အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) ဖြင့် အမှုဖွင့်ခံထားရသည့် မန္တလေးမြို့မှ ရှေ့နေ ဒေါ်ရွက်နုအောင် မှာ ဖမ်းခံရပြီး ၃ ပတ်ကြာသည့်အထိ နန်းတွင်းစစ်ကြောရေး၌ စစ်ဆေးခံနေရဆဲဖြစ်ပြီး အိုးဘိုထောင်သို့ ပို့ဆောင်ခြင်း မရှိသေးကြောင်း ရှေ့နေအသိုင်းဝိုင်းက သိရသည်။
ဒေါ်ရွက်နုအောင်မှာ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၏ ရှေ့နေ အဖွဲ့ဝင်တဦးလည်း ဖြစ်ပြီး ဧပြီ၂၇ ရက်က မန္တလေး အိုးဘိုထောင်အတွင်းရှိ အထူးတရားရုံးတွင် အမှု ရုံးထုတ်စစ်ဆေးပြီး အပြန်၌ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ဒေါ်ရွက်နုအောင်နှင့် နီးစပ်သည့် ရှေ့နေတဦးက “အခုအချိန်ထိတော့ အိုးဘိုကို မရောက်သေးဘူး။ လက်ရှိအချိန်ထိ ရုံးထုတ်တာမျိုးလည်း မရှိသေးဘူး၊ ချုပ်ရမန်ယူထားတယ်လို့ပဲ သိရတယ်။ နန်းတွင်း စစ်ကြောရေးမှာပဲ ရှိနေတယ်လို့ နောက်ဆုံး သိထားတယ်” ဟု ပြောသည်။
ထိုသို့ ဖမ်းဆီးခံရပြီးနောက် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) များအား ထောက်ပံ့ခဲ့သည် ဟူသော စွပ်စွဲချက်ဖြင့် ဧပြီ၂၈ ရက်က အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) အရ အမှု ဖွင့်လှစ်ကာ မန္တလေးခရိုင်တရားရုံးက ချုပ်ရမန် ပေးထားကြောင်း သိရသည်။
“မရွက်နုအောင်ကို အခုအချိန်ထိတော့ ရုံးတင်လာတာ မတွေ့ရသေးဘူး၊ ကျနော်တို့က ရုံးထုတ်လာမှသာ ကျန်းမာရေး ကအစ သိကြရတာ။ အခုကတော့ ရုံးလည်း မထုတ်သေးဘူး၊ တရားဝင်လည်း အမှုက မတင်သေးဘူးဆိုတော့ တွေ့လို့ မရဘူး ဖြစ်နေတာပေါ့။ သိရသလောက် မိသားစုနဲ့တောင် တွေ့ခွင့်မရသေးဘူး။ လက်ရှိအချိန်ထိတော့ စစ်ကြောရေး မှာပဲ ရှိတယ်လို့ သိရတယ်” ဟု တရားလွှတ်တော် ရှေ့နေတဦးက ပြောသည်။
အဆိုပါ အမှုနှင့် ပတ်သက်ပြီး ရှေ့နေ ဒေါ်ရွက်နုအောင်အား မေ ၁၂ ရက်တွင် ရုံးထုတ်မည်ဟု သိရသော်လည်း ထိုရက် က ရုံးထုတ် မထုတ်ကိုမူ မသိရသေး ဟုလည်း ဆိုသည်။
“ရုံးမထုတ်ပေမယ့် ဗွီဒီယိုကွန်ဖရန်းစင်းနဲ့ ပေးသလား ကျနော်တို့ မသိရဘူး။ ရုံးမထုတ်သေးတာကတော့ ဥပဒေအရ ချုပ်ရမန်ကို ၁၄ ရက် နှစ်ပတ်ထိ ယူခွင့်ပြုထားတော့ အဖမ်းခံရတာက၂၈ ရက်မပြည့်သေးလို့ မတင်တာလို့လည်း သုံးသပ်ရတာပေါ့” ဟု ဒေါ်ရွက်နုအောင်နှင့် နီးစပ်သည့် ရှေ့နေတဦးက ပြောသည်။
ဒေါ်ရွက်နုအောင်အား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)ဖြင့် အမှုဖွင့်လှစ်ရခြင်းမှာ မန္တလေးမြို့တွင် PDF အဖွဲ့ဝင် ဟုဆိုကာ ဖမ်းဆီးခံခဲ့ရသည့် တရားလွှတ်တော် ရှေ့နေ ဦးစည်သူ(ခ) ဆိတ်ကြီးက ဒေါ်ရွက်နုအောင် အနေဖြင့် ၎င်းတို့အား ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း ထွက်ဆိုချက်အရ ဖမ်းဆီးစစ်ဆေး နေခြင်းဟု အာဏာသိမ်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်ဟု One News Myanmar သတင်းဌာနက ဖော်ပြထားသည်။
၎င်းအား အမှုဖွင့်လှစ်ထားသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) သည် အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ် တသက်တကျွန်းအထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည့် ပုဒ်မ ဖြစ်သည်။
ဒေါ်ရွက်နုအောင်သည် မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တိုင်းအဆင့် အဖွဲ့ဝင်တဦးလည်း ဖြစ်ပြီး ဥပဒေကိစ္စရပ်များတွင် အားကိုးအားထားပြုရသူတဦးလည်းဖြစ်ကာ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်အပြင် အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီး တရားစွဲဆိုခြင်း ခံနေရသည့် အခြားသော မန္တလေးတိုင်း အစိုးရအဖွဲ့ဝင် ဝန်ကြီး အချို့၏ အမှုများကိုလည်း ရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက်ပေးနေသူလည်း ဖြစ်သည်။
ထို့ပြင် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ NLD ပါတီ နာယက ဦးဝင်း ထိန်တို့၏ အမှုများတွင်လည်း လိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေအဖွဲ့မှ အဖွဲ့ဝင်တဦးလည်း ဖြစ်သည်။
You may also like these stories:
ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၏ ရှေ့နေ ဒေါ်ရွက်နုအောင် ဖမ်းဆီးခံရ
စစ်ကောင်စီ စီစဉ်သည့် ဘာသာရေးပွဲများ သပိတ်မှောက်ရန် သံဃသမဂ္ဂ တိုက်တွန်း
မန္တလေးကျုံးအနီး ရှော့တိုက်ဒုံးတွေ့မှု အနီးရှိ ပြည်သူ ၉ ဦး ဖမ်းဆီးခံရ