ငြိမ်းချမ်းရေးအတွက် ဟုဆိုကာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ဖိတ်ခေါ်ထား သည့် ဆွေးနွေးပွဲသို့ တက်/မတက် မပြောနိုင်သေးကြောင်း ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS/SSA) ဗဟို ကော်မတီဝင် ဖြစ်သူ စိုင်းလျန်းက ပြောသည်။
၎င်းက “ဒီဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ခုလောလောဆယ်တော့ မပြောနိုင်သေးဘူး။ မနက်ဖြန်မှပဲ သေသေချာချာ သိလိမ့် မယ်” ဟု ပြောသည်။
ယင်းပြင် RCSS ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီး ရွက်ဆစ်အနေဖြင့် စစ်ခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးရန် နေပြည်တော်သို့ပင် ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေမှုနှင့် ပတ်သက်ပြီး မဟုတ်မှန်ကြောင်းလည်း ၎င်းက ငြင်းဆိုခဲ့သည်။
အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် RCSS အနေဖြင့် ပြီးခဲ့သည့် မေလ ၆ ရက် က ကျင်းပခဲ့သည့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အစည်းအဝေးသို့လည်း တက်ရောက်ခဲ့ခြင်း မရှိကြောင်းလည်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် PPST အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထဲမှ အဖွဲ့ ၅ ဖွဲ့က စစ်ခေါင်းဆောင် ဖိတ် ခေါ်သည့် ဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ကြသည်။
ယင်းသို့ စစ်ခေါင်းဆောင်နှင့် တွေ့ဆုံရန် တက်ရောက်မည့် အဖွဲ့များမှာ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ(ALP)နှင့် ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) တို့ ဖြစ်ကြသည်။
အခြားသော NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြစ်သည့် ကရင်အမျိုးသား အစည်း အရုံး(KNU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) နှင့် ချင်းအမျိုးသား တပ်ဦး(CNF) တို့က စစ်ခေါင်းဆောင်၏ ဖိတ်ခေါ်ချက်နှင့် ပတ်သက်ပြီး တက်ရောက်မည် မဟုတ်ကြောင်း သဘောထား ထုတ်ပြန်ထား ကြသည်။
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ဧပြီ ၂၂ ရက် က EAO ခေါင်းဆောင်များနှင့် လူကိုယ် တိုင် တွေ့ဆုံဆွေးနွေးချင်ကြောင်း ပြောဆိုခဲ့ပြီး ဆွေးနွေးပွဲ တက်ရောက်မည့်သူများကိုလည်း မေ ၉ ရက် နောက်ဆုံးထားပြီး စာရင်းပေးပို့ရမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
EAOs အဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမည့်ရက်ကိုလည်း နှစ်ဖက်ညှိနှိုင်းကာ သတ်မှတ်ကြစေလိုကြောင်း ၎င်းက ပြောဆိုထားသည်။
You may also like these stories:
အာဏာသိမ်းခေါင်းဆောင်ဖိတ်သည့် ဆွေးနွေးပွဲသို့ တက်ရန် အပစ်ရပ် ၅ ဖွဲ့ဆုံးဖြတ်
ငြိမ်းချမ်းရေး ဆွေးနွေးပွဲလော၊ နိုင်ငံရေး ကစားပွဲလော
အကျင့်ပျက် စစ်ဗိုလ်ချုပ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို လာဘ်စားသတဲ့လား