သတင်း

ယူကရိန်းစစ်ပွဲကြောင့် တရုတ် စဉ်းစားပုံပြောင်းသွားနိုင်ဟု CIA ညွှန်မှူးပြော

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ယူကရိန်း စစ်ပွဲကြောင့် စဉ်းစားတွက်ချက်မှု ပြောင်းသွားကြောင်းနှင့် အနောက်နိုင်ငံများ ပိုမိုစည်းလုံးလာနေချိန်တွင် ဘေ့ဂျင်းနှင့် မော်စကိုအကြား ချစ်ကြည်ရင်းနှီးမှုသည် အကန့်အသတ်ရှိသည်ကို ပြသနေကြောင်း အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ CIA ညွှန်ကြားရေးမှူး ပြောသည်။

ဝါရှင်တန်မှ FT Weekend Festival တွင် စနေနေ့က ပြောကြားရာတွင် ဘေလ်ဘန်းက ထိုပဋိပက္ခ၏ ပထမ ၁၀ ပတ်မှ ၁၁ ပတ်အတွင်း ခါးသည်းသော အတွေ့အကြုံသည် တရုတ်ခေါင်းဆောင်ပိုင်းအတွက် အံသြစရာ ဖြစ်နေပြီး ထိုင်ဝမ်နှင့်ပတ်သက်သည့် တွက်ချက်မှုများအပေါ် သက်ရောက်မှုရှိနိုင်ကြောင်းပြောသည်။

“ရှီကျင့်ဖျင်အနေနဲ့ ယူကရိန်းတွေအပေါ် ရုရှားတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုကြောင့် နာမည်ဆိုးရလာမှာမျိုး တရုတ်အလှည့်ကျရင်လည်း ဖြစ်လာမှာ ချီတုံချီချဖြစ်နေတယ်။ စစ်ပွဲက ထုတ်လုပ်လိုက်တဲ့ စီးပွားရေးမရေမရာဖြစ်မှုမျိုးကြောင့်လည်း ပါတယ်”” ဟု ဘန်းက ပြောကြားလိုက်ပြီး ရှီအဓိက “အာရုံစိုက်သောအချက်”မှာ “ကြိုမှန်းဆနိုင်မှု” ဖြစ်ကြောင်းပြောသည်။

ပူတင်၏လုပ်ရပ်ကြောင့် ဥရောပနှင့်အမေရိကတို့ ပိုမိုနီးကပ်သွားသည်ကို တရုတ်က အံ့သြတုန်လှုပ်ပြီး ထိုင်ဝမ်အတွက် မည်သည့်သင်ခန်းစာယူရမည်ကိုလည်း ဂရုတစိုက်လေ့လာနေကြောင်း သူပြောသည်။

တရုတ်ခေါင်းဆောင်ပိုင်း၏ တွက်ကိန်းကို ထိုစစ်ပွဲက သက်ရောက်မှုရှိသော်လည်း “ထိုင်ဝမ်အပေါ် ထိန်းချုပ်ဖို့ ရှီရဲ့ဆုံးဖြတ်ချက်ကို လျှော့ကျစေမယ်လို့ ကျနော်လုံးဝမထင်ဘူး” ဟု သူပြောသည်။

ရှီ၏ တရုတ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စု ရေရှည်တွင် ကြုံတွေ့ရမည့် အကြီးမားဆုံး ပထဝီနိုင်ငံရေး စိန်ခေါ်မှုဖြစ်သော်လည် ပူတင်၏ ရုရှားမှ ခြိမ်းခြောက်မှုကို လျှော့တွက်မရကြောင်း ဘန်း ပြောသည်။

“သြဇာကျဆင်းသွားတဲ့ အင်အားကြီးနိုင်ငံတွေ ကလည်း သြဇာကြီးထွားလာတဲ့ နိုင်ငံတွေလိုပဲ အနှောင့်အယှက် ပေးနိုင်တယ်ဆိုတာကို ပူတင်က ပြသတယ်” ဟု ဘန်းပြောသည်။

စစ်မြေပြင်မှ ရုရှားဗိုလ်ချုပ်များကို ပစ်မှတ်ထား သတ်ဖြတ်ရာတွင်နှင့် ပင်လယ်နက်မှ မော်စကို၏ အရေးပါသော မော့စကာဗာ သင်္ဘောအား နှစ်မြှုပ်ရာတွင် အမေရိကန်ထောက်လှမ်းရေး အရာရှိများက အကူအညီပေးခဲ့သည်ဆိုသည့် သတင်းများကို ဘိုင်ဒင်အစိုးရက အလေးမထားစေရန် ကြိုးစားနေချိန်တွင် ဘန်းကလည်း ပြောသည်။

“ဒါ တာဝန်မဲ့တယ်၊ လူတွေက စကားတွေ အရမ်းပြောတဲ့အခါ အရမ်းလည်း အန္တရာယ်များတယ်။ တချို့ ထောက်လှမ်းရေးနဲ့ပတ်သက်တာတွေ ပေါက်ကြားတာပဲဖြစ်ဖြစ် အများပြည်သူရှေ့မှာ ပြောတာဖြစ်ဖြစ်ပေါ့” ဟု ဘန်း ပြောသည်။

အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ CIA ညွှန်ကြားရေးမှူး ဘေလ်ဘန်း/AFP

ယူကရိန်း၏ ထောက်လှမ်းရေးစွမ်းရည်ကို လျှော့တွက်ပါက ကြီးမားသော အမှားအယွင်းဖြစ်မည်ဟု ဝါရင့်သံတမန်ဖြစ်ဖူးသော CIA ညွှန်မှူး ဘန်းပြောသည်။

“ယူကရိန်းက သူတို့နိုင်ငံ။ သူတို့မှာ ကျနော်တို့ထက် သတင်းအချက်အလက်နဲ့ ထောက်လှမ်းရေးသတင်းတွေ ကျနော်တို့ အမေရိကန်တွေ၊ မဟာမိတ်တွေထက် အများကြီးပိုရှိတယ်” ဟုလည်း သူဆက်ပြောသည်။

ပူတင်အနေဖြင့် စစ်ပွဲကို ဆက်တိုက်ရန် အတားအဆီးမရှိဖြစ်နေကြောင်းလည်း သူပြောပြီး ယူကရိန်း အရှေ့ပိုင်း ဒွန်ဘတ်ဒေသသို့ ပြောင်းရွှေ့လာသော ပဋိပက္ခ၏ ဒုတိယအဆင့်သည် ရုရှားက ကိယက်ဗ်က မသိမ်းပိုက်နိုင်သည့် ပထမအဆင့် သို့မဟုတ် ထိုထက်ပိုမို အန္တရာယ်များကြောင်းလည်း သူပြောသည်။

“ပူတင်က သူအရှုံးမခံနိုင်ဘူးလို့ ဆုံးဖြတ်ထားတယ်။ ဒါကြောင့် ဒီအဆင့်မှာလည်း အန္တရာယ်များတယ်” ဟု ဘန်း ပြောသည်။ “အခုထက် အားထုတ်မှု နှစ်ဆတိုးလိုက်ရင် အခြေအနေတိုးတက်လာမယ်လို့ သူ ယူဆနေတယ်လို့ ကျနော်ထင်တယ်” ဟုလည်း သူပြောသည်။

ရုရှားသည် နျူကလီးယားလက်နက်များ ဖြန့်ကျက်ရန် စီစဉ်နေသည့် လက်တွေ့ကျသော အထောက်အထားများကို အမေရိကန် ထောက်လှမ်းရေးက မတွေ့သော်လည်း ရုရှားက နျူကလီးယားဖြင့် ခြိမ်းခြောက်နေသောကြောင့် ထိုသို့မဖြစ်နိုင်ဟု ပေါ့ပေါ့ဆဆ ယူဆမရကြောင်းလည်း သူဆက်ပြောသည်။

ကိုးကား။ ။ Financial Times

You may also like these stories:

အမေရိကန် DEA ၏လုပ်ရပ် တိုင်းရင်းသားလက်နက်ကိုင်များကို သိက္ခာချခြင်းသာ ဖြစ်

ယူကရိန်းစစ်ပွဲကြောင့် တရုတ်က စစ်ကောင်စီကို ဘက်ပြောင်းထောက်ခံ

ဂျပန်၏ မြန်မာနှင့် အထူးဆက်ဆံရေးက စစ်အုပ်ချုပ်ရေးကို အားပေးကူညီခဲ့

ရုရှားစစ်ပွဲက စစ်ကောင်စီ လက်နက်ရှာရ ခက်အောင်ဖန်

ဘယ်သူတုန်းဟဲ့ ဇယ်လန်စကီး

Loading