သတင်း

ဒေါက်တာ ဇော်မြင့်မောင် မျက်စိခွဲစိတ်မည်ဖြစ်၍ ရုံးချိန်းများ ရွှေ့ဆိုင်း

မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဇော်မြင့်မောင်သည် မျက်စိ ခွဲစိတ်ကုသမှု ခံရမည် ဖြစ်သောကြောင့် ရုံးချိန်းများ ကို မေလ ၂၀ ရက်သို့ ရွှေ့ဆိုင်းလိုက်ကြောင်း အကျိုးဆောင်အဖြစ် လိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေအဖွဲ့ထံက သိရ သည်။

“ဒီရက်ပိုင်းထဲမှာ ခွဲစိတ်မှာဆိုတော့ ၂၀ ရက်နေ့မှာလည်း ဆရာဇော် ရုံး တက်နိုင်မယ် မထင်ဘူး မျက်စိခွဲမှာ ဆိုတော့ ၃၊ ၄ ရက်နဲ့ မရနိုင်လောက်ဘူး။ စစ်ဖို့က တရားခံပြ သက်သေ တယောက်ပဲ ကျန်တော့တယ်။ အဲဒါ စစ်ပြီးရင်တော့ အပြီးသတ် လျှောက်လဲချက်ပေါ့” ဟု ရှေ့နေအဖွဲ့က ပြောသည်။

ဒေါက်တာ ဇော်မြင့်မောင်မှာ မျက်စိခွဲစိတ်ရန် လိုအပ်သည်ဟု အကျဉ်းထောင်ဆရာဝန်က တင်ပြခဲ့သဖြင့် ယနေ့မှစ၍ အကျဉ်းထောင် ဆေးရုံသို့ တက်ရောက်နေကြောင်း သိရသည်။

“ဘယ်ဘက်မျက်စိက အတွင်းတိမ်။ အဲဒါကြောင့် ထောင်ဆရာဝန်က မြန်မြန်ခွဲပါ ဆိုပြီး တင်ပေးလို့ ဒီနေ့က စပြီး ဆေးရုံ တက်နေပြီလို့ သိရတယ်။ မနက်ဖြန်၊ ဒါမှမဟုတ် သဘက်ခါမှာ ခွဲမယ်။ ထောင်ဆေးရုံမှာ ခွဲမှာလား၊ အပြင်ဆေးရုံမှာ ခွဲမှာ လား ဆိုတာတော့ မသိရသေးဘူး။ ဒီနေ့ ရုံးချိန်းမှာ ဆရာဇော် ရုံးထွက် မလာလို့ အသေးစိတ်တော့ မသိခဲ့ရဘူး” ဟု ရှေ့နေ အဖွဲ့က ပြောသည်။

ဒေါက်တာ ဇော်မြင့်မောင်သည် NLD ပါတီ အစိုးရလက်ထက် ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်စဉ်ကာလအတွင်း ဆေးကု သစရိတ်နှင့် ပါတီရုံးမြေနေရာကိစ္စ၊ စီမံကိန်း ဧရိယာနှင့် ဆက်စပ် လက်ယာမြေများကို အခြားနည်း သုံးစွဲခွင့် ရရှိရေးနှင့် စီမံကိန်း လုပ်ငန်းများ ဆက်လက် လုပ်ကိုင်နိုင်ရေး ဆောင်ရွက်မှုများတွင် အဂတိ လိုက် စားမှုရှိခဲ့သည် ဟုဆိုကာ စစ်ကောင်စီက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မများဖြင့် အမှု ၅ မှု တရားစွဲဆိုထားခြင်းအား ရင်ဆိုင်နေရခြင်း ဖြစ်သည်။

ထို့ပြင် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ စစ်ကောင်စီခန့် မန္တလေးတိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဒုညွှန်ကြားရေးမှူး ဦးကျော်ကျော်စိုးက တရားလို ပြုလုပ်၍ အမရပူရမြို့နယ်တရားရုံး၌ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁ (စ)၊ အောင်မြေသာစံမြို့နယ် တရားရုံးတွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၃၀ (က) ဖြင့် တရားစွဲဆိုထားခြင်းများကိုလည်း ရင်ဆိုင်နေရသည်။

ဒေါက်တာ ဇော်မြင့်မောင်အား အောင်မြေသာစံမြို့နယ် တရားရုံးက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ)နှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅/၃၀(က)တို့ဖြင့် တရားစွဲထားမှုကို ထောင်ဒဏ် ၄ နှစ် ကျခံစေရန်နှင့် ပုဒ်မ ၅၀၅ (ခ) အတွက် ချုပ်ရက် ခံစားခွင့် မရှိကြောင်း၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၈ ရက်က အမိန့် ချမှတ်ထားပြီး ဖြစ်သည်။

၎င်းဝန်ကြီးချုပ် တာဝန်ထမ်းဆောင်စဉ် ၂၀၁၉ ခုနှစ်မှ စကာ သွေးကင်ဆာရောဂါ ခံစားခဲ့ရသဖြင့် ထိုင်းနိုင်ငံသို့ သွားရောက် ဆေးကုသမှု ခံယူခဲ့ရပြီး ကင်ဆာဆေးဝါးများ ယနေ့အချိန်ထိ သောက်သုံးနေရဆဲ ဟု သိရသည်။

You may also like these stories:

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်အား ထောင်ဒဏ် ၄ နှစ် ချမှတ်

ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်အုပ်စု၏ အငြိုး

ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၏ ရှေ့နေ ဒေါ်ရွက်နုအောင် ဖမ်းဆီးခံရ

ဒေါက်တာ ဇော်မြင့်မောင်၏ အဂတိမှု ဒေါ်အောင်ဆန်းစုကြည် သက်သေထွက်ဆိုရန် အခက်ကြုံနေ

Loading