ပြည်တွင်းစားသုံးဆီ ဖူလုံရန်နှင့် ဈေးများမြင့်လာခြင်းကို ထိန်းချုပ်ရန် စားအုန်းဆီ သိုလှောင်ကန်များမှ ဆီထုတ်ယူခွင့် နှင့် ပြည်ပသို့ ဆီထွက်သီးနှံတင်ပို့မှုကို စစ်ကောင်စီက ပိတ်လိုက်သဖြင့် ပြည်တွင်း စားသုံးဆီ ဈေးကွက်တွင် မတည် ငြိမ်မှုများ ဖြစ်လာကြောင်း ကုန်သည်များထံမှ သိရသည်။
နှမ်းနက်မှအပ ကျန်ဆီထွက်သီးနှံများဖြစ်သည့် နှမ်နီ၊ နှမ်းကြားနှင့် မြေပဲတို့ကို မေ ၉ ရက်က ပြည်ပပို့ခွင့် ပိတ်လိုက် သလို စားအုန်းဆီ သိုလှောင်ကန်များမှ ဆီထုတ်ယူခွင့်ကိုလည်း မေ ၁၀ရက် ပိတ်လိုက်ခြင်း ဖြစ်သည်။
ပြည်ပစားအုန်းဆီကို အားထားနေရချိန် အဓိကတင်သွင်းနေသော အင်ဒိုနီးရှားနိုင်ငံမှ စားအုန်းဆီ တင်ပို့ ရောင်းချမှု ရပ်လိုက်သဖြင့် ပြည်တွင်း၌ စားသုံးဆီဈေးနှုန်းများ မြင့်တက်ကာ ခွဲတမ်းနှင့် ရောင်းချရသည့် အခြေအနေရောက် လာသည်။
ပြည်တွင်း ဆီလုပ်ငန်းရှင်တဦးက “စစ်ကောင်စီရဲ့ ဆီနဲ့ ပတ်သက်တဲ့ ကြေညာချက်တခု တခု ထွက်လိုက်တိုင်း ဈေးနှုန်း ကတော့ ကမောက်ကမပဲ။ ဆီထွက်သီးနှံ တင်ပို့တဲ့ နယ်စပ်ကုန်သွယ်ရေးကို ပိတ်လိုက်တော့ ဈေးက တရက်ထဲ ထိုး ကျသွားတယ်။ နောက်တရက်ကျတော့ စားအုန်းဆီကန်က ထုတ်မပေးဘူး ကြေညာပြန်တော့ တခါ ပြန်တက်သွား ပြန်ရော။ ကျနော်တို့ လုပ်ငန်းက ဈေးကွက်လေး တည်ငြိမ်နေမှ အဆင်ပြေမှာ” ဟု ဈေးကွက်အတွင်း ဖြစ်ပေါ်နေသည့် အခြေအနေကို ရှင်းပြသည်။
စစ်ကောင်စီက ဈေးကွက်ထိန်းချုပ်ရန် ဆီထွက်သီးနှံ ပြည်ပတင်ပို့မှုကို ပိတ်လိုက်သော်လည်း စိုက်ပျိုးတောင်သူများမှာ လက်ရှိတိုက်ပွဲများကြောင့် လုပ်ငန်းခွင် စွန့်ကာ ထွက်ပြေးနေရသလို ဆီစက်များ လည်ပတ်ရန်အတွက် လျှပ်စစ်မီး ပြတ်တောက်မှုစသည့် အခက်အခဲများက စားဆီဈေးနှုန်း ထပ်မံမြင့်လာမည့် အခြေအနေရှိကြောင်း ၎င်းက သုံးသပ် သည်။
“ထိန်းချုပ်လိုက်တာ တောင်သူ အကျိုးရှိတယ်ဆိုပေမယ့် အခုက စစ်ကြောင့် ပြေးနေရတော့ မစိုက်နိုင်ဘူး။ တဝက် လောက်က ကျသွားတယ်။ ကျနော်တို့ ဒေသဘက်ဖြစ်တဲ့ မင်းကင်းတို့ ကနီတို့ဆိုရင် မြေပဲ တအားထွက်တာ ဒါပေမယ့် သူတို့ မြေပဲပင်တွေ နုတ်ရမယ့် အချိန်မှာ မနုတ်နိုင်ဘူး။ မသိမ်းဘူး ဖြစ်သွားတယ်” ဟု ၎င်းက ပြောသည်။
စက်မှုဇုန်များတွင် လည်ပတ်နေသော ဆီစက်လုပ်ငန်းကြီးများကလည်း ပြည်ပမှ ဝင်ရောက်သည့် စားအုန်းဆီဈေးနှင့် ပြည်တွင်းကြိတ်ခွဲသည့် ပဲဆီဈေးမှာ ၃ ဆခန့် ကွာဟခြင်း၊ ကိုဗစ်ကပ်ရောဂါကာလ စီးပွားရေးကျဆင်းခြင်းများကြောင့် အများစုမှာ ရပ်နားထားရကြောင်း ဆီစက်လုပ်ငန်းရှင်များက ပြောသည်။
ထို့ကြောင့့် ယခု ပြည်ပမှ တင်သွင်းနေသည့် စားအုန်းဆီ နည်းပါးသွားသည့်အချိန်တွင် ပြည်တွင်း ထုတ်လုပ်သည့် မြေပဲဆီ၊ နှမ်းဆီများကို စားသုံးမှု များလာနိုင်သော်လည်း ဆီစက်လုပ်ငန်းများ လည်ပတ်ရန် လျှပ်စစ်မီး အခက် အခဲ၊ ဆီထွက် ကုန်ကြမ်းပစ္စည်း ထုတ်လုပ်မှု အခက်အခဲများက စိန်ခေါ်မှုများရှိနေသဖြင့် ယခုအတိုင်းဆိုလျှင် စားဆီ လုံလောက်မှု ခက်ခဲနိုင်သလို ဈေးနှုန်းကလည်း ကျဆင်းမည့် အခြေအနေ မရှိကြောင်း ဆီကုန်သည်များက သုံးသပ် ထားသည်။
ပြည်တွင်း ဆီစက်လုပ်ငန်းရှင် တဦးက “အခုကတော့ ကျနော်တို့က ဆီပိုကြိတ် အလုပ်ပိုရမယ်ပေါ့။ ဒါပေမယ့် အခက် အခဲတွေက အများကြီးပဲ။ ပထမဆုံး မီးပျက်တဲ့ အခါကျတော့ ကုန်ထုတ်စွမ်းအားကျပြီး စက်ပစ္စည်းတွေလည်း ခဏ ခဏ ပျက်တယ်။ မီးပျက်လို့ ဒီဇယ်သုံးရတဲ့အတွက် စရိတ်တွေ အများကြီးတက်လာတယ်။ အခု ပြည်တွင်း လည် ပတ်နိုင်တဲ့ ဆီစက်တွေက အသေးလေးတွေပဲ ရှိတယ်။ စက်မှုဇုန်မှာ ရှိတဲ့ အကြီးတွေက ရပ်ထားရတာ။ ပြန်စ မယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုက ကြီးတယ်။ ဒါကို စစ်ကောင်စီက ဘယ်လောက် အာမခံမှာလဲ။ သူ့ ထုတ်ပြန်ချက်ကလည်း အမျိုးမျိုး ဖြစ်နေတာ ယုံရမလား” ဟု ဧရာဝတီသို့ ပြောသည်။
မူဝါဒ ပေါ်လစီ ချမှတ်သည့်သူများ၏ မူမမှန်သည့် အခြေအနေများကြောင့်လည်း စီးပွားရေးလုပ်ငန်းရှင်များ လုပ်ကိုင် ရာ၌ ခက်ခဲမှုများရှိသလို၊ စားသုံးသူများအနေနှင့် တဆထက်တဆ ဈေးနှုန်းကြီးမြင့်သည့် ဒဏ်၊ ဝယ်ယူ ရာတွင် လောက်ငှမှု မရှိသည့် အခြေအနေများသာ ဖြစ်လာနိုင်ကြောင်း ၎င်းက ဆိုသည်။
ယခင်က မြေပဲကို မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း စသည်ဒေသများတွင် စိုက်ပျိုးသကဲ့သို့ နှမ်းကိုမူ မကွေးတိုင်း ပဲခူးတိုင်းတို့တွင် စိုက်ပျိုးသဖြင့် မကွေးတိုင်းဆိုလျှင် တိုင်းပြည်၏ ဆီအိုးကြီးဟု တင်စား ခေါ်ဝေါ်ခဲ့ကြသည်။
လက်ရှိမြေပဲ(ဆီကြိတ်သည့်မြေပဲဆန်) တပိဿာ အမြင့်ဆုံး ၃၈၀၀ ကျပ်မှ အနိမ့်ဆုံး ၃၄၀၀ ကျပ်အထိ ရှိပြီး စားအုန်း ဆီ တပိဿာလျှင် ၈၀၀၀ ကျပ်အထိ ရှိကာ ပဲဆီတပိဿာအနည်းဆုံး ၇၀၀၀ မှ ၈၅၀၀ ကျပ်နှင့် နှမ်းဆီ တပိဿာ ၈၀၀၀ မှ အမြင့်ဆုံး ဆေးဖက်ဝင် နှမ်းဆီမှာ တပိဿာ ကျပ် ၂ သောင်းကျော်အထိ ရှိနေသဖြင့် စားသုံးသူများက စားအုန်းဆီ ဈေးနှုန်းမှာ မြင့်လာသောကြောင့် ကျန်းမာရေးနှင့် ညီညွတ်သည့် မြေပဲဆီနှင့် နှမ်းဆီများ ဘက်သို့ ပြန်၍ စားသောက်သုံးစွဲမှုများ ရှိလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ဆီစက်ပိုင်ရှင် တဦးက “ကျနော်တို့ အခုက ထွက်သမျှ မြေပဲ၊ နှမ်း ဝယ်ပြီး ကြိတ်ဖို့ စက်က အသင့်ရှိပေမယ့် လျှပ်စစ်မီး မရဘူး။ ဒါပေမယ့် အင်ဂျင်နဲ့ လည်ရတယ်။ သို့သော် ကုန်ကျစရိတ်က ဆီတပိဿာကို ကျပ် ၁၀၀၀ လောက်ပို ကုန် သွားမယ်။ ဒါကြောင့် အခုအခြေအနေအရတော့ စစ်ကောင်စီ မထိန်းနိုင်ဘူး။ ဈေးကတော့ တက်ဦးမှာပဲ” ဟု ပြော ဆိုသည်။
ယင်းအခြေအနေများကြောင့်လည်း ဆီစက် လုပ်ငန်းများမှာ ပြန်၍ လည်ပတ်လာနိုင်သော်လည်း ကုန်ကြမ်း စိုက်ပျိုးသူ တောင်သူများ မစိုက်ပျိုးနိုင်ခြင်းနှင့် လျှပ်စစ်မီး ပြတ်တောက်မှုများကြောင့် လုပ်ငန်းများအတွက် စိန်ခေါ်မှုက ကြီးမား ကြောင်း ၎င်းက ဆိုသည်။
ရန်ကုန်မြို့မှ စားသောက်ကုန်များ ရောင်းချသူတဦးက “အခြေခံ စားကုန်တွေကတော့ အရင်ထက် သိသိသာသာ တက်လာတာပေါ့။ စားဆီကတော့ တချို့နေရာတွေဆိုရင် လိုသလောက် ဝယ်မရဘူး။ ခွဲတမ်းနဲ့ ဝယ်ရတယ်။ ဝင်ငွေက တော့ ကျတယ်၊ အွန်လိုင်းက ရောင်းတာ ဖြစ်လို့ ဝန်ထမ်းစရိတ် မရှိပေမယ့် အင်တာနက် အခက်အခဲတွေရှိတယ်။ အခြေခံစားကုန် ဈေးတက်တာတွေက တော်တော်လေးတော့ လုပ်ငန်းတွေ ခက်ခဲလာပြီ။ ဒီထက် အဆင်မပြေ ရင်တော့ ရပ်ရမှာပဲ” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီက ပြည်တွင်း စားသုံးဆီဈေး ကျဆင်းရေးအတွက် စားအုန်းဆီ လက်ကား ရည်ညွှန်းဈေးနှုန်းများ ထုတ်ပြန် ခြင်း၊ ဆီလက်ကျန် ထုတ်ယူခွင့် ပိတ်ပင်ထားခြင်း၊ ပြည်ပသို့ ဆီထွက်သီးနှံ တင်ပို့ခွင့် ပိတ်လိုက်ခြင်းနှင့် ဈေးကွက်တွင်း စားသုံးဆီ ဈေးကစားသူများကို အရေးယူမည်ဟု ကြေညာခြင်းများ ပြုလုပ်ထားသည်။
You may also like these stories :
အင်ဒိုနီးရှား တင်ပို့မှု ရပ်ဆိုင်းပြီးနောက် မြန်မာ့စားအုန်းဆီဈေး မြင့်တက်
ရွှေနှင့် စက်သုံးဆီဈေးကွက် ကောင်းစွာ မလည်ပတ်နိုင်သေး
လောင်စာဆီအခက်ခဲ စားသုံးသူကို အကျပ်အတည်းဖြစ်စေ
ဒေါ်လာစနစ် ဖျက်သိမ်းခြင်းက ဘဏ္ဍာရေးအရ လည်ပင်း ကြိုးကွင်းစွပ်ခြင်းဖြစ်