သတင်း

ဒေါ်နန်းလိုင်းခမ်း လေဆိပ်တွင် ခေတ္တထိန်းသိမ်းစစ်ဆေးခံရ

မြန်မာပြည်တွင်း ထိပ်တန်းလုပ်ငန်းရှင်တဦးဖြစ်သော ကမ္ဘောဇလုပ်ငန်းစုပိုင်ရှင် ဦးအောင်ကိုဝင်း၏ သမီးဖြစ်သူ ဒေါ်နန်းလိုင်းခမ်းသည် ပြီးခဲ့သည့် မေလ ၈ ရက်နေ့၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အချိန် ၂ နာရီကျော်ကြာ ဖမ်းဆီးစစ်ဆေးခံခဲ့ရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေယာဉ်ခရီးစဉ်အမှတ် 8M-335 ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက် မြို့သို့ သွားမည့် ဒေါ်နန်းလိုင်းခမ်းကို ရန်ကုန်လေဆိပ် စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)မှ ဗိုလ်မှူး ကျော်မြတ်လင်းက ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ရန်ကုန်လေဆိပ်အခြေစိုက် Air KBZ နှင့် MAI တို့မှ အရေးတကြီးပုဂ္ဂိုလ်များအား ဝန်ဆောင်မှုပေးသူ အထွေထွေမန်နေဂျာ ဒေါ်ခင်စိုးဝင်းက လူမှုကွန်ရက်တွင် ဦးအောင်ကိုဝင်းထံ လိပ်မူပြီး ရေးသားထားသည့် စာကို ကျယ်ကျယ်ပြန့်ပြန့် ဝေငှလာသည်။ ထိုစာတွင် “ကျွန်မ၏အမြင်အားဖြင့် မလုပ်သင့်သောကိစ္စဖြစ်ပါသည်။အပြစ်ရှိပါက ခရီးမသွားခင် နေအိမ်တွင် အချိန်မရွေး လာရောက်မေးမြန်းနိုင်ပါသည်။ခေတ်အဆက်ဆက်အစိုးရလက်ထက်များတွင် နိုင်ငံတော်အကျိုးကို စေတနာထားပီး သစ္စာရှိစွာဆောင်ရွက်ခဲ့သော နာယကကြီးတို့မိသားစုဝင်အား ယခုကဲ့သို့ မလုပ်ဆောင်သင့်ပါ” ဟု ဒေါ်ခင်စိုးဝင်းက ရေးသားထားပြီး “ပြည်တွင်းပြည်ပမှ ဘွဲ့များစွာရရှိထားပီး ရိုးသားကြိုးစားစွာဆောင်ရွက်နေသော လူတော်လူကောင်း၏စိတ်ဓါတ်ကို ရိုက်ချိုးပြီး စိတ်နာအောင် လုပ်ဆောင်သည်ဟု ယူဆမိပါသဖြင့် နာယကကြီးသိရှိအောင် ရိုသေစွာဖြင့် တင်ပြအပ်ပါသည်” ဟုလည်း ဆိုသည်။

Air KBZ နှင့် MAI တို့သည် ဦးအောင်ကိုဝင်း၏ ကမ္ဘောဇလုပ်ငန်းစုမှ အများစု ပိုင်ဆိုင်ထားသော လေကြောင်းလိုင်းများဖြစ်သည်။

စစ်အစိုးရအဆက်ဆက် ခေါင်းဆောင်ပိုင်းများနှင့် နီးကပ်ရင်းနှီးသော ဆက်ဆံရေးရှိပြီး စီးပွား ရေးလုပ်ငန်းအများအပြား ပူးပေါင်းလုပ်ဆောင်ခဲ့သော ခရိုနီသူဌေးကြီး ဦးအောင်ကိုဝင်း၏ မိသားစုဝင်တဦးကို စစ်တပ်ဘက်က ယခုလို မည်သည့်အတွက် ခေါ်ယူစစ်ဆေးရသနည်း။

ဧရာဝတီက စုံစမ်းသိရသမျှမှာ မည်သည့် ချမ်းသာကြွယ်ဝသူကိုမဆို ရန်ကုန်လေဆိပ်မှ ပေးမထွက်ရန် အမိန့်ပေးထားကြောင်းနှင့် စစ်တပ်ဘက်မှ ပြန်လည်တောင်းပန်ကြောင်း သိရပြီး နောက်ပိုင်းတွင် ဒေါ်နန်းလိုင်းခမ်း နောက်တရက် လေယာဉ်ခရီးစဉ်ဖြင့် ထိုင်းနိုင်ငံသို့ ထွက်ခွာခွင့်ရရှိခဲ့ကာ ယခု ဘန်ကောက်မြို့တွင် ရောက်ရှိနေကြောင်း သိရသည်။

က‌မ္ဘောဇဘဏ် ဒုတိယအမှုဆောင်အရာရှိချုပ် နန်းလိုင်ခမ်းကို ဖမ်းဆီးထားတာ မရှိကြောင်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီသတင်းဌာနသို့ ယနေ့(မေလ ၁၀) နံနက်ပိုင်းတွင် ဖြေကြားထားသည်။

ဦးအောင်ကိုဝင်းသည် ယခုအာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဂေါက်အတူတူရိုက်သည်အထိ ရင်းနှီးသည့် ဆက်ဆံရေးရှိသူဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အရပ်သားအစိုးရလက်ထက်တွင်မူ ကမ္ဘောဇလုပ်ငန်းစု၏ ကိုယ်စား အမှုဆောင်ဒါရိုက်တာတဦးဖြစ်သည့် ဒေါ်နန်းလိုင်းခမ်းက နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ပွဲများတွင် တက်ရောက်ခဲ့သည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဧပြီလအတွင်းက မြန်မာပြည်တွင်းထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဖြစ်သည့် ဧဒင်လုပ်ငန်းစု ပိုင်ရှင် ဦးချစ်ခိုင် နှင့် ၎င်း၏ သားဖြစ်သူ ဦးဝင်းမင်းခိုင်းကို ဖမ်းဆီးခံပြီး အဂတိအမှုဖြင့် တရားစွဲဆိုထားသည်။

ထို့ပြင် လူသိများသည့် စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ် ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်းနှင့် ခမည်းခမက်တော်စပ်သော ဇေကမ္ဘာ ဦးခင်ရွှေ နှင့် သားဖြစ်သူ ဦးဇေသီဟတို့ကိုလည်း စစ်ကောင်စီက ဖမ်းဆီးတရားစွဲထားသည်။

စစ်ကောင်စီက ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးများအား ဖမ်းဆီးစစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်လာလျက်ရှိသလို ထူးလုပ်ငန်းစု ပိုင်ရှင် ဦးတေဇ နှင့် သမဝါယမ CB ဘဏ်ပိုင်ရှင် ဦးခင်မောင်အေးတို့ကိုလည်း ပြည်ပတွင် နေထိုင်ရာမှ မြန်မာပြည်တွင်း ပြန်လည်နေထိုင်ကြရန် ခေါ်ယူခဲ့ကြောင်း သိရသည်။

ယမန်နှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိပ်တန်းခရိုနီသူဋ္ဌေးတဦးဖြစ်သည့် ဧရာဝတီဘဏ်ပိုင်ရှင် ဦးဇော်ဇော်လည်း ခေါ်ယူထိန်းသိမ်းခြင်းခံခဲ့ရပြီး ယခုအခါ ပြန်လည်သွားလာခွင့်ရနေပြီဖြစ်သည်။ ပြီးခဲ့သည့် ၂ ပတ်က မလေးရှားသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

You may also like these stories:

NLD နဲ့ ဆက်နွယ်ပြီး ပထမဆုံး အမှုဖွင့် ဖမ်းဆီးခံရတဲ့ ထိပ်သီးလုပ်ငန်းရှင် ဦးချစ်ခိုင်

ဒေါ်လာစနစ် ဖျက်သိမ်းခြင်းက ဘဏ္ဍာရေးအရ လည်ပင်း ကြိုးကွင်းစွပ်ခြင်းဖြစ်

ကျပ် နှစ်သောင်းတန် ငွေစက္ကူ ဗဟိုဘဏ် ရိုက်ထုတ်မလား

ဒေါ်လာငွေတွေ ၁ ရက်ပဲ သိမ်းထားလို့ ရတော့မယ့်နောက်

Loading