အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးဘိုဘိုငယ်အား အမေရိကန် သူဌေး ဂျော့ဆိုးရော့စ်၏ ပွင့်လင်းလူ့အဖွဲ့အစည်း (Open Society Myanmar- OSM) ထံ ငွေလွှဲပြောင်း၊ ထုတ်ယူမှုနှင့် ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် ယမန်နေ့၌ နေပြည်တော်၊ ဘုရားကုန်းရဲစခန်းတွင် အမှုဖွင့်လိုက်ကြောင်း အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
၂၀၁၈ ခုနှစ်က ပွင့်လင်းလူ့အဖွဲ့အစည်း (OSM) ထံသို့ စင်ကာပူနိုင်ငံမှတဆင့် အမေရိကန်ဒေါ်လာ ၅ သန်း လွှဲပြောင်းပေး ခြင်းနှင့် ယင်းငွေများထဲမှ ထုတ်ယူခဲ့သည့် အမေရိကန် ဒေါ်လာ ၁.၄ သန်းကျော်နှင့် ညီမျှသည့် ကျပ်သန်း ၁၉၀၀ ကျော် အပေါ် အခွန် မကောက်ခဲ့သည့်အတွက် ကျပ်သန်း ၃၆၀ ကျော် နစ်နာစေခဲ့ကြောင်း စစ်ကောင်စီက စွပ်စွဲထားသည်။
အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (SMED) တွင် အကောင့်ဖွင့်ထားသည့် ဂျော့ဆိုးရော့စ်၏ ပွင့်လင်း လူ့အဖွဲ့အစည်း (OSM) သို့ စင်္ကာပူအခြေစိုက် OVERSEA-CHINESE BANKING CORPORATION LIMITED ဘဏ်မှတဆင့် ဒေါ်လာ ၅ သန်းအား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်ကတည်းက လွှဲပြောင်း ပေးပို့ခဲ့ခြင်းဖြစ်ပြီး ယင်းငွေ များထဲမှ ဒေါ်လာ ၁.၄ သန်းကျော် (ကျပ်သန်း ၁၉၀၀ ကျော်အား) စစ်တပ်အာဏာသိမ်းအပြီး ဖေဖော်ဝါရီ ၈ ရက်တွင် ပွင့် လင်း လူ့အဖွဲ့အစည်း တာဝန်ရှိသူများက ထုတ်ယူခဲ့ခြင်း ဖြစ်သည်။
SMED ဘဏ်မှ ငွေထုတ်ယူခဲ့မှုနှင့် ပတ်သက်ပြီးလည်း ပွင်းလင်းလူ့အဖွဲ့အစည်းမှ ဒေါ်ဖြူပပအောင်အား စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး ယင်းငွေများဖြင့် စစ်တပ်အာဏာသိမ်းမှုအား ဆန့်ကျင်သည့် ပြည်သူ့အာဏာဖီဆန်ရေး-CDM လှုပ်ရှားမှုအား ထောက်ပံ့သည် ဟု စွပ်စွဲကာ ပွင်းလင်းလူ့အဖွဲ့အစည်းမှ အခြားသော တာဝန်ရှိသူများကိုလည်း ဖမ်းဆီးရန် ကြိုးပမ်းခဲ့သည်။
ယင်းပြင် ပွင်းလင်းလူ့အဖွဲ့အစည်း၏ ဘဏ်အကောင့်နှင့် အကောင့်အတွင်းကျန်ရှိငွေများကိုလည်း အာဏာသိမ်း စစ်ကောင်စီက ထိန်းချုပ်ထားသည်။
ယင်းငွေကြေး လွှဲပြောင်း ထုတ်ယူမှုများနှင့် ပတ်သက်ပြီး SMED ဘဏ် ဒု ဥက္ကဋ္ဌနှင့် အမှုဆောင် အရာရှိချုပ် ဦးဇေယျာညွန့် အား၂၀၂၁ ခုနှစ် မတ်လ ၇ ရက်တွင် စစ်တပ်က ဖမ်းဆီး စစ်ဆေးခဲ့ပြီး ပွင့်လင်း လူ့အဖွဲ့အစည်းထံသို့ ငွေလွှဲပြောင်းမှု၊ ထုတ် ယူမှုများတွင် လုပ်ထုံးလုပ်နည်းများ ချိုးဖောက်ကာ ဗဟိုဘဏ်နှင့် သက်ဆိုင်ရာဌာနများသို့ သတင်းပေးပို့ရန် ပျက် ကွက်ခဲ့သည့်အတွက် ဘဏ်တာဝန်ရှိသူများအား အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း စစ်ကောင်စီက ၂၀၂၁ ခုနှစ် မတ် ၁၅ ရက်က ကြေညာခဲ့သည်။
သို့သော် ဘဏ် တာဝန်ရှိသူများအား မည်သို့ အရေးယူသည်ကို အာဏာသိမ်း စစ်ကောင်စီ ဆက်လက် ထုတ်ပြန်ခဲ့ခြင်း မရှိ သေးပေ။
၂၀၂၂ ခုနှစ် မတ်၂၂ ရက် ညပိုင်းတွင် SMED ဘဏ်၏ နာယက ဇေကမာ္ဘ ဦးခင်ရွှေနှင့် ဒု ဥက္ကဋ္ဌ တာဝန်ယူထားသည့် သား ဖြစ်သူ ဦးဇေသီဟ တို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။
ယင်း ဖမ်းဆီးမှုသည့် ပွင့်လင်းလူ့အဖွဲ့အစည်း (OSM) နှင့် သက်ဆိုင်ခြင်း ရှိ မရှိ မသိရသေးဘဲ ဇေကမာ္ဘနှင့် စစ်တပ်အကြား ပျက်ပြယ်သွားသည့် အကျိုးတူ စီမံကိန်းတခုဖြစ်သော ရန်ကုန်မြို့၊ မြရိပ်ညို ဟိုတယ်ဝင်း အတွင်းရှိ စီမံကိန်းတွင် ရှေး ဟောင်း အဆောက်အအုံ နှစ်လုံးအား ဖြိုဖျက်ခဲ့သည် ဟုဆိုကာ လတ်တလောတွင် ရှေးဟောင်း အဆောက်အအုံများ ကာ ကွယ် ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ၂၄ ဖြင့် စစ်ကောင်စီက တရားစွဲကာ ချုပ်နှောင်ထားသည်။
အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဦးဘိုဘိုငယ်အပေါ်တွင် စစ်ကောင်စီက အာဏာသိမ်းအပြီး တနှစ်ကျော်အကြာတွင်မှ အဂတိမှုဖြင့် ထပ်မံ တရားစွဲဆိုလာခြင်းလည်း ဖြစ်သည်။
ဦးဘိုဘိုငယ်အနေဖြင့် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ တာဝန်ဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာန၊ ဘဏ်လုပ်ငန်းကြီးကြပ် စစ် ဆေးရေးဌာနနှင့် စာရင်းဌာနတို့အား ကြီးကြပ်ဆောင်ရွက်ခဲ့စဉ်က ဒေါ်လာတသောင်းနှင့်အထက် နိုင်ငံခြားသုံးငွေ လွှဲ ပြောင်းမှုများတွင် ကြီးကြပ်မှု အားနည်းခဲ့သည့်အတွက် နိုင်ငံတော် အခွန်များ နစ်နာဆုံးရှုံးခဲ့ကြောင်း စစ်ကောင်စီက စွပ် စွဲထားသည်။
ယင်းပြင် ဦးဘိုဘိုငယ်အနေဖြင့် နိုင်ငံတော်က ချေးငွေရရှိသည့် အမေရိကန်ဒေါ်လာ သန်း ၃၅၀ အား ဗဟိုဘဏ် တာဝန်ရှိ သူများက အတိုးနှုန်း ပိုရသည့်ဘဏ်တွင် အပ်နှံရန် တင်ပြခဲ့သော်လည်း ၎င်းတဦးတည်း ဆုံးဖြတ်ချက်ဖြင့် စင်ကာပူနိုင်ငံ SMBC ဘဏ်တွင် အပ်နှံစေခဲ့သည့်အတွက် အတိုးနှုန်း နှိုင်းယှဉ်ချက်အရ အမေရိကန်ဒေါ်လာ ၀.၃၉ သန်းကျော် (ကျပ် ၆၆၅ သန်းကျော်) နစ်နာခဲ့ကြောင်းလည်း စစ်ကောင်စီက စွပ်စွဲထားသည်။
ဗဟိုဘဏ် ဒု ဥက္ကဋ္ဌဖြစ်သူ ဦးဘိုဘိုငယ်သည် စစ်တပ် အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကတည်းက ဖမ်းဆီး ချုပ်နှောင်ခံထားရခြင်းဖြစ်ပြီး ၎င်းအား မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကို စစ်ကောင်စီက ထုတ်ပြန် ကြေညာခြင်း မပြုခဲ့ပေ။
You may also like these stories:
စစ်ကောင်စီမှတဆင့် အကူအညီပေးမည့် အာဆီယံအစီအစဉ် ပြည်တွင်းပြည်ပအဖွဲ့များ ကန့်ကွက်
စစ်ခေါင်းဆောင် ဖိတ်သည့် ဆွေးနွေးပွဲ ပဋိပက္ခဖြေရှင်းရေး ရလဒ် ထွက်ဖွယ် မရှိ
ဒေါ်နန်းလိုင်းခမ်း လေဆိပ်တွင် ခေတ္တထိန်းသိမ်းစစ်ဆေးခံရ
NLD နဲ့ ဆက်နွယ်ပြီး ပထမဆုံး အမှုဖွင့် ဖမ်းဆီးခံရတဲ့ ထိပ်သီးလုပ်ငန်းရှင် ဦးချစ်ခိုင်