ချင်းပြည်နယ်၊ မတူပီမြို့နယ်ဘက်ကနေ ပြန်ဆင်းလာသည့် စစ်ကောင်စီ ယာဉ်တန်းကို မင်းတပ် ခငြျးကာကှယျရေးတပျ (CDF) အဖွဲ့က ကြားဖြတ် ခြုံခိုတိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက် သေဆုံးမှုများပြားကြောင်း မင်းတပ် CDF ထံမှ သိရသည်။
တင့်ကား ၂ စီးအပါအဝင် စစ်ကား အစီး ၇၀ ကျော်ဖြင့် မတူပီ- မင်းတပ် ကားလမ်းမအတိုင်း ပြန်ဆင်းလာသော စစ် ကောင်စီ ယာဉ်တန်းကို မေလ ၉ ရက်တွင် မိုင်တိုင်အမှတ်၂၅ အနီး၌ မင်းတပ် CDF တပ်ဖွဲ့ဝင်များက အနီး ကပ် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းဆွဲခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း မင်းတပ် CDF အဖွဲ့မှ တပ်မဟာမှူးက ဧရာဝတီ သို့ ပြောသည်။
၎င်းက “မိုင်တိုင်၂၅ အနီးမှာဖြစ်တဲ့ တိုက်ပွဲက မနက် ၁၁ နာရီကနေ နေ့လယ် ၁ နာရီ ကြာတယ်။ ကျနော်တို့ တပ်ဖွဲ့ဝင် တွေ အနီးကပ် တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၁၀ ဦး ကျတယ်။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ မျက်မြင်ပေါ့။ အဲဒီ တိုက်ခိုက်မှုမှာပဲ ကျနော်တို့ ထောင်ထားတဲ့ မိုင်းကွင်းထဲကို ဝင်လာကြတဲ့ စစ်ကောင်စီတပ်သား၂၀ ဦးလောက်ကိုလည်း မိုင်းခွဲနိုင်ခဲ့တယ်။ အဲဒီမှာလည်း ထိခိုက် ကျဆုံးမှု အများအပြား ရှိနိုင်တယ်” ဟု ပြောသည်။
ယင်းပြင် မိုင်တိုင်အမှတ်၂၄ အနီးတွင်လည်း စစ်ကောင်စီ ယာဉ်တန်း၏ ရှေးပြေးပွိုင့်အဖွဲ့မှ တပ်သား ၃၀ ဦးခန့်မှာ လည်း မင်းတပ် CDF အဖွဲ့၏ မိုင်းဆွဲ တိုက်ခိုက်မှုခံရသဖြင့် ဒဏ်ရာရ သေဆုံးသူများ ရှိနိုင်ကြောင်း မေလ ၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
မင်းတပ် CDF အဖွဲ့မှ တပ်မဟာမှူးက “မိုင် ၁၀၀ ကျော် ကွာဝေးတဲ့လမ်း၊ တရက်ခရီးတောင် မသွားရတဲ့ခရီးကို စစ်ကောင်စီ ယာဉ်တန်း ၁၀ ရက်ကြာပြီ မရောက်နိုင်သေးဘူးဆိုတော့ ကျနော်တို့ တိုက်ခိုက်မှုကို ခန့်မှန်းနိုင်မှာပါ။ ကျနော်တို့ဆီကို ရောက်လာရင်တော့ လွယ် လွယ်နဲ့ သွားခွင့်မပေးဘူး။ သက်တောင့်သက်သာ ပြန်ခွင့်မပေးနိုင်ဘူး။ ဒီယာဉ်တန်းက မုံရွာ၊ ပခုက္ကူဘက်ကနေ တက် လာတယ်။ အားလုံးကို ကျနော်ပြောချင်တာက စစ်အာဏာရှင် အလိုမရှိဘူး ဆိုတာကို ပါးစပ်ကနေ မဟုတ်ဘဲ လက် တွေ့ကျကျ သက်သေပြဖို့ အချိန်တန်ပြီလို့ ပြောချင်တယ်” ဟု ဧရာဝတီသို့ ဆက်လက် ပြောသည်။
မေလ ၄ ရက်ကလည်း အဆိုပါ စစ်ကောင်စီယဉ်တန်းကို မိုင်တိုင်အမှတ် ၅၂ နှင့် ၄၅ ကြား ဒေသခံ မင်းတပ် CDF အဖွဲ့ က နှစ်ဖွဲ့ခွဲကာ ကြားဖြတ်တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်သား ၁၂ ဦး သေဆုံးပြီး ဒဏ်ရာ ရရှိသူလည်း များ ပြားကြောင်း မင်းတပ် CDF အဖွဲ့မှ သတင်း ထုတ်ပြန်ထားသည်။
အဆိုပါ စစ်ယာဉ်တန်းသည် ဧပြီလ ၂၇ ရက် မတူပီမြို့နယ်အတွင်းက ပြန်ဆင်းလာစဉ် မတူပီ CDF တပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့သလို ဧပြီလ ၃၀ ရက်နေ့ မင်းတပ်မြို့နယ်ထဲသို့ အဝင် မိုင်တိုင် အမှတ် ၇၀ အနီးတွင်လည်း မင်း တပ် CDF အဖွဲ့က တောက်လျှောက် တိုက်ခိုက်နေခြင်း ဖြစ်သည်။
ယာဉ်တန်းဖြတ်သန်းသွားလာသည့် အဆိုပါ မတူပီ- မင်းတပ် ကားလမ်းအနီးဝန်းကျင်ရှိ ဒေသခံ ကျေးရွာများကို စစ်ကောင်စီ တပ်သားများက ဖျက်ဆီးမှုများပြုလုပ်သွားသည့်အတွက် ဒေသခံ ချင်းတိုင်းရင်းသား ၁၀၀၀ ကျော်မှာ တောတောင်ထဲကို ထွက်ပြေးနေရကြောင်းလည်း မင်းတပ်မြို့ ခံများက ပြောသည်။
မင်းတပ်မြို့ခံ တဦးက “အဲဒီဘက်က ရွာသားတွေက တောထဲမှာပဲ ရှိသေးတယ်။ သူတို့ အိမ် မပြန်ကြသေးဘူး။ အိမ်ပြန် ဖို့ကလည်း မလွယ်ဘူး။ အိမ်တွေကို စစ်ကောင်စီတပ်သားတွေ အကုန် ဖျက်စီးသွားတယ်လို့ ပြောတယ်။ သူတို့ (စစ် ကောင်စီ) အခု အိမ်တွေကို မီးရှို့တာ သိပ်မလုပ်ဘူးလို့ ပြောတယ်။ ခေါင်းမိုးတွေကို သေနတ်တွေနဲ့ ပစ်ပြီး အခု ဖျက် ဆီးတယ်။ ကာထားတဲ့ ပျဉ်တွေကိုလည်း အကုန်ခွာပြီး ဖျက်စီးတယ်။ တိုက်အိမ်တွေဆိုရင် ပြတင်းတခါးတွေကို အကုန်ခွဲတယ်။ အိမ်ထဲမှာ ရှိနေတဲ့ စားပွဲ၊ ထိုင်ခုံ၊ ဘုရားကျောင်းတွေပါ အကုန်ထုခွဲပြီး ဖျက်ဆီးသွားတယ်လို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မေလ ၁၀ ရက်၊ ယနေ့ မေ ၁၁ ရက်တွင် အဆိုပါ စစ်ကောင်စီ ယာဉ်တန်းမှာ မိုုင်တိုင်အမှတ်၂၄ မှ ရှေ့ဆက်တိုးနိုင် ရေးအတွက် မင်းတပ်အခြေစိုက် ခလ၇ (၂၇၄) တပ်ရင်းမှနေ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေသလို မနက် ၈ နာရီ ဝန်းကျင်ကတည်းက တိုက်ပွဲ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း မင်းတပ် CDF ခေါင်းဆောင်များက ပြောသည်။
ချင်းတောင်တန်းပေါ်က မင်းတပ်နှင့် မတူပီမြို့ကို ဆက်သွယ်ထားသော ကားလမ်းမှ ၁၀၂ မိုင်ကွာဝေး ပြီး စစ်ကောင်စီ ယာဉ်တန်းသည် တက်လာစဉ်အချိန်ကတည်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ဟန့်တား ကြားဖြတ် တိုက်ခိုက်မှု ကြောင့် ယင်း ၁၀၂ မိုင်ကွာဝေးသည့် ၁ ရက်တာ ခရီးကို ၁၀ ရက် ကျော်ကြာ ဖြတ်သန်းသွားလာခဲ့ရသည့် အတွက် အဆိုပါ လမ်းမှာ စစ်ကောင်စီအတွက် သေမင်းတမန်လမ်း ဟု ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များက အမည် ပေးထားသည်။
အဆိုပါ စစ်ကောင်စီ ယာဉ်တန်းသည် ပြီးခဲ့သော မတ်လအတွင်းက မကွေးတိုင်းအတွင်းမှ စစ်အင်အားဖြည့်တင်းရန် ချင်းပြည်နယ်၊ မတူပီမြို့သို့ ချီတက်လာခဲ့ခြင်းဖြစ်ပြီးယာဉ်တန်း ချီတက်ရာ မင်းတပ်- မတူပီကားလမ်း တလျှောက်တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ တိုက်ခိုက်မှုရှိိခဲ့သည့်အတွက် ယနေ့ထိ စစ်ကောင်စီတပ်မှ ထိခိုက် သေဆုံးမှု များပြားနေလျက်ရှိသည်။