင်း မရှိသည်ကို တွေ့ရသလို နိုင်ငံ၏ အရေးအရာများကို ဆွေးနွေးအဖြေရှာမည်ဟူသော သဘောထားလည်း မပါရှိသည့်အတွက် တန်းတူဆွေးနွေးနိုင် မည့် အချိန်အခါ၊ အခင်းအကျင်း ရောက်ရှိမှသာလျှင် ပါဝင်ဆွေးနွေးနိုင်မည် ဖြစ်ကြောင်း မေလ ၅ ရက်နေ့ ရက်စွဲဖြင့် KIO က ထုတ်ပြန်ထားသည်။

အလားတူ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကလည်း စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ကြားမှု သည် တနိုင်ငံလုံး လွှမ်းခြုံသည့် တွေ့ဆုံဆွေးနွေးမှု မဖြစ်သကဲ့သို့ လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအကျပ်အတည်းများကို ဖြေရှင်းရန် ကြိုးပမ်းဖော်ထုတ်မှု မဟုတ်သဖြင့် ယင်းဖိတ်ခေါ်ချက်သည် တွေ့ဆုံဆွေးနွေးရန်အတွက် အချိန်ကောင်း မဟုတ်ကြောင်း မေ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

Loading