အာဆီယံက မြန်မာနိုင်ငံသို့ပေးမည့် လူသားချင်းစာနာမှု အကူအညီများကို အခွန်ကောက်မည်ဟု အာဏာသိမ်း စစ်ကောင်စီ၏ ကိုယ်စားလှယ်အဖွဲ့က ပြောဆိုခဲ့ကြောင်း အာဆီယံအလှည့်ကျ ဥက္ကဌ ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးလည်းဖြစ်၊ အာဆီယံဥက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်လည်းဖြစ်သည့် မစ္စတာပရတ်ဆွတ်ခွန်းက ပြောသည်။
မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီများ ပေးနိုင်ရေး အတိုင်ပင်ခံ အစည်းအဝေးတရပ်ကို ကမ္ဘောဒီးယားနိုင်ငံက လူကိုယ်တိုင်နှင့် အွန်လိုင်းရုပ်သံပုံစံ ၂ မျိုးပေါင်းစပ်ကာ မေလ ၅ ရက်မှ ၆ ရက်အထိ ကျင်းပနေပြီး ယင်းအစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့က ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးက သတင်းမီဒီယာများသို့ ပြောသည်။
အစည်းအဝေးသို့တက်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို အာဏာသိမ်းစစ်ကောင်စီ၏ အပြည်ပြည်ဆိုင် ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင် က ဦးဆောင်နေခြင်းဖြစ်ပြီး အဆိုပါအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံးမှ အဆင့်မြင့်ကိုယ်စားလှယ်များ၊ အာဆီယံပြင်ပမိတ်ဖက်များ၊ ကုလသမဂ္ဂအထူးအေဂျင်စီများနှင့် အခြားသက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများမှ အဆင့်မြင့်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြား ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
ဝန်ကြီး ပရတ်ဆွတ်ခွန်းက လူသားချင်းစာနာမှု အကူအညီများအပေါ် အခွန်ကောက်ခံမည်ဆိုသည့် စစ်ကောင်စီ ကိုယ်စားလှယ်၏ ကြိုးပမ်းချက်အား လက်လျှော့ရန် အစည်းအဝေးတွင် ဝိုင်းဝန်းစည်းရုံးခဲ့ရကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
၎င်းက ဆက်လက်၍ ကနဦးအဆင့်အနေနှင့် မြန်မာနိုင်ငံရှိ ဒေသ ၅ ခုအား လူသားချင်းစာနာမှု အကူအညီများပေးအပ် သွားမည်ဖြစ်ပြီး ထိုသို့ ပေးအပ်ရာတွင် မြန်မာနိုင်ငံအတွင်းနှင့် မြန်မာနိုင်ငံပြင်ပ ၂ ဖက်စလုံး၌ မတူညီသည့် အခက်အခဲ အတားအဆီးများ ရှိနေကြောင်း ဆိုသည်။
ဝန်ကြီးပရတ်ဆွတ်ခွန်း က “အချို့သော နိုင်ငံများနှင့် အေဂျင်စီတွေဟာ အကူအညီတွေကို မြန်မာအာဏာပိုင်တွေရဲ့ အကြံပြု ကြီးကြပ်မှု မပါဘဲ ပေးအပ်ရန် ဆန္ဒရှိနေကြတယ်။ မြန်မာနိုင်ငံဘက်မှာလည်း အခြေအနေအချို့ရှိနေတယ်။ အဲဒီထဲက တခုကတော့ လူသားချင်းစာနာမှု အကူညီတွေကို အခွန်ကောက်ချင်နေတဲ့ကိစ္စပဲ။ ဒါပေမယ့် ကျနော်တို့ အောင်မြင်စွာ ညှိနှိုင်းနိုင်ပြီး လိုအပ်ချက်တွေကို ဖယ်ရှားနိုင်ခဲ့ပါတယ်” ဟု ရှင်းပြသည်။
ထို့အပြင် မြန်မာအာဏာပိုင်များသည် ကိုဗစ်-၁၉ ကာကွယ်ဆေးကဲ့သို့သော ဆေးဝါးအကူအညီများအား ပြည်သူလူထုထံ သယ်ယူ ပို့ဆောင်ရာ၌ အာဏာသိမ်းမှု ခုခံ ဆန့်ကျင်ရေး အင်အားစုများလက်ထဲ ရောက်သွားမည်ကို ကြောက်နေကြောင်း ၎င်းက ပြောသည်။
သို့သော်လည်း အဆိုပါ ပြဿနာများအားလုံးကို ညှိနှိုင်း ဖြေရှင်းနိုင်ခဲ့ကြောင်း ၊ လာမည့်သီတင်းပတ်တွင် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်၌ ပြုလုပ်မည့် အမေရိကန်- အာဆီယံ ထိပ်သီးဆွေးနွေးပွဲအပြီး မေလအကုန်တွင် သူ့အနေနှင့် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်လာရောက်ရန်ရှိကြောင်း ဝန်ကြီး က ပြောသည်။