သမ္မတရွေးကောက်ပွဲတွင် အသားစီးရနေပြီး ဖိလစ်ပိုင် အာဏာရှင်ဟောင်း၏သား မစ္စတာ ဖာဒီနန် ဘောင်ဘောင် မားကို့စ် ဂျူနီယာက သူ့အရည်အချင်းကို သုံးသပ်ရာတွင် မျိုးရိုးကိုမကြည့်ဘဲ စွမ်းဆောင်ရည်ကိုသာ ကြည့် ဆုံးဖြတ်ရန် ပြောကြားလိုက်သည်။
ကနဦး မဲရေတွက်မှု ၉၈ ရာခိုင်နှုန်း ပြီးစီးချိန်တွင် အသက် ၆၄ နှစ်ရှိပြီဖြစ်သော အထက်လွှတ်တော်အမတ် မားကို့စ် ဂျူနီယာသည် သူ၏ အဓိကပြိုင်ဘက်ထက် မဲ ၂ ဆ ရနေပြီး အနိုင်ရနေသည့် သဘောရှိသည်။
တရားဝင် ရလဒ်များကို မကြာမီကြေညာမည်ဟု မျှော်လင့်ရသည်။
ထိုသို့ အနိုင်ရနေခြင်းသည် လွန်ခဲ့သော ၃၆ နှစ်က နိုင်ငံမှ ထွက်ပြေးခဲ့ရသော မားကို့စ် မိသားစုအတွက် ထူးခြားသော အာဏာပြန်လည်ရရှိခြင်း ဖြစ်သည်။
မစ္စတာ မားကို့စ်၏ ဖခင်သည် နိုင်ငံကို ၁၉၆၅ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ အုပ်ချုပ်ခဲ့ပြီး စစ်အုပ်ချုပ်ရေးကျင့်သုံးကာ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အဂတိလိုက်စားမှုများနှင့် ဆင်းရဲနွမ်းပါးမှုများ ဖြစ်စေခဲ့သည်။
၁၉၈၆ ခုနှစ်က ဖြစ်ပွားသော လူထုအုံကြွမှုတွင် ပြည်သူသန်းပေါင်းများစွာ လမ်းမများပေါ် ထွက်လာကာ ထိုစဉ်က အသက် ၂၈ နှစ်ရှိပြီဖြစ်သော ဘောင်ဘောင် အပါအဝင် မိသားစုသည် အမေရိကန်၊ ဟာဝိုင်အီသို့ ထွက်ပြေးခဲ့ရသည်။
၁၉၉၁ ခုနှစ်တွင် နိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော ဝါရင့်နိုင်ငံရေးသမား မားကို့စ်က သူ့ဖခင် သမ္မတ သက်တမ်းသည် ရွှေခေတ်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး သူသည် လူငယ်များအကြား ရေပမ်းစားကြောင်း စစ်တမ်းများက ပြသနေသည်။
သူ၏မဲဆွယ်ပွဲကို လူမှုကွန်ရက်မှ သတင်းတု သတင်းမှား လှုပ်ရှားမှုဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဝေဖန်သူများပြောသော်လည်း ထိုအချက်ကို သူငြင်းဆန်သည်။
“ကျနော့်အရည်အချင်းကို ကျနော့်ဘိုးဘေးတွေကို ကြည့် မဆုံးဖြတ်ဘဲ လုပ်ဆောင်မှုကို ကြည့်ဆုံးဖြတ်ပါ” ဟု မားကို့စ်က သူ၏ပြောခွင့်ရသူမှတဆင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောသည်။ “ဖိလစ်ပိုင် နိုင်ငံသား အားလုံးအတွက် သမ္မတဖြစ်စေရမယ်ဆိုတာ ကျနော့်ကတိပါ” ဟုလည်း ဆက်လက်ဖော်ပြသည်။
ရွေးကောက်ပွဲတွင် မဲပေးသူ အရေအတွက် များပြားပြီး ဖိလစ်ပိုင်မှ ယခင်ရွေးကောက်ပွဲများသည် အများအားဖြင့် မျှတသည်ဟု ယူဆကြသည်။ သို့သော် မနီလာမြို့ရှိ BBC သတင်းဌာနမှ ဟောင်းဝပ်ဂျွန်ဆင်က မဲရုံများတွင် မဲပေးစက်များ ပျက်နေခြင်းနှင့် မဲဝယ်ခြင်းကို ပြသသည့် ဗီဒီယိုများနှင့် ပတ်သက်သော မေးခွန်းများ ထွက်ပေါ်နေကြောင်း ပြောသည်။
ရွေးကောက်ပွဲအကြိုကာလ လူထုသဘောထား စစ်တမ်းများအရ မစ္စတာ မားကို့စ် ဂျုနီယာသည် သူ၏ အဓိက ပြိုင်ဘက် မစ္စ လန်နီ ရိုဘရီဒိုထက် ရာခိုင်နှုန်း ဒါဇင်ပေါင်းများစွာ ရှေ့မှပြေးနေသည်။
ထိုသို့ဖြစ်ရခြင်းမှာ မားကို့စ် ဂျူနီယာက သူ့ဖခင်အုပ်ချုပ်သော ခေတ်သည် ကြွယ်ဝချမ်းသာသောခေတ် ဖြစ်သည်ဟု ပုံဖော်ကာ ကျယ်ပြန့်သော အဂတိလိုက်စားမှုများနှင့် ဆင်းရဲနွမ်းပါးမှုများကို ဖုံးကွယ်ထားသောကြောင့် ဖြစ်ကြောင်း ဝေဖန်သူများက ပြောသည်။
၁၉၈၉ ခုနှစ်တွင် သေဆုံးခဲ့သော ဖာဒီနန်မားကို့စ် စီနီယာနှင့် သူ၏ဇနီး အီမယ်လ်ဒါတို့သည် ဖိလစ်ပိုင်နိုင်ငံ ဘဏ္ဍာငွေမှ ဒေါ်လာ ၁၀ ဘီလီယံခိုးယူပြီး ပြည်သူ့ဘဏ္ဍာခိုးယူမှုတွင် ဥပမာပေးစရာ ဖြစ်လောက်အောင် အမည်ဆိုး ကျော်ကြားခဲ့သည်။
မဲရေတွက်မှုများက မားကို့စ် အနိုင်ရသည့် အတိုင်းအတာကို ပြသနေချိန်တွင် မစ္စ ရိုဘရီဒိုက အမှန်တရားအတွက် ဆက်လက် တိုက်ပွဲဝင်ရန်၊ အလိမ်အညာစနစ်များကို ဖြိုချရန် သူ့ကိုထောက်ခံသူများအား ပြောသည်။
မားကို့စ်၏ ခေတ်ကို လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အဂတိလိုက်စားမှုများနှင့် စီးပွားရေးပြိုလဲလုနီးပါး ဖြစ်သည့် ခေတ်အဖြစ်မဟုတ်ဘဲ ရာဇဝတ်မှုကင်းပြီး ချမ်းသာကြွယ်ဝသည့် ရွှေခေတ်ဖြစ်ကြောင်း ပြန်လည် ပုံဖော်သည့် လူမှုကွန်ရက် လှုပ်ရှားမှုတခု ဖြစ်ပေါ်ခဲ့သည်။
ထိုသို့သော လှုပ်ရှားမှုကို လုပ်ဆောင်နေသည်မှာ အနည်းဆုံး ဆယ်စုနှစ်တခု ကြာပြီဖြစ်ပြီး လိမ်လည် တည်းဖြတ်ထားသော ဗီဒီယို ရာပေါင်းများစွာကို ယူကျုတွင်တင်ခဲ့ကာ ထိုအချက်ကို လိုလားသည့် ဖေ့ဘွတ်စာမျက်နှာများတွင် ပြန်လည်ဖြန့်ချိသည်။
ထိုဗီဒီယိုများကြောင့် မားကို့စ်မိသားစုကို လူကြမ်းအဖြစ် သတ်မှတ်ခြင်းသည် မတရားကြောင်းနှင့် ၎င်းတို့၏ ပြိုင်ဘက်ကင်းသော လောဘဇာတ်လမ်းများသည် မမှန်ကန်ဟု ဖိလစ်ပိုင်နိုင်ငံသား သန်းပေါင်းများစွာကို ထင်စေခဲ့သည်။
မားကို့စ်မိသားစုသည် ပြည်ပဘဏ်စာရင်းများတွင် အကြီးအကျယ် ကြွယ်ဝချမ်းသာသည် သို့မဟုတ် ရွှေချောင်းများစွာ ဝှက်ထားသော်လည်း ၎င်းတို့ အာဏာပြန်လည်ရရှိပါက ထိုချမ်းသာကြွယ်ဝမှုများကို ဖိလစ်ပိုင်နိုင်ငံသားများအကျိုးအတွက် အသုံးပြုမည်ဆိုသည့် ဒဏ္ဍာရီများကိုလည်း ဖိလစ်ပိုင်နိုင်ငံမှ ဆင်းရဲသော အစိတ်အပိုင်းများတွင် ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်နေကြသည်။
သို့သော် ဆင်းရဲသော ပြည်သူများ၏ဘဝကို သိသိသာသာ တိုးတက်အောင် ၁၉၈၆ ခုနှစ်နောက်ပိုင်း အစိုးရများ၏ မလုပ်ဆောင်နိုင်မှုအပေါ် စိတ်ပျက်ခြင်းကလည်း မားကို့စ်လိုလားသော သတင်းတုလှုပ်ရှားမှုအတွက် အကျိုးပြုခဲ့သည်။
မစ္စတာ ဘောင်ဘောင် မားကို့စ်က သူသည် လက်ရှိသမ္မတ ရိုဒရီဂို ဒူတာတေးကဲ့သို့ အပြောင်းအလဲ၏ ကိုယ်စားလှယ်ဖြစ်ကြောင်း အောင်မြင်စွာ သရုပ်ဖော်ပြီး နိုင်ငံရေးသဘောထား ကွဲလွဲမှုများ၊ ကပ်ရောဂါကြောင့် ဖြစ်ပေါ်သည့် အခက်အခဲများနှင့် ပိုမိုကောင်းမွန်သော ဇာတ်လမ်းကို လိုလားနေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော ဖိလစ်ပိုင်သို့ ပျော်ရွှင်မှုနှင့် ညီညွတ်မှုကို ပြန်လည် ဆောင်ယူလာမည်ဟု ကတိပြုသည်။
ဘောင်ဘောင် မားကို့စ်သည် ရွေးကောက်ခံရာထူး အမျိုးမျိုး ရယူထားသည်မှာ နှစ်အတန်ကြာပြီ ဖြစ်သည်။ သူသည် ၂၀၁၆ ခုနှစ်က ဒုတိယ သမ္မတရွေးကောက်ပွဲတွင် မစ္စ ရိုဘရီဒိုကို ရှုံးနိမ့်သော်လည်း ထိုရွေးကောက်ပွဲရလဒ်ကို သူက အပြင်းအထန် ငြင်းဆန်ခဲ့သည်။
ယခုရွေးကောက်ပွဲ အကြိုကာလအတွင်း သူ၏မဲဆွယ်ပွဲများတွင် စီမံကိန်းများနှင့်မူဝါဒများကို အသေးစိတ် ဖော်ပြခြင်းမရှိဘဲ လွတ်လပ်စွာ မေးခွန်းထုတ်ခံရနိုင်သည့် စကားရည်လုပွဲများကိုလည်း ရှောင်ရှားခဲ့ကြောင်း ဝေဖန်သူများက ပြောသည်။
ငွေကြေးအကြီးအကျယ် သုံးစွဲသော သူ၏ လူထုထောက်ခံပွဲများတွင် ပေါ့တေးဂီတများ၊ အကများနှင့် ပျော်ပွဲရွှင်ပွဲများ ပါဝင်ပြီး လာရောက်သူများကို လက်ပတ်များ၊ တီရှပ်များ ကဲ့သို့သော လက်ဆောင်များ ပေးသည်။
သန့်ရှင်းပြီး ထိရောက်သော အစိုးရဖြစ်စေရမည်ဆိုသည့် ကတိဖြင့် ရွေကောက်ပွဲဝင်သူ မစ္စ ရိုဘရီဒိုသည်လည်း သူ၏ “ပန်းရောင်တော်လှန်ရေး” လူထုထောက်ခံပွဲများတွင် ပြည်သူအများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။
ထိုသို့ အပြန်အလှန် မဲဆွယ်မှုများကြောင့် ယခုရွေးကောက်ပွဲသည် ဖိလစ်ပိုင်နိုင်ငံတွင် အများပြည်သူ စောင့်ကြည့်အခံရဆုံး ရွေးကောက်ပွဲများအနက် တခုဖြစ်ခဲ့သည်။ သမ္မတလောင်း နှစ်ဦးစလုံးသည် မဲပေးခွင့်ရှိသူများ အားလုံး၏ ထက်ဝက်နီးပါးရှိသော အသက် ၃၀ အောက်လူငယ်များကို စည်းရုံးရန် ကြိုးစားကြသည်။
မစ္စတာ မားကို့စ် ဂျူနီယာသည် ကပ်ရောဂါဖြစ်ပွားမှုနောက်ပိုင်း မျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန်သည့် စီးပွားရေးနာလန်ထခြင်းကို အမွေရမည်ဖြစ်သည်။
သို့သော် သမ္မတ ဒူတာတေး၏ ရက်စက်ကြမ်းကြုတ်သော မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနောက်ပိုင်း ငွေကြေးဖောင်းပွမှုကြောင့် ဖြစ်ပေါ်သည့် စိန်ခေါ်မှုများသည် ဆက်လက် ကျန်ရှိနေဆဲဖြစ်သည်။
လူထုထောက်ခံမှု အကြီအကျယ်ရသည့် အာဏာရှင်ဆန်သော ခေါင်းဆောင် ဒူတာတေးသည် အမည်ဆိုး ကျော်ကြားသော မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ဦးဆောင်ခဲ့ပြီး လူထောင်ချီကို ရဲများက တရားခွင်မဲ့ သတ်ဖြတ်မှုများ ဖြစ်စေခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။
မားကို့စ်နှင့်အတူ ဒုတိယ သမ္မတနေရာအတွက် ယှဉ်ပြိုင်သည့် သမ္မတ ဒူတာတေး၏သမီး ဆာရာ ဒူတာတေးသည်လည်း မဲအကြီးအကျယ် အနိုင်ရနေကြောင်း တစိတ်တပိုင်းထုတ်ပြန်သည့် မဲရလဒ်များအရ သိရသည်။
ယခုကျင်းပသည့် ရွေးကောက်ပွဲတွင် သမ္မတရာထူးများ အတွက်သာမက တနိုင်ငံလုံးမှ အထက်လွှတ်တော် အမတ်များ၊ အောက်လွှတ်တော် အမတ်များနှင့် ဒေသဆိုင်ရာ အရာရှိများကိုလည်း မဲပေးရွေးချယ်ခြင်း ဖြစ်သည်။
တရားဝင် မဲရလဒ်များကို ကြေညာရန် ရက်အနည်းငယ်ကြာမည် ဖြစ်သည်။
ကိုးကား။ ။ BBC သတင်း Philippines Bongbong Marcos: Judge me on actions not ancestors
You may also like these stories:
စစ်ကောင်စီနှင့် သံတမန်ဆက်ဆံရေး အဆင့်လျှော့ချနေကြ
စစ်ကောင်စီမှတဆင့် အကူအညီပေးမည့် အာဆီယံအစီအစဉ် ပြည်တွင်းပြည်ပအဖွဲ့များ ကန့်ကွက်
ယူကရိန်းစစ်ပွဲကြောင့် တရုတ် စဉ်းစားပုံပြောင်းသွားနိုင်ဟု CIA ညွှန်မှူးပြော
မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ ပြောဆိုချက် NUG ကြိုဆို
အထူးသံတမန် ခန့်ခြင်းဖြင့် မြန်မာအကျပ်အတည်း ထိုင်းကိုင်တွယ်မည်