ပြင်းထန်သောခုခံမှုဖြင့် ရင်ဆိုင်နေရသောကြောင့် ယူကရိန်းကို သိမ်းပိုက်ရန်စေလွှတ်လိုက်သည့် ရုရှားတပ် ၃ ပုံ ၁ ပုံသည် ပျက်ဆီးဆုံးရှုံးသွားပြီးဖြစ်နိုင်ကြောင်း ဗြိတိန်ထောက်လှမ်းရေးများပြောသည်။
ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန၏ နောက်ဆုံးအကဲဖြတ်ချက်တွင် ယူကရိန်းအရှေ့ပိုင်းမှ ရုရှားထိုးစစ်သည် အရှိန်အဟုန် မရှိတော့ဘဲ မူလအစီအစဉ်ထက်များစွာ နောက်ကျနေကြောင်း ပြောသည်။
ဘာလင်တွင်ကျင်းပသည့် မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ NATO နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး လစ်ဇ်ထရပ်က ကိယက်ဗ်မှ ယူကရိန်းအစိုးရကို ကူညီပြီး ရုရှားများကို မောင်းထုတ်ရန် အရေးကြီးကြောင်း ပြောသည်။
ဗြိတိန်ကာကွယ်ရေးဝန်ကြီးက “ပူတင်သည် ယူကရိန်းတွင် ဆက်လက်ရှုံးနိမ့်မည်ဖြစ်ပြီး ရုရှားကို ထိန်းချုပ်ထားရမည်ဖြစ်ကာ ထိုသို့သော ကျူးကျော်မှုနောက်ထပ်မဖြစ်စေရ” ဟုလည်း ဖေါ်ပြထားသည်။
“ယူကရိန်း၏ လုံခြုံရေးသည် ၎င်းကိုယ်၎င်း ကာကွယ်နိုင်စွမ်းမှ လာရမည်။ မဟာမိတ်များသည် ယူကရိန်းက NATO စံချိန်မီလက်နက်များတပ်ဆင်ရန် အားထုတ်မှုကို ထောက်ခံရမည်ဖြစ်ပြီး အမြောက်ကြီးများ၊ လေ့ကျင့်ရေးနှင့် ကျွမ်းကျင်မှုများ ပေးရမည်” ဟုလည်း ထိုကြေညာချက်တွင် ဆက်လက်ဖေါ်ပြသည်။
NATO အဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် မာစီနီယာ ဂျီအိုအန်နာကလည်း ယူကရိန်းတပ်များသည် ရုရှတပ်များကို ချေမှုန်းရန် အသင့်အနေအထားသို့ ရောက်နေပြီဖြစ်ကြောင်း ပြောသည်။
“ရုရှားရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ကျူးကျော်မှု အရှိန်အဟုန် ကျဆင်းသွားပြီ ” ဟု သတင်းထောက်များကို သူပြောသည်။
“မဟာမိတ်တွေနဲ့ မိတ်ဘက်တွေက စစ်ရေး၊ ဘဏ္ဍာရေးနဲ့ လူသားချင်းစာနာမှုအကူအညီ ဘီလီယံပေါင်းများစွာ ပေးလိုက်တော့ ယူကရိန်းပြည်သူတွေနဲ့ စစ်တပ်ရဲ့ရဲရင့်မှုဟာ ကျနော်တို့ အကူအညီတွေနဲ့ အတူ ယူကရိန်းက စစ်နိုင်နိုင်တယ်ဆိုတာ ကျနော်တို့ သိနေပြီ” ဟုလည်း သူဆက်လက်ပြောကြားသည်။
ရုရှားတပ်များသည် ကိယက်ဗ်မှ မောင်းထုတ်ခံရပြီးနောက် စစ်ပွဲဗဟိုချက်ကို မော်စကိုလိုလားသော ခွဲထွက်ရေးသမားများ တစိတ်တပိုင် သိမ်းပိုက်ထားသည့် ဒွန်ဘတ်စ်ဒေသ အရှေ့ပိုင်းသို့ ပြောင်းရွှေ့နေသည်။
သို့သော် ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဌာန၏ အဆိုအရ ရုရှတပ်များသည် သေးငယ်သော တိုးတက်မှုသာ ရပြီး နယ်မြေများကို ကြီးကြီးမားမား မသိမ်းပိုက်နိုင်ဘဲ မြင့်မားသည့် အင်အားဆုံးရှုံးမှုများကိုသာ ရင်ဆိုင်ရကြောင်း သိရသည်။
ထိုးစစ်သည် ဘေလီတံတားများ၊ ထောက်လှမ်းရေးနှင့် စစ်မြေပြင်ထောက်လှမ်းရေး ဒရုန်းများ စသည့် အရေးပါသော စစ်ယန္တရားများ ဆုံးရှုံးမှုနှင့် သက်ဆိုင်နေကြောင်းလည်း ထိုအစီရင်ခံစာက ဖေါ်ပြသည်။
“ရုရှားသည် ဖေဖေါ်ဝါရီလက စေလွှတ်ခဲ့သည့် မြေပြင်တိုက်ခိုက်ရေးတပ်များ၏ ၃ ပုံ ၁ ပုံကို ဆုံးရှုံးနေပုံရသည်” ဟု ထိုအစီရင်ခံစာတွင် ဖေါ်ပြထားသည်။
ရုရှားတပ်များသည် စွမ်းရည်နိမ့်ကျ၊ စိတ်ဓါတ်ကျဆင်းပြီး တိုက်ခိုက်ရေးစွမ်းရည် ပိုမိုကျဆင်းနေသည် ဟုလည်း ထိုအစီရင်ခံစာက ဆိုသည်။
ထိုစွမ်းရည်များကို အလျှင်အမြန်အစားထိုး သို့မဟုတ် ပြန်လည်တည်ဆောက်မရဘဲ ယူကရိန်းမှ ရုရှား စစ်ဆင်ရေးများအတွက် အဟန့်အတားဖြစ်နေသည် ဟုလည်း အစီရင်ခံစာက ဆက်လက်ဖေါ်ပြသည်။
လက်ရှိအခြေအနေအရ ရုရှားသည် လာမည့် ရက်ပေါင်း ၃၀ အတွင်း စစ်ဆင်ရေးကို သိသိသာသာ အရှိန်မြှင့် နိုင်မည့်အခြေအနေမရှိကြောင်း ထိုအစီရင်ခံစာက ကောက်ချက်ချသည်။
ကိုးကား။ ။ The Guardian
You may also like these stories:
ဗိုလ်ချုပ်ကြီးနှစ်ဦး ထိပ်တိုက်တွေ့သော ယူကရိန်းစစ်ပွဲ
ရုရှား၏ ယူကရိန်း ကျူးကျော်စစ် မြန်မာစစ်အုပ်စုအတွက် ပြဿနာဖြစ်
ယူကရိန်း စစ်ပွဲမှ အမြတ်ထွက်ရန် တရုတ် မူချ
ရှုံးနေပြီးသော ပူတင်၏ ကျူးကျော်စစ်
ရုရှစစ်သင်္ဘော မော့စ်ကဗာ နစ်မြုပ်မှု သိထားရသမျှနှင့် အရေးပါပုံ