အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသော ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ ပြည်ပ နိုင်ငံ များသို့ တရားဝင် ထွက်ခွာခွင့် မရစေရန် စစ်ကောင်စီက နိုင်ငံကူးလက်မှတ်(Pass Port) ထုတ်ပေးခြင်း သက်တမ်း တိုးခြင်းကို တားမြစ် ပိတ်ပင်ထားကြောင်း သိရသည်။
CDM ဆရာဝန်တဦးက “လေဆိပ်ရောက်တဲ့အချိန်မှ ဖမ်းဆီးစစ်ဆေးတာမျိုး မဟုတ်ဘဲ CDM ဝန်ထမ်းဆိုတာနဲ့ ပတ်စ်ပို့ ရုံးမှာတင် စာအုပ်လုပ်လို့ မရတော့ဘူး။ သက်တမ်းတိုးလို့ မရတော့ဘူး။ ကျနော်ဆို သက်တမ်းကုန်သွားလို့ တိုးဖို့ ကို စုံစမ်းကြည့်တဲ့အခါမှာ နာမည်စာရင်းတွေ ရောက်နေပြီဆိုတာမျိုးကို ပြန်သိရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီသည် CDM ဝန်ထမ်းများကို အမှုဖွင့် ဝရမ်းထုတ်ခြင်း၊ ဖမ်းဆီးခြင်း၊ ရာထူးမှထုတ်ပယ်ခြင်း စသည့် နည်းမျိုး စုံဖြင့် ဖိနှိပ်မှုများ ပြုလုပ်လျက်ရှိရာမှ ယခုအခါ ပြည်ပနိုင်ငံများသို့ ထွက်ခွာခွင့်ကိုပါ ကန့်သတ်လာခြင်း ဖြစ်ကြောင်း CDM ဝန်ထမ်းများက ဆိုသည်။
CDM ကျောင်းဆရာမ တဦးကလည်း “ကျမ နာမည်ကို ကြည့်လိုက်တာနဲ့ သူတို့က ကျောင်းဆရာမလား တန်းမေးတာ။ မဟုတ်ပါဘူး ငြင်းပေမယ့် သူတို့က ကျနော်တို့မှာ နာမည်နဲ့ စာရင်းအတိအကျ ရှိတယ်ဆိုပြီး ပြန်ပြောတယ်။ ဒီက စာအုပ် ထုတ်ပေးလိုက်ရင်လည်း လေဆိပ်ရောက်ရင် ဖမ်းခံရလိမ့်မယ်တဲ့” ဟု ၎င်းကိုယ်တိုင် ကြုံတွေ့ခဲ့ရသည်ကို ပြန်ပြောပြသည်။
အလုပ်မှ နုတ်ထွက်ထားသည်မှာ အချိန်ကြာမြင့်လာပြီဖြစ်ရာ အလုပ်အကိုင်၊ ငွေရေးကြေးရေး အဆင်မပြေ ဖြစ်လာသော ကြောင့် နိုင်ငံခြားသို့ထွက်ပြီး အလုပ်လုပ်ကိုင်ရန်အတွက် ကြိုးစားရာတွင် ယခုလို ဖိနှိပ်မှုကို ရင်ဆိုင်ရခြင်း ဖြစ်သည်ဟု လည်း ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက “စစ်ကောင်စီက ကျမတို့ CDM လုပ်တာကို နောင်တရဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေတာ” ဟု ပြောသည်။
ယခုနှစ် အစောပိုင်းလများက CDM ဝန်ထမ်းတချို့ ပြည်ပနိုင်ငံများသို့ ထွက်ခွာခွင့်ရခဲ့သော်လည်း မတ်လခန့်မှစ၍ စစ် ကောင်စီက CDM ဝန်ထမ်းများ၏ ပြည်ပထွက်ခွာခွင့်အပေါ် ကန့် သတ် ထိန်းချုပ်လာခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိ အခြေအနေတွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၌ CDM ဝန်ထမ်းများ၏ နာမည်နှင့်တကွ အချက်အလက်များ အပြည့်အစုံ ရောက်ရှိနေပြီး တချို့မှာ ဖမ်းဆီးစစ်ဆေး မေးမြန်းခံရမှုများအထိ ကြုံတွေ့နေရကြောင်း အဆိုပါရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက “CDM Lists (စာရင်း) က အဲဒီရုံးမှာ တော်တော်ပြည့်ပြည့်စုံစုံ ရောက်နေပြီ။ နာမည်နဲ့ မှတ်ပုံတင်နံပါတ် ရိုက်ထည့် လိုက်တာနဲ့ CDM ဟုတ်မဟုတ်ကို သူတို့က တခါတည်း တန်းသိနေပြီ” ဟု ဆိုသည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှစတင်ကာ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင်မည့် CDM ဝန်ထမ်းတချို့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ရောက်ချိန်၌ ဖမ်းဆီးခံခဲ့ရပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်အရေးယူခံရသည့် ဖြစ်စဉ်တချို့ ရှိခဲ့ကြောင်းလည်း ပြည်တွင်းသတင်းဌာနတချို့တွင် ဖော်ပြမှုအရ သိရသည်။
စစ်ကောင်စီက ထိုကဲ့သို့ CDM ဝန်ထမ်းများကို ကန့်သတ်ဖိနှိပ်များ ပြုလုပ်နေသလို တဖက်တွင်လည်း အခြေခံ ပညာ ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်နီးပြီဖြစ်၍ တာဝန်မှ ကင်းကွာနေသည့် ပညာရေးဝန်ထမ်းများကို အယူခံတင်သွင်း ပြီး အလုပ်ပြန်ဝင်ကြရန် ကမ်းလှမ်းနေပြန်သည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ကို ဝန်ကြီးဌာနပေါင်းစုံမှ အစိုးရဝန်ထမ်း ၂ သိန်းကျော် ပါဝင်ခဲ့ကြပြီး အများစုမှာ ကျန်းမာရေးနှင့် ပညာရေး ဝန်ထမ်းများ ဖြစ်ကာ ယနေ့အချိန်ထိလည်း အများစုက CDM အဖြစ် ဆက်လက် တောင့်ခံနေကြဆဲ ဖြစ်သည်။
စစ်ကောင်စီသည် အဆိုပါ CDM ဝန်ထမ်းများ အပါအဝင် ၎င်းတို့အား နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်တော်လှန်နေကြသူများ ကို နိုင်ငံသားအဖြစ်မှ ပယ်ဖျက်ခြင်း၊ နေအိမ်များကို ချိတ်ပိတ်ခြင်းတို့အပြင် ကလေးငယ်များပါမကျန် မိသားစုဝင်များကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို လုပ်ဆောင်လျက် ရှိသည်။