စစ်ကောင်စီ အဓိက ဝင်ငွေရလမ်း တခုဖြစ်သည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အား ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ရန် ပြည်တွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက ထပ်မံ တောင်းဆိုလိုက်သည်။
စစ်တပ် အာဏာသိမ်းပြီးနောက် ဖြစ်လာသည့် မြန်မာ့အရေးအကျပ်နှင့် အာဏာသိမ်း စစ်အာဏာရှင်များအပေါ် အရေးယူ ဆောင်ရွက်မှုများ ထပ်မံပြုလုပ်ရန် ယခုစတင် ကျင်းပနေသည့် အမေရိကန်-အာဆီယံ ထိပ်သီး အစည်း အဝေးမှာ ကြီးမားသော အခွင့်အရေးတခု ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေး ကာကွယ်ပေးရေး အဖွဲ့အစည်း တခုဖြစ်သည့် EarthRights International က အမေရိကန် သမ္မတ ဘိုင်ဒင်အား တိုက်တွန်းထားသည်။
EarthRights International အဖွဲ့ ဒါရိုက်တာ တဦးဖြစ်သူ Keith Slack က “ဒီမိုကရေစီ၏ စစ်မှန်သော ခေါင်းဆောင် တဦးဖြစ်သည့် အမေရိကန်ပြည်ထောင်စုသည် ဦးဆောင်မှု ရှိရမည်ဖြစ်ပြီး စစ်ကောင်စီကို ဝင်ငွေဖြတ်တောက်ရန် အရာရာကို လုပ်ဆောင်ရမည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် လူ့အခွင့်အရေးများကို အကာအကွယ်ပေးပြီး မြန်မာနိုင်ငံ တွင် တရားမျှတမှုကို ထောက်ခံခြင်း ဖြစ်သည်” ဟု ပြောထားသည်။
MOGE သည် အာဏာသိမ်း စစ်ကောင်စီ ရပ်တည်နိုင်ရေး ဝင်ငွေရနေသည့် လုပ်ငန်းများစွာထဲမှ အဓိက အရေး ပါသည့် ကဏ္ဍတခုဖြစ်ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁. ၅ ဘီလီယံခန့် ဝင်ငွေ ရရှိစေခဲ့ကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများက ထောက်ပြထားသည်။
လက်ရှိတွင် စစ်ကောင်စီ၏ အဓိက ဝင်ငွေရလမ်းဖြစ်နေသည့် MOGE အပါအဝင် ဆက်စပ်သည့် လုပ်ငန်းများအား ဥရောပ သမဂ္ဂ (EU)က အရေးယူ ပိတ်ဆို့မှု (ဆန်ရှင်) ချမှတ်ထားသော်လည်း အမေရိကန်အနေဖြင့် MOGE အား ပိတ်ဆို့ အရေးယူမှု မရှိသေးပေ။
ယင်းအတွက် အာဏာသိမ်း စစ်ကောင်စီ သိမ်းပိုက်ထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများမှ ဝင်ငွေများ စစ်ကောင်စီထံ မရောက်ရှိရေး ပိတ်ဆို့အရေးယူပေးရန် မြန်မာပြည်သူများက အစဉ်တစိုက် တောင်းဆိုခဲ့သည့်အပြင် ပြီးခဲ့သည့် ရက်ပိုင်းကလည်း ပြည်တွင်း၊ ပြည်ပ အရပ်ဘက်အဖွဲ့အစည်း ၆၃၇ ဖွဲ့နှင့် မြန်မာပြည်သူ နှစ်သိန်းကျော်က လက်မှတ်ရေးထိုးကာ သမ္မတ ဘိုင်ဒင်ထံ အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုထားသည်။
သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု (Black Money အဖွဲ့မှ ကိုရဲ က “ဓာတ်ငွေ့ စီမံကိန်းများမှ ရရှိတဲ့ အမေရိကန် ဒေါ်လာများဟာ အာဏာသိမ်း စစ်အုပ်စုရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို ငွေကြေးထောက်ပံ့ ပေးနေပြီး စစ်အုပ်စုဟာ အာဆီယံရဲ့ ဘုံသဘာတူညီချက် ၅ ချက်ကိုပါ လိုက်နာ ဆောင်ရွက်ခြင်း မရှိဘဲ လျစ်လျူရှု ထားပါတယ်” ဟု ပြောကြားသည်။
လက်ရှိတွင် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှ နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီကြီးများဖြစ်သည့် Total Energies၊ Chevron၊ Petronas၊ Mitsubishi Corporation နှင့် Woodside ကုမ္ပဏီတို့မှ ထွက်ခွာရန် ကြေညာ ထားသော်လည်း Totla Energies ထံမှ စစ်ကောင်စီအနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၅၀ ရရန်ရှိနေသေးကြောင်း အရပ်ဘက် အဖွဲ့အစည်းများက ထောက်ပြထားသည်။
ယင်းအတွက် စစ်ကောင်စီလက်အောက်ခံ MOGE ထံသို့ နိုင်ငံတကာ ကုမ္ပဏီများမှ ဝင်ငွေလွှဲပြောင်းပေးခြင်းနှင့် ပူးပေါင်း လုပ်ကိုင်ခြင်းများအား တားဆီးနိုင်ရေးအတွက် အမေရိကန်အစိုးရမှ MOGE အား ပိတ်ဆို့အရေးယူ ဒဏ် ခတ်ပေးရန် အွန်လိုင်းပေါ်က တောင်းဆို လှုပ်ရှားမှုကိုလည်း မေလ ၇ ရက်မှ ၁၅ ရက်အထိ ပြုလုပ်လျက်ရှိသည်။
“ဒီဒေါ်လာသန်းရာနဲ့ ချီသောငွေတွေဟာ ကျဉ်ဆန်ပေါင်းများစွာ၊ လေယာဉ်ပေါင်း များစွာ၊ အမြောက်ဆန်ပေါင်းများစွာ ဝယ်နိုင်ဖို့အတွက် စစ်ကောင်စီရဲ့ အရင်းအမြစ်တွေ ဖြစ်လာပါလိမ့်မယ်။ ဒီပိုက်ဆံတွေ စစ်အုပ်စုရဲ့ လက်ထဲကို ရောက် မသွားအောင် အချိန်မီ တားဆီးဖို့ လိုပါတယ်။ လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်နေတဲ့ စစ်တပ်ရဲ့ ငွေကြေး ထောက် တိုင်၊ ရေနံငွေတွေကို ဖြတ်တောက်ခြင်းဖြင့် အသက်တွေကို ကယ်တင်ပါ” ဟုလည်း သွေးစွန်းငွေဖြတ်တောက် လှုပ် ရှားသူများက ဆိုထားသည်။
ယခုကဲ့သို့ စစ်ကောင်စီထံ ဝင်ငွေ မရောက်ရှိရေး MOGE အား အမေရိကန် အစိုးရအနေဖြင့် ပိတ်ဆို့အရေးယူ ဆောင် ရွက်ရန်အပြင် ၎င်းကဏ္ဍများမှ ဝင်ငွေများအား တရားဝင်အစိုးရ တရပ်အတွက် သီးခြား သတ်မှတ်ထားသည့် ဘဏ် စာရင်းများတွင် ပြောင်းလဲထိန်းသိမ်းထားနိုင်ရေး အတွက်လည်း ထိုင်း၊ တောင်ကိုရီးယား စသည့် မဟာမိတ်နိုင်ငံ များနှင့် ပူးပေါင်း ဆောင်ရွက်ရန်လည်း အရပ်ဘက် အဖွဲ့အစည်းများနှင့် ပြည်သူများက တောင်းဆိုထားကြသည်။
ယင်းပြင် MOGE နှင့် သက်ဆိုင်သည့် အရာများ၊ စစ်အုပ်စုထံသို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝင်ငွေများ လွှဲပေးနေသည့် ရေနံ ကုမ္ပဏီများနှင့် ဘဏ်များအား ဆက်သွယ် ဆက်ဆံခြင်းအပေါ် ငွေကြေးခဝါချမှု အဖြစ် သတ်မှတ်ရန် ရှိသည်များ ကိုလည်း အသက်ဝင်အောင် ဆောင်ရွက်ပြီး လိုက်နာခြင်း မရှိသူများအား နောက်ဆက်တွဲ သက်ရောက်မှုရှိစေရန်နှင့် စစ်အုပ်စု လက်အောက်ရှိ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) ကိုလည်း စီးပွားရေး ပိတ်ဆို့ အရေးယူရန်လည်း တောင်းဆိုထားကြသည်။
You may also like these stories:
ဥရောပသမဂ္ဂ အရေးယူသော်လည်း အာရှလုပ်ငန်းကြီးများ မြန်မာဓာတ်ငွေ့ ဆက်သုံးနေ
Crypto ငွေကြေး၊ ဆိုးရော့စ်နှင့် မြန်မာ့တော်လှန်ရေး ရန်ပုံငွေ
ရဲတံခွန် စီမံကိန်းမှ Petronas နှင့် Mitsubishi ကုမ္ပဏီတို့ နုတ်ထွက်မည်
MOGE နှင့် အနောက်နိုင်ငံများ၏ ဆန်ရှင်
နိုင်ငံတကာ ပိတ်ဆို့မှုများကြောင့် စီးပွားရေး လုပ်ကိုင်ရ ခက်ဟု စစ်ခေါင်းဆောင် ဝန်ခံ