“ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ကြိုဆို ထောက်ခံပွဲနှင့် ပြည်ပစွက်ဖက်မှု ရှုတ်ချပွဲ” ခေါင်းစဉ်တပ်ထားသည့် စစ်ခေါင်း ဆောင် ထောက်ခံပွဲကို နေပြည်တော်တွင် ယနေ့ပြုလုပ်ရာ လူစုနေစဉ်မှာပင် ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားသည်။
အဆိုပါ ထောက်ခံပွဲကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များက ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးရေးရာရုံး အနီး လူစုနေစဉ် နေပြည်တော် မြို့ပြပြောက်ကျား ပူးပေါင်းအဖွဲ့များက ဗုံးခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။
နေပြည်တော် PDF ခေါင်းဆောင် တဦးဖြစ်သူ ဗိုလ်ငွေစိုးက “အကြမ်းဖက် စစ်ကောင်စီကို ထောက်ခံ အားပေးတာတွေ လုပ်နေတဲ့ လုပ်ရပ်တွေကို ရပ်တန့်က ရပ်ကြဖို့ သတိပေးတဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာပါ။ နောက်ဆုံးရတဲ့ သတင်းအရ ၅ ယောက် ၆ ယောက် ထိသွားတယ်။ လယ်ဝေး ခုတင် ၁၀၀ ဆေးရုံကို သယ်သွားကြတယ်” ဟု ပြောသည်။
ထိုသို့ ဗုံးခွဲတိုက်ခိုက်ခံရသော်လည်း ကြံခိုင်ရေးပါတီဝင်များက ဥပ္ပါတသန္တိစေတီတော်အနီးတွင် ထောက်ခံပွဲအား ဆက် လက် ကျင်းပခဲ့ကြောင်းသိရသည်။
တိုက်ခိုက်ခံရမှု အခြေအနေနှင့် ပတ်သက်ပြီး ထောက်ခံပွဲ တက်ခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင် အချို့ထံသို့ သီးခြားအတည်ပြုနိုင်ရန် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိခဲ့ပေ။
ယင်း ထောက်ခံပွဲမှာ လူထုခုခံတိုက်ခိုက်မှု ပြင်းပြင်းထန်ထန် ရင်ဆိုင်နေရသည့် စစ်ခေါင်းဆောင်၏ ငြိမ်းချမ်းရေး အကြောင်းပြ ဖိတ်ခေါ်မှုအပေါ် မတက်ရောက်သည့် အဖွဲ့များအား စွပ်စွဲ ပုတ်ခတ်ပြောဆိုမှုဖြစ်သည့် ပြည်ပစွက်ဖက်မှုဆို သည်ကို ရှုတ်ချရန် ကြိုးပမ်းသည့် ပွဲဟု အများက ဝေဖန်ကြသည်။
စစ်ခေါင်းဆောင်၏ ဖိတ်ခေါ်မှုတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လူထုခုခံမှုက တဆင့် ပေါ်ပေါက်လာသည့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့(PDF) များအား ချန်လှပ်ထားပြီး လက်ရှိဖြစ်ပေါ် သည့် နိုင်ငံ၏ အကျပ်အတည်းများအား ဖြေရှင်းရန် သဘောဆန္ဒ မရှိခြင်းတို့ကြောင့် ဆွေးနွေးပွဲ တက်ရောက်မည် မဟုတ်ကြောင်း
စစ်ကောင်စီအား ခုခံတိုက်ခိုက်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ရှင်းလင်းချက်ထုတ်ပြန် ထားသည်။
အာဏာသိမ်း စစ်ခေါင်းဆောင်ကမူ ဆွေးနွေးပွဲ မတက်ရောက်သည့် ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ကချင် လွတ်မြောက်ရေး တပ်မတော်(KIA)၊ ကရင်နီ အမျိုးသားများ တိုးတက်ရေးပါတီ(KNPP) တို့အား PDF များနှင့် ဆက်နွယ်နေသည့်အပြင် ပြည်ပ စွက်ဖက်မှုများကြောင့် ဆွေးနွေးပွဲ မတက်ခြင်းဖြစ်ကြောင်း မေလ ၁၂ ရက်က စွပ်စွဲ ပြောဆိုခဲ့သည်။
“ဒီမှာ မူလက တက်မယ်လို့ ဆန္ဒရှိနေပြီးတော့မှ လာမတက်ဘူး ဆိုပြီးတော့ ဆုံးဖြတ်ချက်ချခဲ့တာ KNU အဖွဲ့ဖြစ်ပါတယ်။ KNU ရယ် နောက်တခါ KIA ရယ်၊ KNPP ကတော့ အဲဒီ နယ်မြေတွေမှာ ရှိတဲ့ တချို့သော သူတို့ဆီက အဖွဲ့အစည်းတွေက ကျနော်တို့ဆီမှာ လက်ရှိ အကြမ်းဖက်လို့ သတ်မှတ်ထားတဲ့ PDF နောက်တခါ CRPH သူတို့နဲ့ ဆက်နွယ်နေတဲ့ဟာတွေ ရှိတာ တွေ့တယ်။ နောက်တခါ ဒီအဖွဲ့တွေက ပြည်ပနိုင်ငံရဲ့ ပတ်သက်မှုနဲ့ ဆက်နွယ်နေတယ်လို့လည်း ကျနော်တို့ သိထား ပါတယ်။ ဒါကြောင့်လည်း သူတို့က ကျနော်တို့ရဲ့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးတော့ မတက်ဘူးဆိုတဲ့ အကြောင်း ထုတ်ပြန်ခဲ့ တာ ဖြစ်တယ်လို့ ကျနော်တို့ တွေ့ရှိရပါတယ်” ဟု စစ်ခေါင်းဆောင်က ပြောသည်။
စစ်ခေါင်းဆောင်၏ ပြောကြားချက်များသည် စွပ်စွဲချက် တခုသာဖြစ်ပြီး မြေပြင်တွင် အမှန်တကယ် တိုက်ပွဲဖြစ်ပွားနေသည့် တပ်ဖွဲ့များ မပါဘဲ ငြိမ်းချမ်းရေး စကာပြောမည်ဆိုခြင်းမှာ လက်ရှိဖြစ်ပေါ်နေသည့် အကျပ်အတည်း အခင်းအကျင်းနှင့် သဟဇာတ မဖြစ်သည့်အပြင် ပြည်နယ်အတွင်း လူထုနေအိမ်များ ဖျက်ဆီးခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် စစ်အင်အား တိုးချဲ့နေခြင်းများ ပြုလုပ်နေကြောင်း KNPP ပြောခွင့်ရှိသူ ဦးအောင်ဆန်းမြင့်က ပြောသည်။
၎င်းက “ဒီနေ့ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး အခင်းအကျင်းက ကျနော်တို့ တိုင်းရင်းသားတွေနဲ့ အကြမ်းဖက် စစ်တပ် ဖြစ်နေတဲ့ ကိစ္စ မဟုတ်တော့ဘူး။ တနိုင်ငံလုံး အရေး၊ တပြည်ထောင်စုလုံး အရေးနဲ့ သက်ဆိုင်တဲ့ကိစ္စ ဖြစ်တဲ့အတွက် ကျနော်တို့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ချင်တဲ့ ဆန္ဒရှိတဲ့ Stakeholder တွေ အားလုံး မပါဘဲနဲ့ ငြိမ်းချမ်း ရေး ဆွေးနွေးပွဲကနေ ဘာရလဒ်မှ ရလာမှာ မဟုတ်ဘူး ဆိုတာ ကျနော်တို့ အဲဒီလိုပဲ ယုံကြည်ပါတယ်” ဟု ပြောသည်။
အလားတူ KNU ပြောခွင့်ရှိသူ ပဒိုစောတောနီးကလည်း အာဏာသိမ်း စစ်ခေါင်းဆောင်၏ ပြောဆိုချက်သည် ဒီမိုကရေစီ ကျင့်သုံးသည့် KNU ၏ ရပ်တည်ချက်အပေါ် သိနားလည်ပုံ မရကြောင်းနှင့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ် လာသည့် လက်နက်ကိုင်ခုခံမှုနှင့် အကျပ်အတည်းများအပေါ် ထိန်းချုပ်မရသည့် အခြေအနေပေါ်တွင် လက်ခံနိုင်ပုံ မရှိ သည့် စစ်ခေါင်းဆောင်အနေဖြင့် ပကတိ အခြေအနေနှင့် လုံးဝ ကင်းကွာလျက် ရှိကြောင်းလည်း ပြောထားသည်။
၎င်းက “သူ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း လက်နက်ကိုင် အဖွဲ့အသစ်တွေ ပေါ်လာတယ်။ ဆိုလိုတာက New Stakeholders တွေ ပေါ်လာတယ်ဆိုတာ သူလုံးဝ လက်မခံဘူးဆိုတာ ဒါ တော်တော်ဆိုးတဲ့ အချက်ပဲ။ ဒါက ဗမာပြည် တပြည်လုံးမှာ ဖြစ်ပေါ်နေတဲ့ ကိစ္စ။ အဲဒါကို သူလုံးဝ လက်မခံနိုင်ဘူး၊ သူအမှန်တရားကို လက်မခံဘူးဆိုတော့ ဘာလုပ်လို ရမလဲ၊ စစ်တပ်ကသာလျှင် နိုင်ငံရေးက ဆုတ်ခွာရမယ်ဆိုတဲ့ဟာက ဒါက အဖြေမှန်ပဲဆိုတာ ကျနော်တို့ ယုံကြည်ချက်က ခိုင်သတဲ့ ခိုင်မာလာတယ်ဆိုာ ကျနော်တို့ တော်လှန်ရေး အဖွဲ့က ဒီလိုခံယူတယ်” ဟု ထုတ်ဖော်ပြောကြားထားသည်။
အာဏာသိမ်း စစ်ခေါင်းဆောင်အနေဖြင့် ယခု ဖိတ်ခေါ်ချက်မှာလည်း စစ်အာဏာသိမ်း ဆန့်ကျင်ရေး လူထုခုခံမှုက တဆင့် ပေါ်ပေါက်လာသည့် PDF များနှင့် အတူတကွ တိုက်ခိုက်နေသည့် KNU ၊ KIA ၊ KNPP တို့ကဲ့သို့ အဖွဲ့များကိုသာ အဓိက တက်ရောက်စေချင်သော်လည်း ၎င်းဖြစ်ချင်သလို ဖြစ်မလာသည့်အတွက် မသေချာသည့် အချက်များဖြင့် စွပ်စွဲ ပြောဆိုနေ ခြင်းသာဖြစ်ကြောင်းလည်း နိုင်ငံရေး လေ့လာသုံးသပ်သူတဦးက ဝေဖန်သည်။
၎င်းက “ဖိတ်တာကို မလာတဲ့အခါကျတော့ အကြောင်းပြချက်တွေ ရှာရတာပေါ့။ ပြည်ပ စွက်ဖက်မှုတွေ ရှိတယ်။ ဘာညာ ဆိုတာ လျှောက်ပြောတာပေါ့၊ ဥပမာ အမေရိကန်တို့ တရုတ်တို့ပေါ့။ အဓိကအားဖြင့် တရုတ်ကို ပြောချင်ပုံရပါတယ်၊ တရုတ်ကို ပြောမယ်ဆိုရင် EAO တွေ နဲ့ တရုတ်ရဲ့ ဆက်ဆံရေးထက် စစ်ကောင်စီနဲ့ တရုတ်ရဲ့ ဆက်စပ်မှုက ပိုများတယ်။ စစ်ကောင်စီကို ပြည်ပကနေ စွက်ဖက်လမ်းညွှန် စေခိုင်းနေတာတွေ ရှိတယ်။ သူဖြစ်စေချင်သလို ဖြစ်မလာတဲ့အတွက် မရေရာ မခိုင်လုံတဲ့ အကြောင်းပြပြီးတော့ မဟုတ်တမ်းတရားတွေ စွပ်စွဲနေတာလို့ပဲ ယုံကြည်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် စစ်ခေါင်းဆောင်ဖိတ်ခေါ်သည့် ဆွေးနွေးပွဲသို့ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS/SSA)၊ မွန် ပြည်သစ်ပါတီ (NMSP)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU /KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်(DKBA)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ(ALP)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ရှမ်းပြည် မြောက်ပိုင်း တပ်မတော် (SSPP/SSA)၊ ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နှင့် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA/မိုင်းလား) တို့ တက်ရောက်ကြမည် ဖြစ်ကြောင်း စစ်ကောင်စီထံ အကြောင်းကြားထားသည်။
သို့သော် ဝ နှင့် မိုင်းလားတို့သည် ဒုတိယ ဥက္ကဋ္ဌများသား တက်ရောက်ကြမည်ဖြစ်သည့်အပြင် စစ်ခေါင်းဆောင်ဖိတ်ခေါ် သည့် ဆွေးနွေးပွဲတက်ရန် စာရင်းပေးခဲ့သည့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) အဖွဲ့အတွင်းလည်း သဘော ထားကွဲလွဲမှုများဖြစ်နေပြီး တက်ရောက်ရန် စာရင်းပေးသည့် အထွေထွေ အတွင်းရေးမှူးဖြစ်သူအား အဖွဲ့ စည်းမျဉ်းများအရ အရေးယူမည်ဖြစ်ကြောင်း LDU ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌ တို့ သတင်းထုတ်ပြန်ထားသည်။
တပ်ဖွဲ့ ခေါင်းဆောင်များကိုယ်တိုင် တက်ရောက်ကြရန် ဖိတ်ကြားခဲ့သည့် စစ်ခေါင်းဆောင် အနေဖြင့်လည်း ခေါင်းဆောင် များကိုယ်တိုင် တက်ရောက်ခြင်း မရှိသည့်အဖွဲ့များနှင့် ပတ်သက်ပြီး “အချို့သော အဖွဲ့များမှ ဥက္ကဋ္ဌများ ကျန်းမာရေးဆိုင်ရာ အခက်အခဲများ ရှိခြင်းကြောင့် ဥက္ကဋ္ဌ ကိုယ်စားပြုသူများကို စေလွှတ်ခြင်းများ ရှိကြောင်း၊ ၎င်းတို့အနေဖြင့် အာမခံချက် ရှိ ရန်လိုပါကြောင်း” လည်း ပြောဆို သတိပေးထားသည်။
You may also like these stories:
စစ်ခေါင်းဆောင် ဖိတ်သည့် ဆွေးနွေးပွဲ ပဋိပက္ခဖြေရှင်းရေး ရလဒ် ထွက်ဖွယ် မရှိ
ငြိမ်းချမ်းရေး ဆွေးနွေးပွဲလော၊ နိုင်ငံရေး ကစားပွဲလော
စစ်ခေါင်းဆောင် ဖိတ်ခေါ်မှုနှင့် ပတ်သက်၍ လားဟူအဖွဲ့အတွင်း သဘောထားကွဲ