သတင်း

စစ်ကောင်စီ ရှာဖွေဖမ်းဆီးနေ၍ ရခိုင်သတင်းသမားများ တိမ်းရှောင်နေရ

ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာနများကို အာဏာသိမ်း စစ်ကောင်စီက ပုဒ်မ အမျိုးမျိုးတပ်ကာ အမှုဖွင့် ဖမ်းဆီး၍ တရားစွဲဆိုမှုများကြောင့် လက်ရှိအချိန်တွင် သတင်းဌာနအသီးသီးမှ သတင်းထောက်များ ထွက်ပြေး တိမ်းရှောင်နေကြရသည်။

ပြန်ကြားရေးဌာနက တရားဝင် အသိအမှတ်ပြုထားသည့် Narinjara သတင်းဌာနရုံးကို မေလ ၇ ရက်က စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များက လိုက်လံ စုံစမ်းပြီး ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။

ထိုသို့ ရှာဖွေရာတွင် Narinjara သတင်းဌာန၏ စစ်တွေမြို့ ၊ မကျဉ်းမြိုင် ရပ်ကွက်တွင် ဖွင့်လှစ်ခဲ့သော ရုံးခန်းအဟောင်း ကိုသာ တွေ့ရှိခဲ့သည့်အတွက် သတင်းထောက်များ ဖမ်းဆီးခံရခြင်း မရှိသော်လည်း လက်ရှိအချိန်တွင် တိမ်းရှောင်နေ ကြရကြောင်း Narinjara သတင်းဌာနမှ အယ်ဒီတာအဖွဲ့ဝင်တဦးက ပြောသည်။

၎င်းက “ကျနော်တို့ တိုက်ကို လာရှာတဲ့ အကြောင်းအရင်းကိုတော့ မသိဘူး။ ဒီရက်ပိုင်းအတွင်းမှာ စစ်တပ်နဲ့ ပတ်သက်တဲ့ သတင်းတွေကိုတော့ ဖော်ပြထားတာ ရှိတယ်။ အဲဒီ သတင်းတွေကြောင့် ဖြစ်မယ်လို့တော့ သုံးသပ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့ သတင်းဌာနအား လာရောက် ရှာဖွေမခံရမီ ရက်ပိုင်းအတွင်းက ရန်ကုန်- စစ်တွေ ကားလမ်း အသုံးပြုပြီး သွားလာသည့် ပြည်သူများနှင့် ကုလားတန်မြစ်ကြောင်းကို အသုံးပြုပြီး သွားလာသည့် ခရီးသည်များကို စစ်တပ်က တင်းကျပ်စွာ စစ်ဆေးနေသည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး သတင်းများ ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

ယင်းပြင် သတင်းဌာန ရှာဖွေမခံရမီ တရက်အလို မေလ ၆ ရက်ကလည်း ရက္ခိုင်စစ်တပ် (AA) တပ်ဖွဲ့ဝင်များအား အမဲသား သွားရောင်းသည့် စစ်တွေမြို့နယ်က မွတ်စလင် ၅ ဦးကို စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီး ရိုက်နှက်ပြီး ခံဝန်ဖြင့် ပြန်လည် လွတ်မြောက်လာသည့် သတင်းများကို ရေးသားဖော်ပြထားသည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း၌လည်း စစ်တွေအခြေစိုက် Western News သတင်းဌာနက ပလက်ဝမြို့နယ် အခြေစိုက် ခလရ ၂၈၉ တပ်ရင်းတွင် အလံဖြူ ထောင်ထားသည်ကို တွေ့မြင်ရသည် ဆိုသည့် သတင်းဖော်ပြမှုနှင့် ပတ်သက်ပြီး နိုင်ငံ တော်ပုန်ကန်မှု ရာသဇတ်ကြီး ပုဒ်မ ၁၂၄ အမှုဖွင့်ကာ သတင်းဌာနတိုက်ကိုလည်း လိုက်လံ ရှာဖွေမှုများ ပြုလုပ်ခဲ့သည့် အတွက် သတင်းထောက်များ ထွက်ပြေး တိမ်းရှောင်နေကြရသည်။

Western News သတင်းဌာနမှ အယ်ဒီတာချုပ် ကိုဝဏ္ဏခွာညိုက “သတင်းမှန် ရရှိရေးအတွက် ကျနော်တို့ အလုပ်လုပ်တဲ့ အပေါ် စစ်ကောင်စီက တရားစွဲတယ်။ ကျနော်တို့ကို နိုင်ငံတော် ပုန်ကန်မှုနဲ့ တရားစွဲဆိုထားတဲ့အတွက် ကျနော်တို့ ရုံးလည်း ပိတ်ထားရတယ်။ သတင်းထောက်တွေလည်း ထွက်ပြေးနေရတယ်။ အခက်အခဲပေါင်းစုံနဲ့ လှုပ်ရှားနေကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့ နိုင်ငံတော် ပုန်ကန်မှုဖြင့် တရားစွဲဆိုခြင်းများမှာ သတင်းမှန်ဖော်ပြသည့် သတင်းဌာနများကို စစ်ကောင်စီက ပစ်မှတ် ထား၍ သတင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်ချင်သည့်သဘော တွေ့ရကြောင်းလည်း ၎င်းက ဆိုသည်။

ဆက်လက်၍ ကိုဝဏ္ဏခွာညိုက “မီဒီယာတွေကို တခါမှ မစွဲဖူးတဲ့ ပုဒ်မတွေနဲ့ ကျနော်တို့ကို တရားစွဲတယ်ဆိုတာက သတင်း လွတ်လပ်ခွင့်ကိုတော့ စစ်ကောင်စီက ရိုက်ချိုးလိုက်တာ ဖြစ်တယ်။ သတင်းအမှန်ကို သူတို့ မလိုချင်ဘူး။ မှန်မှန်ကန်ကန် ရေးသားနေတဲ့ မီဒီယာတွေကို သူတို့ နှောင့်ယှက်မယ်၊ ဖျက်ဆီးပစ်မယ်။ ရခိုင်မှာရှိတဲ့ မီဒီယာတွေကို တရားစွဲဆိုတဲ့ အထဲ မှာ ကျနော်တို့ကို တရား စွဲဆိုတာကတော့ အပြင်းထန်ဆုံးလို့ ယူဆလို့ ရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အလားတူ ရခိုင်အခြေစိုက် သတင်းဌာနတခုဖြစ်သည့် Development Media (DMG) အယ်ဒီတာချုပ် ဦးအောင်မင်းဦးကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၂) နှင့် တရားစွဲဆိုထားသလို အယ်ဒီတာ အဖွဲ့ဝင်တဦးနှင့် သတင်းထောက် ၂ ဦး တို့မှာလည်း နိုင်ငံတော် အကြည်အညို ပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) ၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) တို့ဖြင့် တရားစွဲဆို ခံထားရသည့်အတွက် ထွက်ပြေး တိမ်းရှောင်နေကြရသည်။

အဆိုပါ DMG သတင်းဌာနမှ အယ်ဒီတာချုပ် ဦးအောင်မင်းဦးကို NLD အစိုးရ လက်ထက် ပြီးခဲ့သော ၂၀၁၉ ခုနှစ် အတွင်း က မတရားအသင်း ဆက်သွယ်မှုဖြင့် တရားစွဲဆိုထားသလို အယ်ဒီတာအဖွဲ့ဝင်တဦးနှင့် သတင်းထောက် ၂ ဦးကိုလည်း ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်းက အမှုဖွင့် တရားစွဲထားခြင်း ဖြစ်သည်။

DMG သတင်းဌာနမှ အယ်ဒီတာ အဖွဲ့ဝင် ကိုဇော်ဇော် က “ကျနော်တို့ တရားစွဲခံထားရတဲ့ အမှု ၄ မှု ရှိတယ်။ အယ်ဒီတာ ချုပ် အပါအဝင် အယ်ဒီတာ ၁ ဦးနှင့် သတင်းထောက်၂ ဦး တရားစွဲ ခံရတယ်။ ကျနော်တို့ကို စစ်အာဏာ မသိမ်းခင်ကာလ ဒီမိုကရေစီ အစိုးရလက်ထက်ကတည်းက တရားစွဲဆို ခံထားရတာ။ ဒီလောက် နှိပ်ကွပ်ခံရတယ်ဆိုတော့ စစ်တပ် အာဏာ သိမ်းလိုက်တော့ ကျနော်တို့ ပိုစိုးရိမ်တာပေါ့။ ရုံးလည်း မဖွင့်နိုင်တော့ဘူး။ သတင်းထောက်တွေ ရောက်တဲ့နေရာက သတင်း ပေးပို့ချက်တွေကို စုစည်းပြီးတော့ ပြည်သူတွေ သိသင့်သိထိုက်တာတွေကို အခက်အခဲမျိုးစုံကြားက ဖော်ပြနေရ တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ရခိုင်ပြည်နယ်အတွင်း လက်ရှိအခြေအနေ၌ တိုက်ပွဲများ ငြိမ်သက်နေသော်လည်း မီဒီယာလုပ်ငန်းမှာ နိုင်ငံရေးနှင့် ဆက် စပ်နေသည့်အတွက် နိုင်ငံရေး အခြေအနေ တင်းမာမှုဖြစ်ပေါ်တိုင်း မီဒီယာအပေါ် ရိုက်ခတ်မှု ရှိလာနိုင်ကြောင်း သတင်း စာဆရာ ဦးမြင့်ကျော်က သုံးသပ်သည်။

၎င်းက “နိုင်ငံရေး အခြေအနေက နည်းနည်းလေး တင်းမာမှု ရှိလာတဲ့ အနေအထားမှာ မီဒီယာက အဲဒီ ရိုက်ခတ်ခံရမှု ရှိတယ်။ ဆိုလိုတာက မီဒီယာကလည်း နိုင်ငံရေး အဖြစ်အပျက်တွေကို စောင့်ကြည့် တင်ပြနေတယ်ဆိုတော့ မီဒီယာကို လည်း ထိန်းချုပ်ဖို့ ကြိုးစားမှာ အမှန်ပဲ။ အဲဒီလို ထိန်းချုပ်ဖို့ ကြိုးစားတာက ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေနဲ့ ဆက်စပ်နေတယ်လို့ပဲ ပြောရမယ်ထင်တယ်။ နိုင်ငံရေး အခြေအနေ တင်းမာလာရင်တာ့ မီဒီယာအခြေအနေကလည်း ပိုခက်ခဲ လာမယ့် အနေအထား ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ် အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံအတွင်းရှိ သတင်းသမား ၁၁၅ ဦး ဖမ်း ဆီးခံခဲ့ရပြီး သတင်းသမား ၅၇ ဦးမှာ လက်ရှိအချိန်အထိ မတရား ဖမ်းဆီးခံနေရဆဲဖြစ်ကြောင်း မေလ ၃ ရက် ရက်စွဲဖြင့် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအတွင်း သတင်းသမားများသည် စစ်အစိုးရ၏ ဖိနှိပ်ခြင်းကို ခံရသည့် သားကောင်များ ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံး၏ ထုတ်ပြန်ချက်၌ ရေးသား ဖော်ပြထားသည်။

ရခိုင်ပြည်နယ်အခြေစိုက် သတင်းမီယာဌာနများသည် ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲကာလအတွင်း စစ်တပ်၏ လူ့အခွင့်ရေး ချိုးဖောက်မှု၊ AA သြဇာကြီးထွားလာမှု၊ အာဏာသိမ်းကာလအတွင်း စစ်တပ်က ကုန်စည် စီးဆင်းမှုကို ကန့် သတ်တားမြစ်မှု၊ မွတ်စလင် ဘာသာဝင်များနှင့် ရခိုင်လူထု ယုံကြည်မှု ပြန်လည်ရရှိကာ ကူးလူးဆက်ရေး ကောင်းမွန်လာမှု စသည့် သတင်းများကို အဓိက ရေးသား ဖော်ပြကြသည်ကို တွေ့ရှိရသည်။

ထိုအကြောင်းအရာများသည် အာဏာသိမ်း စစ်ကောင်စီအတွက် မလိုလားသည့် အကြောင်းအရာများ ဖြစ်သည့်အတွက် ရခိုင်မီဒီယာများကို ရန်သူသဖွယ်ပြုပြု ဆက်ဆံလာခြင်း ဖြစ်နိုင်ကြောင်းလည်း ထွက်ပြေး တိမ်းရှောင်နေရသည့် ရခိုင် သတင်းသမားများက ပြောသည်။

လက်ရှိ အခြေအနေတွင်း ရခိုင်အခြေစိုက် မီဒီယာတိုက်ကြီး ၃ ခုလုံးရှိ သတင်းသမားများမှာ တိမ်းရှောင်ထွက်ပြေးရင်းပင် သတင်းများကို ရေးသားပေးပို့နေရကြောင်းလည်း သိရသည်။

You may also like these stories:

ရခိုင်စစ်ပွဲ ပြန်စတော့မလား

ရခိုင်ပြည်နယ် အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးကို မနှောင့်ယှက်ရန် စစ်ကောင်စီကို AA သတိပေး

ငြိမ်းချမ်းရေးစကားပြောရန် တိုင်းရင်းသားခေါင်းဆောင်များအား ဝဏ္ဏကျော်ထင်ပေးခဲ့

ကမာရွတ်မီဒီယာမှ ဦးဟံသာညိန်းအား အီလက်ထရောနစ် ဥပဒေဖြင့် ထပ်မံ တရားစွဲ

Loading