ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA တပ်မဟာ ၁ နှင့် တပ်မဟာ ၅ အခြေစိုက်ရာ နယ်မြေများထဲမှ ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာသွားသည်။
တပ်မဟာ ၁ သည် မွန်ပြည်နယ် သထုံခရိုင်တွင် အခြေစိုက်ပြီး တပ်မဟာ ၅ သည် ကရင်ပြည်နယ် ဖာပွန် ခရိုင်တွင် အခြေစိုက်သည်။ BGF တပ်ဖွဲ့ဝင်များသည် မေလ ၉ ရက်ဝန်းကျင်မှ စတင်ကာ စတင်ဆုတ်ခွာသွားခြင်းဖြစ်သည်။
နယ်မြေခံသတင်းရင်းမြစ်များအဆို BGF ၉ သုံးလုံး တပ်မှ စစ်ကား ၆၈ စီးဖြင့် ရုတ်တရက်ဆုတ်ခွာသွားခြင်း ဖြစ်ကြောင်း သိရသည်။ BGF တပ်ဖွဲ့ဝင်များသည် ကရင်အချင်းချင်း စစ်တိုက်ရမည်ကို မလိုလားကြသဖြင့် တပ်ဆုတ်ခြင်း ဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များကို ကိုးကား၍ Salween Press က ရေးသားသည်။
ဧရာဝတီက စုံစမ်း မေးမြန်းချက်များအရ ဆုတ်ခွာသွားသည့် BGF တပ်ဖွဲ့ဝင်အင်အား စုစုပေါင်းသည် ၁၀၀၀ ဝန်းကျင်ခန့်ရှိပြီး BGF တပ်ဖွဲ့၏ တပ်နယ် ၃ ဖြစ်သည့် မြဝတီမြို့နယ် ရွှေကုက္ကိုလ်ဒေသဘက်သို့ နေရာရွှေ့ခြင်း ဖြစ်ကြောင်းသိရသည်။
BGF တပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ဗိုလ်မှူးကြီး စောချစ်သူကလည်း BGF တပ်ဖွဲ့ဝင်များ တပ်ဆုတ်သည်မှာ မှန်ကန်သော်လည်း ကရင်အချင်းချင်းမတိုက်ချင်သောကြောင့် ပြန်လည်ဆုတ်ခွာသည်ဆိုသည်မှာ မမှန်ကန်ကြောင်း ဧရာဝတီသို့ ဖြေကြားသည်။
“ကျနော်တို့ စစ်ကြောင်းတွေကို ပြန်ရုတ်လိုက်တာက စစ်ကြောင်းတွေကို ပြန်ပေးနားလိုက်တာ။ ကရင်အချင်းချင်း မတိုက်ချင်လို့ဘာညာ ဆုတ်တယ်ဆိုတာတော့ မဟုတ်ပါဘူး။ ကျနော်တို့စစ်ကြောင်းတွေက သွားတာကြာပြီ ၇ လလောက်ရှိပြီဆိုတဲ့အခါကျတော့ ပြန်ပေးနားလိုက်တဲ့သဘောပါ။ အဲဒါကို ပြန်ရုတ်လိုက်တာပေါ့” ဟု ဆိုသည်။
KNU နိုင်ငံခြားရေး ဌာနအကြီးအကဲ ပဒိုစောတောနီးက BGF တပ်ဖွဲ့ဝင်များ ပြန်ဆုတ်သွားခြင်းကို မည်သည့်အကြောင်းအရင်းကြောင့်ဟု တိတိကျကျ မပြောနိုင်သေးသော်လည်း အကောင်းဘက်က ရှုမြင်ကြောင်းပြောသည်။
“ကျနော်တို့ပြောနိုင်တာက ကျနော်တို့အချင်းချင်းပစ်ခတ်တာတွေ ဘာတွေက များများစားကြီး မဟုတ်သည့်တိုင် တော်တော်လေးကို ထိန်းချုပ်နိုင်တဲ့ အနေအထားရှိပါတယ်။ တခုပဲရှိတာက ပြန်လည်ပေါင်းစည်းရေးဆိုတဲ့ အနေအထားပေါ့။ အဲဒါက လက်တွေ့အကောင်အထည် မပေါ်လာသေးဘူးဆိုပေမယ့် ကျနော်တို့ညီအကို အရင်းတွေ စိတ်ထဲမှာတော့ အမြဲရှိနေတဲ့ ကိစ္စပါ။ ကိုယ့်အချင်းချင်းနာကျင်ရမယ့် ကိစ္စတွေကတော့ တတ်နိုင်သလောက် ရှောင်တယ်ဆိုတာက အသိအမှတ်ပြုရမယ့်ဟာပါ။ အခုလက်ရှိ နောက်ဆုံးဖြစ်ပေါ်လာတဲ့ ဟာ တပ်မဟာ ၁ နဲ့ ၅ က တပ်တွေဆုတ်တယ်ဆိုတာကတော့ ကျနော်တို့ဘက်က တိတိကျကျ ပြောလို့မရသေးသည့်တိုင်အောင် အကောင်းမြင်သဘောနဲ့ပဲ မြင်မိပါတယ်” ဟု ဆိုသည်။
တပ်မဟာ ၅ အခြေစိုက်သည့် KNU မူတြော် (ဖာပွန်) ခရိုင် ပြောခွင့်ရ ပဒိုမန်းမန်းကမူ BGF တပ်များ ဆုတ်ခွာမှု ကို ဆက်လက်စောင့်ကြည့်ရ မည်ဖြစ်ကြောင်း ပြောသည်။ တပ်ဆုတ်သွားပြီးနောက်တွင် စစ်ကောင်စီတပ်ဘက်က လေကြောင်းမှ တဆင့် ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် အမြောက်များ ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပိုလုပ်လာနိုင်သည့် အခြေအနေ ဖြစ်လာနိုင်ကြောင်း ၎င်းက ဆိုသည်။
“ဆုတ်ပြီးမှပဲ ကျနော်တို့ နယ်မြေတွေမှ ာလက်နက်ကြီးတွေနဲ့ နယ်မြေရှင်းလင်းရေးလုပ်မှာကိုပဲ။ သူတို့ရွာတွေကို Target ထားတာမျိုးတွေပေါ့။ အဲဒါတွေကြောင့် ပြီးခဲ့တဲ့ ၇ ရက်နေ့ကတောင်မှ ပြောမယ်ဆိုရင် လက်နက်ကြီးနဲ့ လှမ်းပစ်လို့ ၁၀ ကျော်သက် ရွာသား ၂ ဦးထိခိုက်တာရှိသေးတယ်။ တပ်ဆုတ်တဲ့အပေါ်မှာထင်တာတော့ အဲဒီလိုမျိုးဖြစ်နိုင်တယ်လို့ မှန်းလို့ရတာပေါ့။ သူတို့ (BGF) တွေရှိနေတယ်ဆိုရင် လေယာဉ်နဲ့ လာပစ်တာပဲ ဖြစ်ဖြစ် လက်နက်ကြီးနဲ့ ထုတာပဲ ဖြစ်ဖြစ် သူတို့တပ်တွေ မထိခိုက်အောင်ဆိုတာလည်းဖြစ်နိုင်တယ်” ဟု ပဒိုမန်းမန်းက သုံးသပ်သည်။
လက်ရှိတွင် တပ်မဟာ ၅ နယ်မြေထဲ ဝင်ရောက်နေသည့် စစ်ကောင်စီတပ်များသည် ပြန့်ကြဲနေသော ၎င်းတို့၏ တပ်ဖွဲ့များကို ပြန်လည်စုစည်း မှုများ ပြုလုပ်နေကြောင်း ၎င်းက ပြောသည်။
“စစ်ကောင်စီက တပ်စခန်းတွေကို ပြန်စုစည်းနေတယ်။ အထိုင်စခန်းတွေကို အမာခံ ခံစစ်စခန်းပုံစံ ပြန်တည်ဆောက်နေ တယ်။ တပ်တွေကို ပြန့်ကြဲစေတာထက်စာရင် အဲဒီလိုပုံစံတွေ့ရတယ်။ နောက်တခါ တပ်ပိုင်းဆိုင်ရာ အတွင်း အခင်းအကျင်းအနေအထားက တကယ်တမ်းကျတော့ စစ်ကောင်စီစစ်တပ်ကိုယ်တိုင်က စစ်အုပ်စုရဲ့ လက်ကိုင်တုတ် အခိုင်းအစေခံနေရတယ်ဆိုတာလည်း တော်တော်များများက သိလာပြီဖြစ်တဲ့အတွက် သူတို့ဘက်က ထွက်ပေါက်ရှာနေတာတွေ့ရတယ်” ဟု ပဒိုမန်းမန်းက ပြောသည်။
ပြီးခဲ့သည့် ဧပြီလအတွင်း KNU ၏ ကော်သူးလေးအုပ်ချုပ်နယ်မြေတွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များနှင့် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ နယ်ခြားစောင့်တပ် (BGF) တို့အကြား နေ့စဉ်ထိတွေ့ပစ်ခတ်မှုများ ရှိခဲ့သည်။ ဧပြီလ တလအတွင်း တိုက်ပွဲပေါင်း ၅၀၇ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲများအနက် တပ်မဟာ ၅ နယ်မြေတွင် ထိတွေ့ရင်ဆိုင်တိုက်ပွဲပေါင်း ၃၈၃ ကြိမ်ဖြင့် အများဆုံးဖြစ်ထားပြီး တပ်မဟာ ၁ အခြေပြုရာ သထုံ ၊ ဖားအံ ၊ ဘီးလင်းနှင့် ကျိုက်ထိုမြို့နယ် များတွင်လည်း ထိတွေ့တိုက်ပွဲ အချို့နှင့် စစ်ရေးတင်းမာမှုများရှိကြောင်း KNU ဘက်က သတင်းထုတ်ပြန်ထားသည်။
You may also like these stories:
စစ်ခေါင်းဆောင် ဖိတ်သည့် ဆွေးနွေးပွဲ ပဋိပက္ခဖြေရှင်းရေး ရလဒ် ထွက်ဖွယ် မရှိ
NLD၊ ဗမာလူမျိုးကြီးဝါဒနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်
အမေရိကန် DEA ၏လုပ်ရပ် တိုင်းရင်းသားလက်နက်ကိုင်များကို သိက္ခာချခြင်းသာ ဖြစ်
ခွန်ထွန်းဦး သို့မဟုတ် တကယ့် ရှမ်းခေါင်းဆောင်