ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်တွင် စစ်ကောင်စီ ယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် အနားရှိ ကျေးရွာများမှ ဒေသခံ ပြည်သူ ၃၀၀ နီးပါးကို ၁ ပတ်ကြာသည်အထိ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ရန်ကုန်တောင်ပိုင်းခရိုင်၊ ပြည် သူ့ ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) ထံမှ သိရသည်။
ကော့မှူးမြို့နယ်၊ ငှက်အော်စမ်း ကျေးရွာအနီး၌ မေလ ၃ ရက် ညနေ ၃ နာရီခန့်တွင် စစ်ကောင်စီယာဉ်တန်းအား ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦး အပါအဝင် စစ်ကောင်စီ အဖွဲ့ဝင် ၂ ဦး သေဆုံးပြီး နောက် အနီးနားရှိ ရွာ ၃ ရွာမှ ပြည်သူများကို ညတွင်းချင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ငှက်အော်စမ်းရွာမှ ဒေသခံ ၁၀၀ ကျော်၊ သံကြိုရွာမှ ၁၅၀ ကျော်၊ ညောင်ထောက်အပြင် ရေတာရှည်ရွာမှ ပြည်သူ အချို့ကိုလည်း ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
စစ်ကောင်စီက ဖမ်းဆီးသွားခဲ့သည့် အမျိုးသမီးများကို ပြန်လွှတ်ပေးခဲ့သော်လည်း ကျေးရွာများမှ အမျိုးသားများကို ဦး တည် ဖမ်းဆီးထားခြင်း ဖြစ်သည်။ မိသားစု တစုလျှင် အမျိုးသား ၂ ဦးနှုန်းဖြင့် ချုပ်နှောင်ထားခြင်းဖြစ်ကာ ပြည်သူ ၃၀၀ ခနျ့ကို ငှက်အော်စမ်းရွာအတွင်းရှိ စာသင်ကျောင်း၌ ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တဦးက “တရွာလုံးကို ခေါ်တာပေါ့။ အဲဒီနားမှာ Mission တခုလုပ်လိုက်ပြီဆိုရင် အဲဒီ ရွာ ပါပါ မပါပါ အကုန်ဖမ်းတာ။ အရင်ကဆိုရင် သက်ကြီးရွယ်အိုတွေကို ထားသေးတယ်။ လူငယ်တွေဆို အကုန်ခေါ် တယ်၊ ရိုက်တယ်။ ရွာလုံးကျွတ် ဘောလုံးကွင်းထဲမှာ ထုတ်ပြီး နေလှန်းတယ်၊ သူတို့အမြဲတမ်း လုပ်နေကျ။ အခုက ပို ဆိုးတာပေါ့။ အရင်ကဆို ရိုက်တာက ၂ ရက်လောက်နဲ့ ပြီးသွားတာ အခုက ၁ ပတ်လောက် ရှိနေပြီပေါ့” ဟု ပြော သည်။
ဖမ်းဆီးခံထားရသူများထဲတွင် အသက်မပြည့်သေးသည့် ကလေးငယ်များလည်း ပါဝင်ပြီး စစ်ကောင်စီတပ်က ရိုက်နှက် နှိပ်စက်မှုများ ပြုလုပ်လျက်ရှိသည်ဟု ဒေသခံများက ဆိုကြသည်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်တပ် အရာရှိ သေဆုံးခဲ့သည့် မေလ ၃ ရက်နေ့ နောက်ပိုင်းတွင် ဒလ၊ တွံတေး၊ လှိုင်သာယာ၊ ကွမ်းခြံကုန်းနှင့် ဒေးဒရဲ တို့ဘက်မှ စစ်ကောင်စီတပ် အင်အား အလုံးအရင်းသည် ကော့မှူး မြို့နယ်ထဲသို့ ရောက်ရှိလာပြီး ဒေသခံများကို ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။
အလားတူပင် ကော့မှူးမြို့နယ်အပြင် ကွမ်းခြံကုန်းမြို့နယ်နှင့် တွံတေးမြို့နယ်အတွင်းက ကျေးရွာများတွင်လည်း ရှာဖွေ စစ်ဆေး ဖမ်းဆီးမှုများ ရှိကြောင်း ဒေသခံ များထံမှ သိရသည်။
ဒေသခံ တဦးက “တောတွေရှိတဲ့ အခါကျတော့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်တွေက ချုံခိုတိုက်ပြီး တောထဲ ဝင် သွားတယ်။ သူတို့ (စစ်ကောင်စီ) ခံရတာ များလာတော့ ကျနော်တို့ဘက်ကို ဖိလာတာပေါ့” ဟု ဆိုသည်။
မေလ ၃ ရက်က ကော့မှူးမြို့နယ်၊ ငှက်အော်စမ်းကျေးရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတွင် ငှက်အော်စမ်းကျေးရွာ အပါအဝင် အနီးဝန်းကျင်ရွာများက ဒေသခံ ပြည်သူများအနေဖြင့် လုံးဝ ပါဝင်ခဲ့ခြင်း မရှိကြောင်းနှင့် အဆိုပါ တိုက်ခိုက် မှုသည် နန်းထိုက်အောင် စစ်ဆင်ရေးအရ ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့က ဆိုသည်။
သို့သော် စစ်ကောင်စီသည် ကာကွယ်ရေး တပ်ဖွဲ့ဝင်များကို ဖော်ထုတ်နိုင်ခြင်းမရှိဘဲ ကျေးရွာနေ ပြည်သူများအား ဖမ်း ဆီးစစ်ဆေးမှုများပြုလုပ်နေခြင်းကို တောင်ပိုင်းခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရှုတ်ချကြောင်းလည်း ဆိုသည်။
ရန်ကုန်တိုင်း၊ တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်သည် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ် အထွေ ထွေ ရွေးကောက်ပွဲတွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနိုင်ရခဲ့သည့် မဲဆန္ဒနယ်မြေ ဖြစ် သည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဖမ်းဆီး ချုပ်နှောင်ထားသူ စုစုပေါင်း ၁၀၅၄၅ ဦးရှိပြီး ဖမ်းဝရမ်း ထုတ်ခံရ သဖြင့် တိမ်းရှောင်နေသူ ၁၉၇၇ ဦးရှိကာ စစ်ကောင်စီ လက်ချက်ကြောင့် သေဆုံးခဲ့သူ ၁၈၂၅ ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ စာရင်းများအရ သိရသည်။
You may also like these stories:
မတူပီမှ ဆင်းလာသည့် စစ်ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရ၊ အသေဆုံးများ
PDF စိုးမိုးနယ်မြေများ အတွက် “ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေ” CRPH ပြဌာန်း