MoU စနစ်ဖြင့် လုပ်သားခေါ်ယူခြင်းကို ၂နှစ်ကြာ ရပ်ဆိုင်းထားရာမှ ယနေ့စတင်ကာ မြန်မာအလုပ်သမား ၂၈၈ဦးကို မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတား အမှတ် ၂ မှတဆင့် ထိုင်းနိုင်ငံမှ ပြန်လည်ခေါ်ယူကြောင်း သိရသည်။
ယင်း မြန်မာလုပ်သားများအား ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ရှိ ကြက်သားစက်ရုံတွင် အလုပ်လုပ်ရန် ပထမဆုံးအသုတ်အနေဖြင့် စတင်ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးမိုးကျော်က “ပထမဆုံးအသုတ်ပါ။ ပြီးခဲ့တဲ့ မတ်လလောက်ထဲက အေဂျင်စီတွေနဲ့ အပြီးသတ် စာချုပ်ချုပ်ထားပြီး အားလုံး စစ်ဆေး အတည်ပြုချက် ရထားတဲ့ အလုပ် သမား ၂၈၈ ဦးလို့ သိရပါတယ်။ တရားဝင် အေဂျင်စီတွေနဲ့က လုပ်သားခေါ်ယူမယ့် အလုပ်ရှင်ရော၊ အလုပ်သမား ဘက် ရော အစိုးရ နှစ်ဖက်ပြီးရင် သေချာ စနစ်တကျ လုပ်ပေးပြီးမှ ဝင်ရောက်လို့ ရတယ်ဆိုတာ တွေ့ရတယ်” ဟု ဧရာဝတီ သို့ ပြောသည်။
ယင်း အခြေအနေများကြောင့် တရားဝင် မဟုတ်သည့် ပွဲစားများအနေဖြင့် ယခုလို လူအများစုပြီး ဝင်လို့ရသည့် ပုံစံမျိုးကို ပြကာ လူစုလူဝေးလုပ်ခြင်း၊ မလိုလားအပ်သည့် နောက်ဆက်တွဲ ပုံစံမျိုးများနှင့် အလုပ်သမားများ အန္တရာယ်ဖြစ်ပွားမည် ကိုလည်း စိုးရိမ်ရကြောင်း ၎င်းက ပြောသည်။
ထို့ကြောင့် အမှန်တကယ် ခေါ်ယူသည့် တရားဝင် အလုပ်သမား အေဂျင်စီများနှင့် ဆက်သွယ်ပြီး ထိုင်းနိုင်ငံမှ လုပ်သား ခေါ်ယူသည့် ပုံစံ၊ စစ်ဆေးသည့် အချက်အလက်များကို အဆင့်ဆင့် သေချာစွာ စုံစမ်းပြီးမှ မြန်မာလုပ်သားများအနေနှင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်သင့်ကြောင်း ဦးမိုးကျော်က ပြောပြသည်။
ယနေ့ဝင်ရောက်လာသည့် MoU အလုပ်သမား ၂၈၈ ဦးတွင် အမျိုးသမီးလုပ်သား တော်တော်များများ ပါဝင်သည်ကို တွေ့ရ ကြောင်း၊ မနက်ဖြန်တွင်လည်း အလုပ်သမား ၃၀၀ခန့် ထပ်မံဝင်ရောက်ရန် ရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများထံက သိရသည်။

ထို့ပြင် အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများအဖြစ် ထိုင်းနိုင်ငံသို့ ရောက်ရှိ လာ သော မြန်မာလုပ်သားများအနေနှင့် ထိုင်းနိုင်ငံ၏ အလုပ်သမား ခေါ်ယူမှုစနစ်များကို လေ့လာထားသင့်သလို မြေပြင်မှာ ဆောင်ရွက်နေသော အလုပ်သမားအရေး ဆောင်ရွက်သူများနှင့်လည်း ဆက်သွယ် ချိတ်ဆက်ထားရန် လိုအပ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။
ပြည်ပနိုင်ငံများသို့ လုပ်သားစေလွှတ်မှုကို ကိုဗစ်ကပ်ရောဂါ ကူးစက်ပျံ့ပွားနေသည့် ၂၀၂၀ ပြည့်နှစ် မတ်လ အတွင်းက ရပ်ဆိုင်းထားခဲ့ရာမှ ယခု ထိုင်းနိုင်ငံက ပြန်လည် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ပြည်တွင်း၌ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားမှုနှင့် စစ်တပ်အာဏာသိမ်းပြီး နောက်ဆက်တွဲအကျိုးဆက်များကြောင့် အလုပ်လက်မဲ့ ဦးရေ များပြားလာပြီး ထိုင်းနိုင်ငံဘက်သို့ နေ့စဉ် တရားမဝင် ဝင်ရောက်သည့် မြန်မာရွှေ့ပြောင်းလုပ်သား ရာနှင့်ချီ ရှိကာ ဖမ်းဆီးခံရသူ အများအပြားလည်း ရှိနေကြောင်း သိရသည်။
You may also like these stories:
စစ်အာဏာသိမ်းပြီးနောက် ထိုင်းရောက် မြန်မာလုပ်သားများ အခွင့်အရေးချိုးဖောက်ခံရမှု ပိုဆိုးလာဟုဆို
ထိုင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် မြန်မာ ၈ သောင်းခန့် အဖမ်းခံခဲ့ရ
ထိုင်းရှိ MoU လုပ်သား ၁ သိန်းကျော်ကို ၂ နှစ် သက်တမ်းတိုးခွင့်ပြု