မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ကျုံးအရှေ့ဘက်ခြမ်း ၆၆ လမ်းနှင့် ၁၅ လမ်းထောင့်တွင် ရှော့တိုက်ဒုံးတွေ့ရှိမှုနှင့် ဆက်စပ်၍ ဒေါနဘွားရပ်ကွက်မှ အသက် ၁၅ နှစ်အရွယ် လက်ဖက်ရည်ဆိုင်ဝန်ထမ်း တဦးအပါအဝင် အရပ်သား ၉ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း သိရသည်။
ဒေါနဘွားရပ်ကွက်တွင် နေထိုင်သည့် မမြတ်သန္တာကျော်၊ ဦးဟန်တင်၊ ဒေါ်ခိုင်ဇာထွေး၊ လမင်းကိုကို၊ လမင်းမောင်မောင်၊ မမြတ်သန္တာကျော်၊ ဦးကျော်ကျော်ထွန်း၊ လှှိုုင်မင်းထွေး၊ မခင်ဆုမွန်နှင့် အသက် ၁၅ နှစ်အရွယ် မောင်ရန်နောင်တို့ကို မေ လ ၇ ရက် ညပိုင်းက ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။
ဒေါနဘွားဒေသခံတဦးက “အဲဒီနေ့က ည ၈ နာရီကျော်လောက်မှာ ယူနီဖောင်းဝတ်တွေရော၊ အရပ်ဝတ်တွေနဲ့ရော ဝင်လာပြီးတော့ ဖမ်းသွားကြတာ၊ ကဖေးပန်းခင်း လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးကျော်ကျော်ထွန်း၊ မုန့်ဆရာ ကိုလှိုင်မင်းထွေး၊ ဝန်ထမ်း ကောင်မလေးနဲ့ စားပွဲ ထိုးကောင်လေးတို့ ပါသွားတယ်။ ပြီးတော့ ဦးဟန်တင်တို့ မိသားစု ၄ ယောက်နဲ့ မြတ်သန္တာကျော်ဆိုတဲ့ ကောင်မလေးအား လုံးပေါင်း ၉ ယောက် ဖမ်းသွားတာ။ လက်ဖက်ရည်ဆိုင်ပိုင်ရှင်ကို ဖမ်းပြီးတာတောင် ကျန်တဲ့ဆိုင်က စားပွဲထိုးတို့ မုန့်ဆရာ တို့ ဝန်ထမ်းတွေကို ဖမ်းတာတော့ နားမလည်ဘူးဗျာ”ဟု ပြောသည်။
ထိုသို့ ဖမ်းဆီးခံရသည့်အပေါ် ပြည်ကြီးတံခွန်သပိတ် အင်အားစု ဦးဆောင် ဆရာတော် ဦးအဂ္ဂဝံသကလည်း “စကစက အရင်ကတည်းက စိတ်မထင်ရင် မထင်သလို ဖမ်းဆီးနေတာပဲလေ။ အခုလည်း မဆိုင်တဲ့သူတွေကို ဖမ်းတယ် ဆိုတာက တော့ သက်သက်မဲ့ အောက်တန်းကျပြီး လူမဆန်တာမျိုးပဲ။ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်တွေကြောင့် အငြှိုးနဲ့ လုပ်တဲ့ သဘောလို့ သုံးသပ်တယ်။ အဲဒီလို လုပ်တာကလည်း ပြည်သူကို အကြောက်တရား ရိုက်သွင်းတာမျိုးပဲ” ဟု မိန့်ကြား သည်။
မေလ ၇ ရက် ည ၈ နာရီကျော်အချိန်က စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့နှင့် အရပ်ဝတ်များက ဝင်ရောက် ဖမ်းဆီးခဲ့ကြခြင်း ဖြစ်ပြီး ဖမ်းဆီးခံရသူများအနက်မှ အသက် ၂၃ နှစ်အရွယ် မမြတ်သန္တာကျော်သည် အမှတ် ၁ နယ်မြေ ရဲစခန်းတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ – ၅၀(ည) ဖြင့် အမှုဖွင့်လှစ်ခံထားရကြောင်း၊ ကျန်သည့်သူများကို မည်သည့်အတွက်ကြောင့် ဖမ်းဆီးသည်ကို မသိရသေးဘဲ အမှတ် (၁) နယ်မြေရဲစခန်းတွင် ထိန်းသိမ်းခံထားရကြောင်း သိရသည်။
မေလ ၇ ရက် နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်၊ ကျုံးအရှေ့ဘက်ခြမ်း ၆၆ လမ်းနှင့် ၁၅ လမ်းထောင့်တွင် ၁၀၇ မမ ရှော့ တိုက်ဒုံးနှစ်လုံးကို အထူးစုံစမ်းစစ်ဆေးရေး အရာရှိတဦးက စတင်တွေ့ရှိခဲ့ပြီး စစ်ကောင်စီတပ်များက သွားရောက် ဖြုတ် သိမ်းကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ရှော့တိုက်ဒုံး တွေ့ရှိရသည့် နေရာသည် အချက်အချာကျသည့် နေရာတခုဖြစ်ပြီး စစ်ကောင်စီတပ်များ လုံခြုံရေး ရယူထား ခြင်း၊ ကင်းပုန်းများ ထားရှိခြင်း၊ ကားများဖြင့် ပတ်ကင်းများ လှည့်လည်နေခြင်းများ ပြုလုပ်နေသဖြင့် မြို့ပြပြောက်ကျားအဖွဲ့ များအနေဖြင့် ရှော့တိုက်ဒုံးဆင်ရန် မလွယ်ကူ ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများက ဆိုကြသည်။
အနက်ရောင်သေမင်း ပြည်သူ့ ကာကွယ်အဖွဲ့မှ ဗိုလ်နောင်လေးက “လူမြင်ကွင်းကြီးမှာ ရှော့တိုက်ဒုံးလို အချိန်ပေးပြီး လုပ်ရတာမျိုးကို လုပ်ရအောင် ကျနော်တို့ UG တွေက အရူးတွေမှ မဟုတ်တာ။ အဲဒီတော့ သူတို့ဘာသာ သူတို့လုပ်ပြီး လုပ်ကြံပြီးတော့မှ မြို့ပြပြောက်ကျားတွေကို လွှဲချတယ်လို့ပဲ မြင်တယ်၊ ကျနော်တို့ UG တွေက မစ်ရှင်တွေနဲ့ ပတ်သက်ပြီး လုပ်တဲ့အဖွဲ့တိုင်းက ဝန်ခံ ထုတ်ပြန်ပေးကြတယ်။ အခု ကိစ္စမှာတော့ ဘယ်အဖွဲ့မှ ထုတ်ပြန်ထားတာ မရှိတဲ့အတွက် သူတို့ဘာသာ လုပ်ကြံတာပဲလို့ ပြောချင်တယ်” ဟု ပြောသည်။
ဦးအဂ္ဂဝံသကလည်း “လူမြင်ကွင်းကြီးမှာ အခုလို ရှော့တိုက်ဒုံးတွေ ထားဖို့ဆိုတာ တော်တော်ကို ခက်ခဲပါတယ်၊ မဖြစ်နိုင်တဲ့ ကိစ္စလို့ပဲ မြင်တယ်။ သားမတွေ့ မိဘကို ဖမ်း၊ ယောက်ျားမတွေ့ရင် မိန်းမကို ဖမ်း ဆိုတာက သူတို့ လုပ်နေကြပုံစံပဲ။ အဓိက တော့ မဆိုင်တဲ့သူတွေ အပြစ်မဲ့သူတွေကို ဖမ်းဆီးပြီး မတရား ပုဒ်မတွေ တပ်နေတာပဲလေ။ ဆိုတော့ အခုကိစ္စမှာလည်း ရှော့တိုက်ဒုံးတွေ့တာနဲ့ ဆက်စပ်တယ်ဆိုတာတော့ အကြောင်းပြချက် တခုပဲလို့ မြင်တယ်” ဟု ဆက်လက် မိန့်ကြားသည်။
ယခုအခါ စစ်ကောင်စီသည် မန္တလေးမြို့ရှိ ရပ်ကွက်များနှင့် လမ်းများကို ပိတ်ဆို့ကာ ဝင်ရောက်စီးနင်း ရှာဖွေ ဖမ်းဆီးခြင်း များ ပြုလုပ်နေသလို မြေပြင်သပိတ် လူငယ်များ၊ ပြောက်ကျား တပ်ဖွဲ့ဝင်များ၊ NLD ပါတီဝင်များ၊ NLD အမာခံများနှင့် စစ် အာဏာရှင်ကို လက်မခံသည့် ပြည်သူများကို ပိုက်စိပ်တိုက် ရှာဖွေ ဖမ်းဆီးခြင်းများလည်း လုပ်ဆောင်နေကာ ဖမ်းဆီးခံရ သူများ၏ နောက်ဆက်တွဲ သတင်း အချက်အလက်များကို ထုတ်ပြန်ခြင်း မရှိဘဲ သတင်း အမှောင်ချခြင်းများ ပြုလုပ်နေ သည်ဟု မန္တလေး သပိတ်အင်အားစုများက ဆိုသည်။
You may also like these stories:
စစ်ကောင်စီတပ်သား ၂ ဦး ထွက်ပြေးမှုကြောင့် မတူပီမြို့ခံ ၅ ဦးဖမ်းဆီးခံရ
ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်အုပ်စု၏ အငြိုး