အာဏာသိမ်းပြီး ၁ နှစ်ကျော်အတွင်း စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာ ၂၉ ရွာမှ အိမ် ၁၄၀၀ ကျော်ကို စစ်ကောင်စီ တပ်များက မီးရှို့ ဖျက်ဆီးခဲ့ကြောင်း Khin U Support Organization – KSO က သတင်းထုတ်ပြန်သည်။
Khin U Support Organization-KSO ထုတ်ပြန်ချက်အရ မီးရှို့ဖျက်ဆီးခံရမှုများမှာ အင်းပတ်ကျေးရွာမှ နေအိမ် ၃၀၅ လုံး၊ သံဘိုကျေးရွာမှ ၂၃၀၊ ငါးတင်းကြီးကျေးရွာမှ ၂၂၀၊ ကုလား လူးကျေးရွာမှ ၁၃၆၊ တမုတ်ကျေးရွာမှ ၁၀၁၊ ရှားလွင်ကျေးရွာမှ ၈၈၊ ရွာသာကျေးရွာမှ ၈၄၊ တပင်ကောင်းကျေး ရွာမှ ၅၀၊ ဒါန်းကုန်းကျေးရွာမှ ၄၃ လုံး၊ မှန်တောကျေးရွာမှ ၃၈ လုံး၊ မြင်းကျကျေရွာမှ ၁၆၊ သက်ပေးကျေးရွာမှ ၁၃၊ ကျွန်းလယ်ကျေး ရွာမှ ၇ လုံး၊ အုန်းပင်ကုန်းကျေးရွာမှ ၆ လုံး၊ စိုင်ဂေါင်းကျေးရွာမှ ၃ လုံး ဖြစ်ကြောင်း သိရသည်။
အိမ်ခြေအရေအတွက် ၁၄၀၈အိမ် ပြာကျပျက်စီး စစ်ဘေးရှောင်များမှာ အိုးအိမ်စွန့်ခွာကာ တရွာဝင်တရွာထွက် လှည့်လည်သွားလာ ရှောင်တိမ်းနေရသည့် ဘဝသို့ ရောက်ကာ နယ်ဝေးစွန့်ခွာသူ အများအပြားရှိကြောင်းပါရှိ သည်။
သံဘိုကျေးရွာသားတဦးက “သူတို့ ဝင်လာပြီဆိုရင် မနေရဲတော့လို့ ကိုယ်လွတ်ရုန်းပြေးကြရတာပဲ။ သူတို့ ပြန်ထွက်မှ ဝင်ကြရတော့ အိမ်က ပြာဖြစ်သွားပြီ။ ကျနော့်မှာ သားလေးတွေမွေးထားတော့ တချိန်မှာ အလှူကြီးပေးပြီး ရှင်ပြုပေးမယ် ဆိုတဲ့စိတ်နဲ့ ကြိုးစားထားသမျှ အကုန်သဲထဲရေသွန်ပဲ။ အခု ဘယ်ကနေ ပြန်စရမယ်ဆိုတာ စဉ်းစားလို့ကိုမရဘူး။ ကျနော် တို့ ခံစားနေရတဲ့ သောကအပူမျိုးတွေ သူတို့ မခံစားကြရပါစေနဲ့လို့ပဲ ဆုတောင်းပေးနေပါတယ်” ဟု ဆိုသည်။
ထို့ပြင် စစ်ကောင်စီတပ်များ၏ အကြမ်းဖက်မှုကြောင့် ခင်ဦးမြို့နယ်အတွင်း သေဆုံးခဲ့ရသူ အရပ်သားပြည်သူ များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၄၄ ဦး ရှိခဲ့ပြီ ဖြစ်ကြောင်းလည်း မေ ၁၁ ရက်တွင် ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (KhinU-PDF) က ထုတ်ပြန်သည်။
စစ်ကောင်စီအနေဖြင့် ခင်ဦးမြို့နယ်အတွင်း စစ်ဆင်ရေးလှုပ်ရှားမှု အကြိမ် ၁၀၀ ကျော် ပြုလုပ်ခဲ့သည့်အတွင်း ပြည်သူနှင့် တပ်ဖွဲ့ဝင်များ သေဆုံးခဲ့ရသကဲ့သို့ ဒဏ်ရာရရှိခဲ့သူ ပြည်သူနှင့် တပ်ဖွဲ့ဝင် ၁၀၁ ဦးရှိပြီး ဖမ်းဆီးခံရသူ ၁၀၀ ဦး ရှိကြောင်း လည်း ခင်ဦး PDF က ပြောထားသည်။

ခင်ဦး PDF မှ ဗိုလ်သံမဏိက “ခင်ဦးနယ်က ရွာပေါင်းစုံကို မီးရှို့နေတယ်။ ဒေသခံကာကွယ်ရေးအဖွဲ့တွေ မပြည့်မစုံနဲ့ မြေ ပြင်မှာ နေ့တိုင်းရက်ဆက် တိုက်ပွဲတွေ ဖြစ်နေတယ်။ ရွာနဲ့ မတန်မရာ လေယာဉ်နဲ့ ဗုံးကြဲတယ်။ ပြေးစရာ၊ ပုန်းခိုစရာဆိုလို့ လယ်ကန်သင်းပဲရှိတဲ့၊ မိုးရေကို အမှီပြု လယ်ယာမြေနဲ့ အသက်မွေးဝမ်းကြောင်း ပြုနေကြတဲ့ ကျနော်တို့ အညတရတွေမှာ အိုးအိမ်တွေ၊ အသက်တွေ ဆုံးရှုံးနေရတယ်” ဟု ဆိုသည်။
လက်ရှိတွင် ခင်ဦးမြို့နယ်အတွင်းရှိ ပျဉ်ထောင်၊ ရွာသစ်ကုန်း၊ မဒေါင်းလှ၊ မကျီးတုံကျေးရွာများ၌ စစ်ကောင်စီတပ်နှင့် ပျုစောထီးများ အထိုင်ချထားပြီး သင်တန်းပေးခြင်း၊ ရွာစဉ်လှည့်လည်ကာ လုယက်ခြင်း၊ ဒေသခံများအား ဖမ်းဆီးသတ် ဖြတ်ခြင်းများကို ပြုလုပ်နေကြကြောင်း ဒေသခံများထံမှ သိရသည်။
“လက်ရှိမှာ စစ်ခွေးတွေက ကျေးရွာတွေထဲကို ဝင်တာနဲ့ မီးရှို့ဖျက်ဆီးကြတာဆိုတော့ ထိပ်တိုက်တွေ့ရတဲ့ Local အဖွဲ့တွေ မှာ ကျေးရွာတွေကို ကာကွယ်နိုင်ဖို့ လက်နက်ခဲယမ်း မလုံလောက်တော့ ထိထိရောက်ရောက် မကာကွယ်နိုင်ဘူး ဖြစ်နေ တယ်” ဟု Khin U Support Organization-KSO က ပြောသည်။

ခင်ဦးမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၆၄ အုပ်စု၊ ကျေးရွာပေါင်း ၁၅၀ ကျော်တွင် လူဦးရေ ၂၂၀၀၀၀ ကျော် နေထိုင်ပြီး အများစုမှာ စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြကြောင်း၊ ယခုအခါ ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ ဝင်ရောက်စီးနင်းမှုများကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ခြင်း မရှိသေးသလို အခြားသော လုပ်ငန်းများလည်း လုပ်ကိုင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
“လက်ရှိ အခြေအနေကတော့ အချင်းချင်းဖေးမပြီး နေကြရတယ်။ မီးရှို့ခံရွာတွေကို ရသလောက် ငြှိမ်းကြရတယ်၊၊ ကျေး ရွာတွေက သက်ကြီးဘိုးဘွား၊ အမျိုးသမီး၊ ကလေးတွေကို ကယ်နိုင်သမျှ ကယ်နေရတယ်။ အချို့ဆိုရင် ကိုယ့်ရွာကို ပြန် မဝင်ရဲတာရယ်၊ နေစရာအိမ် မရှိတော့တာတွေကြောင့် တောတွေထဲမှာ ဖြစ်သလိုနေနေကြရတယ်” ဟုလည်း အင်းပတ် ဒေသခံတဦးက ပြောသည်။
အာဏာသိမ်း စစ်ကောင်စီက ခင်ဦးမြို့နယ်ကို အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည်မှာ ၂ လကျော် ရှိနေပြီ ဖြစ်သလို နေအိမ် မီးရှို့ဖျက်ဆီးခံရသည့် ဒေသခံများ၊ စစ်ဘေးရှောင်များမှာ နေထိုင်စားသောက်ရေးတို့အတွက် အကူအညီ များ လိုအပ်နေကြောင်း သိရသည်။
You may also like these stories:
အရာတော်၊ ရွှေဘို၊ ခင်ဦးမြို့နယ်များတွင် ၄ရက်အတွင်း အိမ် ၁၃၀၀ ကျော် မီးရှို့ခံရ
ရေဦး၌ ၉ လအတွင်း သတ်ခံရသည့် အလောင်း ၁၀၀ ကျော် ကောက်ယူ သဂြိုဟ်ပေးခဲ့ရဟုဆို