စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်မွှေနှောက်ပြီး ဒေသခံ ပြည်သူများအား အကြမ်းဖက်နှိပ်စက် သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ရာ ယနေ့အချိန်ထိ သေဆုံးသူ ၂၉ ဦး ရှိနေပြီ ဖြစ်ကြောင်း ကာကွယ်ရေးအဖွဲ့များနှင့် ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
သေဆုံးသူများထဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးသာပါရှိပြီး ကျန် ၂၇ ဦးမှာ ဒေသခံပြည်သူများဖြစ်ကာ မုံတိုင် ပင်၊ အင်ပင်၊ ဆီဆုံ၊ ပုဏ္ဏကား စသည့် ကျေးရွာများမှ ပြည်သူများကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင် လာပြီးနောက် မုံတိုင်ပင်ကျေးရွာတွင် မီးရှို့သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုကြသည်။
ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) တဦးက “မုံတိုင်ပင်ရွာ မီးလောင်ပြင်ထဲမှာ အစုလိုက် မီးရှို့ခံထားရ တာပါ။ မသတ်ခင်မှာ တချို့သော ပြည်သူတွေကို မေးမြန်းစုံစမ်းမှုတွေလုပ်ပြီး အရှင်လတ်လတ် မီးရှို့ခံရတယ်လို့ သိရပါ တယ်။ ဖမ်းဆီးထားတဲ့အချိန်မှာ လက်ပြန်ကြိုးတုပ်၊ နှိပ်စက်မှုတွေလုပ်ပြီး အရှင်လတ်လတ် မီးရှို့ခံရတာပါ။ သေဆုံးသူတွေရဲ့ လက္ခဏာကိုကြည့်ပြီး ယူဆထားတာပါ” ဟု ဧရာဝတီသို့ ပြောသည်။
လက်တလောတွင် အသတ်ခံရသည့် ပြည်သူများကို အတည်ပြုနေဆဲဖြစ်ပြီး ရုပ်အလောင်းများ ပျက်ဆီးနေသော ကြောင့် အတည်ပြုရန် ခက်ခဲနေကြောင်း၊ မည်သူမည်ဝါဖြစ်သည်ကို လိုက်လံစုံစမ်း စိစစ်နေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက “အကုန်လုံးကို တနေရာတည်းမှာ ပေါင်းပြီးတော့ လုပ်ထားတာ မဟုတ်ဘူး။ တချို့နေရာတွေမှာ ဆို ၄/၅/၆ ယောက်ကို အိမ်နဲ့ရောပြီး ရှို့ခဲ့တာတွေ တွေ့ရတယ်။ တချို့ အလောင်းတွေက ဒီတိုင်း ပစ်သတ်ခံထားရတာ။ သူတို့က မိပြီဆိုတာနဲ့ လက်ပြန်ကြိုးတုပ် ဖမ်းဆီးခေါ်သွားတာ” ဟုလည်း ပြောပြသည်။
မေလ ၁၀ ရက် နံနက် ၆ နာရီအချိန်တွင် တန့်ဆည်မြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ ဝန်းကျင်သည် ရေဦး မြို့နယ်၊ အောင်သာဒယ်ရောက်ရွာမှတဆင့် မုံတိုင်ပင်ရွာကို စစ်ကြောင်းဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုစစ်ကြောင်း ဝင်ရောက်ချိန် မိုင်းထောင်သည့် PDF တပ်ဖွဲ့ဝင်၂ ဦးနှင့် ထိပ်တိုက်တွေ့ဆုံပြီး ပစ်သတ်ခံခဲ့ရကြောင်း၊ နံနက် ၈ နာရီခွဲ ခန့်တွင် မုံတိုင်ပင်ရွာတံတားအကူး၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့နောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် မုံတိုင်ပင်ရွာတွင် အခြေချကာ အနီးအနားမှ ကျေးရွာများသို့ ဝင်ရောက်မွှေနှောက်ပြီး ပြည်သူများကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသ သတင်းရင်းမြစ်များက ဆိုသည်။
ရေဦး PDF တပ်ဖွဲ့ဝင်တဦးက “ရှေ့စစ်ကြောင်းတကြောင်းက ရေဦးမြို့ထဲကို ပြန်သွားတဲ့အချိန်မှာ နောက်စစ်ကြောင်းတကြောင်း မထိုးခင်အချိန် မေ ၁၂ ရက်နေ့မှာ ဝင်ကြည့်ကြတာ။ အခုမနက် ဝင်လာတဲ့စစ်ကြောင်းက နောက်တကြောင်းဗျ။ နောက်ကျန်ခဲ့တဲ့ စစ် ကြောင်း။ ရွာခံပြည်သူတွေက ရွာထဲကို ပြန်ဝင်တာ မရှိသေးဘူး။ စစ်ကြောင်းတကြောင်းနဲ့တကြောင်းက ထပ်နေတာ မလို့။ အခုလို စုံစမ်းတဲ့အဖွဲ့တွေနဲ့ ဒေသခံနည်းနည်းလေးပဲ အနည်းငယ်ကြည့်ပြီးတော့ ပြန်ထွက်ကြတာ။ ဒေသခံတွေ က နီးစပ်ရာနေရာတွေမှာပဲ ရှောင်နေကြတုန်းပါပဲ” ဟု ရှင်းပြသည်။
ထို့ပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ပုဏ္ဏကားကျေးရွာအတွင်း ဝင်ရောက်မွှေနှောက်ပြီး သိမ်းဆည်းရမိသွားသည့် PDF တပ်ဖွဲ့ဝင်များ၏ ယူနီဖောင်းများကို ဝတ်ဆင်ကာ အင်ပင်ကျေးရွာနှင့် အခြားကျေးရွာများသို့ PDF အယောင်ဆောင် ဝင်ရောက် ဖျက်ဆီးမှုများလည်း ရှိနေကြောင်း ဒေသခံများက ဆိုသည်။
ဒေသခံတဦးက “၁၀ ရက်နေ့ ညနေ ၄ နာရီလောက်ကျ မုံတိုင်ပင်ကျေးရွာအနီးရှိတဲ့ ဆီဆုံကျေးရွာကို မီး စတင်ရှို့ခဲ့ တာ။ မေ ၁၁ ရက် မနက်ခင်းမှာ မုံတိုင်ပင်ကျေးရွာကနေ ပုဏ္ဏကားရွာကို ဝင်ရောက်ခဲ့တယ်။ ပုဏ္ဏကားရွာမှ PDF ဝတ်စုံတွေရခဲ့ပြီး ဝတ်စုံတွေကိုဝတ်ပြီး အင်ပင်ရွာထဲမှာ ထင်ယောင်ထင်မှား ဖြစ်အောင်လုပ်ပြီး ကျေးရွာထဲမှာ ထပ်မံ ဝင်ရောက် ဖျက်ဆီးခဲ့တာပါဗျ” ဟု ပြောသည်။
အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် မုံတိုင်ပင်ရွာမှ အိမ်ခြေ ၂၉ လုံးကို မီးရှို့ဖျက်ဆီးသွားပြီး နွား ၇ ကောင် နှင့် မီးသတ်ကား ၁ စီးကိုလည်း ဖျက်ဆီးသွားကြောင်း၊ ယနေ့ နံနက် ၆ နာရီခန့်ကလည်း ရေဦးမြို့နယ် စည်သာမြေရွာ ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း မီးရှို့ပြီးနောက် ဖလံဂုဏ်ရွာနှင့် ကံပေါက်ရွာသို့ ဝင်ရောက်ခဲ့ကြောင်း ဒေသခံ များထံမှ သိရသည်။
အဆိုပါ ကံပေါက်ရွာသို့ မဝင်ခင်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် ဝင်ရောက် လာခဲ့ခြင်းကြောင့် ကျေးရွာကာကွယ်ရေး ပြည်သူ ၂ ဦး ဒဏ်ရာ ရရှိထားသည်ဟုလည်း သိရသည်။
ထိုသို့သော အခြေအနေများကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များ ဝင်ရောက်ရာ လမ်းကြောင်းများကို သတိထားပြီး တတ်နိုင်သမျှ တိမ်းရှောင်နေပေးကြရန် PDF အဖွဲ့များက သတိပေးပြောဆိုထားသည်။