စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နှင့် ကနီမြို့နယ်ရှိ ပျူစောထီး ရွာများကို ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များ ဝင်ရောက် စီးနင်း တိုက်ခိုက်ရာ တိုက်ပွဲ ပြင်းထန်ပြီး စစ်တပ်က လေကြောင်း ပစ်ကူများ အသုံးပြု တိုက်ခိုက်ကြောင်း ဒေသခံ PDF အဖွဲ့ များထံမှ သိရသည်။
ပုလဲမြို့နယ်ရှိ စစ်ကောင်စီ တပ်စွဲထားသည့် ဇီးဖြူကုန်း ကျေးရွာကို ဗိုလ်နဂါး ဦးဆောင် သည့် မြန်မာ့တော်ဝင် နဂါးတပ်တော် (MRDA) နှင့် မဟာမိတ်အဖွဲ့များက ယမန်နေ့ (မေ ၁၀ ရက်) တွင် ဝင်တိုက်ခိုက်ရာ စစ်ကောင်စီတပ် အထိ ခိုက်များ၍ လေကြောင်းပစ်ကူ နှစ်ကြိမ်တိုင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
နံနက် ၁၁ နာရီခန့်ကတည်းက စတင်ခဲ့သည့် အဆိုပါ ကျေးရွာ တိုက်ပွဲသည် ညဦးပိုင်းအထိ ပြင်းထန်ခဲ့ပြီး နေ့လယ် ၂ နာရီတွင် တကြိမ်၊ ည ၇ နာရီဝန်းကျင်တွင် တကြိမ် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်လာခြင်း ဖြစ်ကြောင်း MRDA ထံမှ သိရသည်။
ဗိုလ်နဂါးက “ရန်သူ့ဘက်က အထိအခိုက်များတဲ့အခါမှာ လေယာဉ် ပစ်ကူလာတယ်။ ပစ်ကူပြီးတော့လည်း တိုက်ပွဲက ဆက် ပြင်းထန်တယ်။ လေယာဉ်က နောက်တကြိမ် လာပြီးတော့ ပစ်ကူသေးတယ်။ လေယာဉ်ပစ်နေတဲ့ကြားက တိုက် ပွဲက ဆက်ဖြစ်နေတာပဲ။ မိုးတွေ မှောင်လာပြီး ညပိုင်း သူ့လူ ကိုယ်လူ မကွဲတော့တဲ့ အနေအထားမှာ ပြန်ဆုတ်ခဲ့ကြ တာ” ဟု ပြောသည်။
အဆိုပါ တိုက်ပွဲတွင် နှစ်ဦးနှစ်ဖက် ထိခိုက်သေဆုံးမှုများ ရှိသော်လည်း စစ်ကောင်စီဘက်က သေဆုံးစာရင်းကိုမူ တိုက်ပွဲ ပြန်ဆုတ်ခွာခဲ့ရသည့်အတွက် အတည်မပြုနိုင်သေးကြောင်းနှင့် PDF တပ်ဖွဲ့ဝင်၂ ဦး ဒဏ်ရာ ရကာ ၁ ဦး သေ ဆုံးကြောင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ဆိုသည်။
အဆိုပါ တပ်စခန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက မကြာခဏ ဆိုသလို တိုက်ခိုက်ခဲ့ပြီး စခန်းသိမ်း တိုက်ပွဲ အဖြစ် အပြင်းအထန် ဖြစ်ပွားသည်မှာ ယခုသည် ၄ ကြိမ်မြောက် ဖြစ်သည်။
“အထဲထဲထိ တိုးဖောက်ပြီးတော့ တိုက်စစ်ဆင်တဲ့ အကြိမ်တိုင်း လေယာဉ်က လာကူတာနဲ့ ရာသီဥတု အနေအထားနဲ့ ဆိုတော့ အဲဒီကိစ္စက မပြတ်ဘဲ ဖြစ်နေတယ်။ သူတို့က အင်အား ထပ်ထပ်ဖြည့်နေတာလည်း ပါတယ်” ဟု ဗိုလ်နဂါးက ပြောသည်။
ယင်းစခန်းအား ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းက PDF အင်အား ၃၀၀ ခန့်ဖြင့် ဝင်ရောက် စီးနင်း တိုက်ခိုက်မှုတွင် ပျူ စောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၄၀ ကျော် သေဆုံးခဲ့ကြောင်း ကာကွယ်ရေး တပ်ဖွဲ့များက ဆိုကြသည်။
အလားတူပင် ကနီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် လက်နက်ကိုင် ပျူစောထီးတို့ တပ်စွဲရာ အလယ်ကျွန်းရွာကို ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ဝင်ရောက် တိုက်ခိုက်ရာတွင် စစ်ကောင်စီက ၁၂၀ မမ အပြင် လေကြောင်းပစ်ကူဖြင့်ပါ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ကနီမြို့နယ် PDF တဦးက “တိုက်ပွဲက ပြင်းထန်တယ်။ ကျနော်တို့ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင် တိုက်ပြီး အပြီးသိမ်းဖို့ရာ ကျန်တာ။ ရွာထဲလည်း ရောက်ပြီးပြီ။ ရဟတ်ယာဉ်ရောက်လာလို့သာ ပြန်ဆုတ်လိုက်ရတာ။ သူတို့က ကုန်းကြောင်းကနေ ယာဉ်နဲ့လည်း သွားလို့ မရတော့ဘူး ရေကြောင်းလည်း သွားလို့ မရတော့ ရဟတ်ယာဉ် နဲ့ပဲ လုပ်လို့ရတာဆိုတော့ ကျနော်တို့ဘက်က ရဟတ်ယာဉ်ပစ်တဲ့ လက်နက်တွေပဲ လိုတော့တာ” ဟု ပြောသည်။
ယင်းတိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရမှု ရှိခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက်ကိုမှု အတည်မပြုနိုင်ကြောင်း ၎င်းက ဆိုသည်။
တိုက်ပွဲ ဖြစ်ပွားခဲ့သည့် အနီးရှိ ကျေးရွာများမှ ဒေသခံများလည်း ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့ ပူးပေါင်းကာ ကျေးရွာများအား စီးနင်းပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံများအား သတ်ဖြတ်ခြင်းအပြင် ပြည်သူများ၏ ပိုင်ဆိုင်မှုများကိုလည်း ယူဆောင်ကြသဖြင့် ကာကွယ်ရေးတပ်ဖွဲ့များက အဆိုပါ ကျေးရွာများအား ဦးတည် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ဆိုကြသည်။
စစ်ကောင်စီ အာဏာသိမ်းသည့် ဖေဖော်ဝါရီလမှ စတင်ပြီး ၂၀၂၂ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့မှုကြောင့် အိမ်ခြေ ၁၁,၄၁၇ လုံး ဆုံးရှုံးပျက်စီးမှုရှိကြောင်း လွတ်လပ်သော သုတေသနအဖွဲ့ Data for Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။
You may also like these stories:
ကော့မှူးတွင် စစ်ယာဉ်တန်း တိုက်ခိုက်ခံရမှု ဒေသခံ ၃၀၀ ခန့် ဖမ်းဆီးနှိပ်စက်ခံနေရ
မန္တလေးကျုံးအနီး ရှော့တိုက်ဒုံးတွေ့မှု အနီးရှိ ပြည်သူ ၉ ဦး ဖမ်းဆီးခံရ
မတူပီမှ ဆင်းလာသည့် စစ်ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရ၊ အသေဆုံးများ