သတင်း

ဘားအံထောင်ဆူမှု အကျဉ်းသား ၄ ဦး ဒဏ်ရာပြင်းထန်၊ ၁၇ ဦး တိုက်ပိတ်ခံရ

ကရင်ပြည်နယ်၊ ဘားအံ (တောင်ကလေး) အကျဉ်းထောင်တွင် မေလ ၈ ရက်က ထောင်ဆူမှုဖြစ်ပွားခဲ့ရာတွင် အကျဉ်း သားတချို့ ရိုက်နှက်ခံရ၍ တိုက်ပိတ်ခံရမှုများ ရှိကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။

မေ ၈ရက် မနက်က ယင်းထောင်ရှိ နိုင်ငံရေး အကျဉ်းသား အမျိုးသား ၅၀ ဦး၊ အမျိုးသမီး ၁၆ ဦးတို့ကို စစ်ကောင်စီမှ မွန်ပြည်နယ်ရှိ ကျိုက်မရောထောင်သို့ ပြောင်းရွှေ့ရာ အကျဉ်းသားများက ကားပေါ်တွင် သွေးသစ္စာသီချင်း ဆိုကြသလို ထောင်တွင်းရှိ ကျန်အကျဉ်းသားများကလည်း အဓမ္မပြောင်းရွှေ့သည်ကို မကျေနပ်၍ ပန်းကန်၊ ခွက်များကို တီး၍ ဆန္ဒပြရာမှ ထောင်အာဏာပိုင်များက ဖြိုခွင်းသဖြင့် ဒဏ်ရာများရရှိကာ အရေးယူခံရခြင်း ဖြစ်သည်။

ဘားအံ အကျဉ်းထောင်နှင့် နီးစပ်သည့် ဒေသခံတဦးက “အတင်းအဓမ္မပြောင်းတဲ့အတွက် ကားပေါ်မှာ သွေးသစ္စာ သီချင်းတောက်လျှောက် ဆိုသွားတယ်။ ကျန်ခဲ့တဲ့သူတွေကလည်း မကျေနပ်လို့ ပန်းကန်တွေ၊ ခွက်တွေ တီးပြီးတော့ ထောင်တွင်း ဆန္ဒပြတယ်။ ထောင်အာဏာပိုင်တွေ၊ ရဲရော၊ တပ်ရော ရောက်လာပြီးတော့ ဖြိုခွင်းတယ်။ အဲဒီမှာ အမျိုး သား ၄ ယောက်တော့ အရိုက်ခံရတာတို့ သေနတ်ဒင်နဲ့ ထုတာတို့ ဒရွတ်တိုက် ဆွဲသွားတာတို့ကြောင့် ပြင်းပြင်းထန် ထန် ဒဏ်ရာရတယ်။ ၁၇ ယောက်ကတော့ တိုက်ပိတ် ခံလိုက်ရတယ်” ဟု ပြောသည်။

ထိုသို့ ထောင်ပြောင်းရွှေ့ခြင်းမှာ စစ်ကောင်စီက နိုင်ငံရေး အကျဉ်းသားများ စိတ်ဓာတ်ပျက်ပြားစေရန် နှိပ်စက်ခြင်း တမျိုးဖြစ်ပြီး ထောင်းတွင်း၌ နိုင်ငံရေး စည်းရုံးခြင်းများ ဟန့်တားရန်အတွက် ဖြစ်ကြောင်း မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက မေလ ၈ ရက်တွင် ထုတ်ပြန်ထားသည်။

ယင်းသို့ ထောင်ပြောင်းမှုတွင် လေကြောင်း တက္ကသိုလ်ကျောင်းသားဟောင်းများဖြစ်သည့် ကိုဟိန်းထက်ဝေယံလည်း ပါသွားကြောင်း မိသားစုဝင်များက အတည်ပြု ပြောဆိုသည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင် ကော်မတီဝင် ဦးထွန်းကြည်က “ကျနော်တို့ မေးမြန်းစုံစမ်းတာ ကြား သိရသလောက်ကတော့ အခု ဘားအံ တောင်ကလေးထောင်ရဲ့ ထောင်ပိုင်က တော်တော်လေးကို မောက်မာတယ်။ မိုက်ရိုင်းတယ်၊ လက်နက်ကိုင်တွေနဲ့ အင်အားသုံးတယ်။ ထောင်မှာ သူတို့က ဘာလုပ်ထားလဲဆိုတော့ အကျဉ်းသား အရာရှိတွေနေရာမှာ ရာဇဝတ်သားတွေ ခန့်ထားတယ်။ သူတို့က လူသတ်မှု မုဒိမ်းမှု၊ ဓားပြ တိုက်မှုတွေနဲ့ ထောင်ကျတဲ့ သူ တွေ။ ဆိုးသွမ်းတဲ့လူတွေ နှစ်ကြီးသမားတွေကို အကျဉ်းသား အရာရှိခန့်ပြီးတော့ နိုင်ငံရေးအကျဉ်း သားတွေပေါ် မှာ ပြန်လုပ်ခိုင်းတာ။ လုပ်တော့လည်း ညာသံပေးပြီးတော့ မင်းလားကွ နိုင်ကျဉ်း၊ မင်း လားကွ PDF၊ မင်း လားကွ ကျောင်းသားခေါင်းဆောင် အဲဒီလိုမျိုး ပြောပြီးတော့ ရိုက်နှက်နေတာကို” ဟု ပြောသည်။

အဆိုပါ ထောင်ဆူမှု ဖြစ်စဉ်မှာ လုံခြုံရေး လိုအပ်မှုကြောင့် စည်းကမ်းထိန်းသိမ်းဆောင်ရွက်ခြင်းသာ ဖြစ်ကြောင်း မြန်မာနိုင်ငံ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောသည်။

၎င်းက “လူကျပ်မှုကြောင့် ပြောင်းရွှေ့တာပဲ ရှိပါတယ်။ လုံခြုံရေး လိုအပ်မှုကြောင့် စည်းကမ်း ထိန်းသိမ်း ဆောင်ရွက်ရ တာပါ။ ထောင်ဆူတယ် ဆိုတာလည်း မဟုတ်ပါဘူး။ လူဦးရေ ကျပ်တည်းမှုကြောင့် ရွှေ့တယ်။ နီးစပ်ရာ ထောင်ကို ရွှေ့ပေးတယ်။ ဒီလောက်ပါပဲ” ဟု ပြောဆိုသည်။

ဘားအံမြို့ တောင်ကလေး အကျဉ်းထောင်တွင် ကရင်ပြည်နယ်နှင့် တခြားသော နယ်များမှ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၂၀၀ ခန့်ရှိကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများမှ ပြောဆိုကြသည်။

အဆိုပါ ဖြစ်ရပ်ကဲ့သို့ ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်တွင်လည်း ဘားအံအကျဉ်းထောင်၌ နိုင်ငံရေး အကျဉ်းသား တဦးကို ရာဇဝတ် အကျဉ်းသား ၁ ဦးက မတရား ရိုက်နှက်သဖြင့် အကျဉ်းထောင်အတွင်း ဆူပူမှုများ ဖြစ်ပွားခဲ့သေးသည်။

You may also like these stories:

စစ်ကောင်စီ နှစ်သစ်ကူး လွတ်ငြိမ်း နိုင်ငံရေးအကျဉ်းသားများ မပါဝင်

မုံရွာထောင်တွင်း ပစ်ခတ်နှိမ်နင်းပြီးနောက် နိုင်/ကျဉ်း ၁၀၀ ခန့် ထောင်ပြောင်းခံရ

မုံရွာထောင်အတွင်း ဆန္ဒပြမှု ပစ်ခတ်ခံရ၍ တဦး သေဆုံး

ထောင်တွင်းအကြမ်းဖက်မှုများ စစ်ဆေးပေးရန် ICRC ကို တောင်းဆို

Loading