စစ်ကောင်စီ တပ်စွဲခဲ့သည့် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်းရှိ မုံတိုင်ပင်ကျေးရွာနှင့် အနီးတဝိုက်တွင် အလောင်းများ ထပ်မံ တွေ့ရှိရာ သတ်ဖြတ်ခံရသူ ၃၆ ဦးအထိ ရှိလာပြီ ဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
မေလ ၁၀ ရက်က စစ်ကောင်စီတပ်သည် မုံတိုင်ပင်ကျေးရွာသို့ လက်နက်ကြီးများဖြင့်ပါ ပစ်ခတ် ဝင်ရောက်လာပြီး နောက် ဒေသခံများ ဖမ်းဆီးခံရကာ ၎င်းတို့ ပြန်လည်ထွက်ခွာသွားချိန်တွင် ရုပ်အလောင်းများကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သေဆုံးသူ အများစုကို ရွာအတွင်းရှိ နေအိမ်များတွင် အစုလိုက် မီးရှို့ ခဲ့ခြင်း ဖြစ်သော်လည်း သတ်ဖြတ်ပြီးမှ စုပုံကာ မီးရှို့ခဲ့သည့် အခြေအနေဖြစ်ကြောင်းနှင့် နှိပ်စက်ခြင်းများ ပြုလုပ်ခံထားရသည် ဟုလည်း ဒေသခံများက ကောက်ချက် ချကြသည်။
ထို့ပြင် ကျေးရွာ ရေတွင်းတွင်လည်း အလောင်းများ တွေ့ရှိရပြီး စစ်တပ် ဝင်စီးသည့်နေ့တွင်ပင် ပစ်ခတ်သတ်ဖြတ် ခံ ထားရသူများလည်း ရှိကြောင်း သိရသည်။
ဒေသခံတဦးက “အိမ်မီးလောင်ပြင်တွေ ရှင်းရင်းနဲ့ တွေ့တာ ရုပ်အလောင်းတွေက မပီတော့ဘူး။ အဒေါ်ကြီး ၂ ယောက် ပဲ နေတဲ့အိမ်ကို ရှင်းလင်းလိုက်တဲ့အခါမှာ ၆ လောင်း တွေ့တယ်။ အိမ်တွေထဲမှာ ဆွဲသွင်းပြီးတော့ မီးရှို့ထားခဲ့တာမျိုး တို့၊ အုတ်ရေတွင်းထဲမှာ ချထားခဲ့တာမျိုးတို့၊ သွေးကွက်တွေကိုလည်း ပေါက်ပြားတွေနဲ့ ဆွဲဖုံးပြီးတော့ ဖွက်သွားတာ တွေလည်း တွေ့ရတယ်” ဟု ပြောသည်။
ရုပ်အလောင်းများ ရှင်းလင်းရေးတွင် ပါဝင်ခဲ့သည့် မုံတိုင်ပင်ရွာခံ တဦးကလည်း “စစ်ကြောင်းနဲ့ လွတ်တဲ့ အချိန်ခဏ တဖြုတ် ဝင်ပြီးတော့ သန့်ရှင်းရေး ဝင်လုပ်တဲ့ အခါမှာ တွေ့ရတာ ဦးခေါင်းခွံလေးတွေ အရိုးစုလေးတွေ။ သူတို့ နှိပ် စက်ပြီး သတ်တယ်လို့ ယူဆရတဲ့ သွေးကွက်တွေ ရှိတာမျိုးတို့၊ ကြိုးတုပ်ထားတဲ့ လက္ခဏာမျိုး၊ ကြိုးနဲ့ ရိုက်နှက်ထား တဲ့ ပုံစံမျိုးတွေ၊ သေဆုံးနေသူတွေက သူတို့ ဖမ်းဆီးခံရစဉ်က ဝတ်ထားတဲ့ အဝတ်အစားတွေ၊ အဲဒါမျိုးတွေ တွေ့ရ တယ်” ဟု ဆိုသည်။
သေဆုံးသူများသည် ရုပ်များ ပျက်ယွင်းနေခြင်း၊ အရိုးစုများသာ ကျန်ရှိနေတော့သည့်အတွက် မည်သူမည်ဝါ ဖြစ်သည် ကို အတိအကျ အတည်ပြုနိုင်ရန် ခက်ခဲနေပြီး စုံစမ်းမှုများ ပြုလုပ်နေဆဲသာ ဖြစ်ကြောင်း သိရသည်။
မုံတိုင်ပင်ရွာက သာမက အင်ပင်၊ ဆီဆုံ၊ ပုဏ္ဏကား စသည့် ကျေးရွာများမှ ပြည်သူများကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်လာပြီးနောက် ယခုကဲ့သို့ အသတ်ခံရမှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
မေလ ၁၀ ရက် နံနက် ၆ နာရီအချိန်တွင် တန့်ဆည်မြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ ဝန်းကျင်သည် ရေဦး မြို့ နယ်၊ အောင်သာဒယ်ရောက်ရွာမှ တဆင့် မုံတိုင်ပင်ရွာကို စစ်ကြောင်း ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုစစ်ကြောင်း ဝင်ရောက်ချိန် မိုင်းထောင်သည့် PDF တပ်ဖွဲ့ဝင်၂ ဦးနှင့် ထိပ်တိုက်တွေ့ဆုံပြီး ပစ်သတ်ခံခဲ့ရကြောင်း၊ နံနက် ၈ နာရီခွဲ ခန့်တွင် မုံတိုင်ပင်ရွာ တံတား အကူး၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့နောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် မုံတိုင်ပင်ရွာတွင် အခြေချကာ အနီးအနားမှ ကျေးရွာများသို့ ဝင်ရောက် မွှေနှောက်ပြီး ပြည်သူများကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသ သတင်းရင်းမြစ်များက ဆိုသည်။
အိမ်ခြေ ၃၀၀ ကျော်ရှိသည့် မုန်တိုင်ပင်ကျေးရွာကို စစ်ကောင်စီတပ် စီးနင်းပြီး မီးရှို့မှုကြောင့် နေအိမ်၂၉ လုံး မီးလောင် ကျွမ်းခဲ့ပြီး အဆိုပါ နေအိမ်များကို ရည်ရွယ်ချက်ရှိရှိ ရွေးချယ် ရှို့ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။
မုံတိုင်ပင်ရွာခံ တဦးက “တရွာလုံးကို ရှို့သွားတာ မဟုတ်ဘူး။ ကွက်ကြား ရှို့တာ။ PDF ကို ထောက်ပံ့တယ်တို့၊ PDF အဖွဲ့ဝင်တွေရဲ့ အိမ်တို့ အဲဒီအိမ်တွေကိုပဲ ကွက်ကြား ရှို့သွားတာ။ အဓိက ကတော့ အိမ်တွေကို လိုက်ပြနိုင်တဲ့ ဒလန်ပါ လို့ အိမ်တွေကို ကွက်ကြားရှို့တာ။ အဲဒီ အိမ်တွေထဲမှာ သတ်ထားတဲ့ လူတွေကို ဆွဲသွင်းပြီးမှ ရှို့သွားတာ။ ဖမ်းထားတဲ့ လူတွေကို သူတို့ (စစ်ကောင်စီ) နဲ့ တညလုံး ထားထားသေးတယ်။ ပြန်ပြီဆိုတော့မှ သတ်ထားခဲ့တာ” ဟု ပြောသည်။
မေလ ၁၀ ရက်နေ့ နောက်ပိုင်းရက်များတွင် စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းအတွင်းရှိ ရေဦးနှင့် ခင်ဦး မြို့နယ်တို့ တွင် နေ့စဉ် ရက်ဆက်ဆိုသလို ကျေးရွာများကို ဝင်ရောက် စီးနင်းပြီး နေအိမ်များအား မီးရှို့ခြင်း၊ ဒေသံများအား သတ် ဖြတ်ခြင်းများကို ပြုလုပ်လျက်ရှိကြောင်း ဒေသ သတင်းရင်းမြစ်များထံမှ သိရသည်။
စစ်ကောင်စီ အာဏာသိမ်းသည့် ဖေဖော်ဝါရီလမှ စတင်ပြီး ၂၀၂၂ ခုနှစ် ဧပြီလ ၃၀ ရက်အထိ စစ်ကောင်စီတပ်နှင့် လက်အောက်ခံ အဖွဲ့အစည်းများ၏ မီးရှို့မှုကြောင့် အိမ်ခြေ ၁၁,၄၁၇ လုံး ဆုံးရှုံး ပျက်စီးမှုရှိကြောင်း လွတ်လပ်သော သုတေသနအဖွဲ့ Data for Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။
You may also like these stories:
ရေဦးမြို့နယ် မုံတိုင်ပင်ရွာတွင် ရုပ်အလောင်း ၃၀ နီးပါထိ တွေ့လာ
၁ နှစ်ကျော်အတွင်း ခင်ဦးမြို့နယ်မှ အိမ် ၁၄၀၀ ကျော် မီးရှို့ခံရ