အာဏာသိမ်းပြီး မြန်မာပြည်မှ ဆန္ဒပြပွဲများကို အကြမ်းဖက် ဖိနှိပ်သည့် စစ်ကောင်စီအား အသိအမှတ်ပြုခြင်းမှ ရှောင်ရှားရေး သြစတြေးလျနိုင်ငံသည် မြန်မာနှင့်သံတမန်ဆက်ဆံရေးအဆင့်လျှော့ချရန် လုပ်ဆောင်နေသည်။
တာဝန်ပြီးဆုံးသောကြောင့် ဧပြီလက မြန်မာမှ ပြန်လည်ထွက်ခွာသွားသည့် သံအမတ် အန်ဒရီယာ ဖေါ့ကနာ၏ နေရာတွင် အစားထိုးရန် နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဌာန (DFAT) အဆင့်မြင့်အရာရှိတဦးကို ရွေးချယ်ထားကြောင်း ABC သတင်းဌာနက ဖော်ပြသည်။
သို့သော် မြန်မာသို့ သွားရောက်ခွင့်မရသေးသော ထိုကိုယ်စားလှယ်သစ်သည် ခန့်အပ်လွှာကို စစ်ကောင်စီ ခေါင်းဆောင်ထံပေးအပ်မည်မဟုတ်ဘဲ သံရုံးယာယီတာဝန်ခံ ရာထူးဖြင့်သာ သံရုံးအကြီးအကဲအဖြစ် တာဝန်ယူမည်ဟု သတင်းက ဆိုသည်။
သြစတြေးလျသည် ထိုသို့သော ဗျူဟာကို ရွေးချယ်ထားသည်။ အခြားအနောက်နိုင်ငံအများအပြားသည်လည်း အလားတူနည်းလမ်းဖြင့် မြန်မာနှင့်ဆက်ဆံရေး အဆင့်လျှော့ချရန် လုပ်ဆောင်နေကြသည်။
သြစတြေးလျသည် မြန်မာစစ်ကောင်စီကို ပိတ်ဆို့အရေးယူခြင်းမရှိသောကြောင့် လူ့အခွင့်အရေးအဖွဲ့အများအပြား၏ ဝေဖန်မှုကို ရင်ဆိုင်နေရသည်။
သြစတြေးလျအရာရှိများသည် စစ်ကောင်စီခေါင်းဆောင်များကို အလျှင်အမြန်တွေ့ဆုံပြီး စီးပွားရေးနှင့် သံတမန်ရေး ဖိအားပေးရာတွင် နှေးကွေးသောကြောင့် သြစတြေးလျ၏ စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံရေးသည် ထိရောက်မှု မရှိကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဖေးလ်ရောဘတ်ဆန်က ABC သို့ပြောသည်။
ထိုသို့ သံတမန်ဆက်ဆံရေး အဆင့်လျှော့ရန် ဆုံးဖြတ်ချက်သည် စစ်ကောင်စီနှင့် သံတမန်ဆက်ဆံရေးတွင် သြစတြေးလျက မကျေနပ်မှု ပြသလိုသည့် လက္ခဏာဖြစ်ကြောင်း သူပြောသည်။
“ဒါဟာ အရေးကြီးတဲ့ ခြေလှမ်းနဲ့ သင်္ကေတဆန်တဲ့ လုပ်ရပ်ဖြစ်သလို နိုင်ငံတကာအသိအမှတ်ပြုမှုကို လိုချင်နေတဲ့ စစ်ကောင်စီကို ဒေါသထွက်စေ၊ စိတ်ပျက်စေတဲ့ လုပ်ရပ်ဖြစ်တယ်” ဟု သူပြောသည်။
အဝေးရောက်မြန်မာအမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ထိုဆုံးဖြတ်ချက်ကို ချီးကျူးသည်။
ထိုဆုံးဖြတ်ချက်ကြောင့် သြစတြေးလျအပေါ် မြန်မာပြည်သူများ ယုံကြည်မှု ပိုမိုခိုင်မာစေကြောင်း သြစတြေးလျတွင် NUG ကို ကိုယ်စားပြုသည့် ဒေါက်တာ ထွန်းအောင်ရွှေပြောသည်။
သို့သော် ထိုဗျူဟာတွင် အန္တရာယ်ဖြစ်နိုင်ခြေများလည်း ရှိသည်။
သြစတြေးလျသည် မြန်မာတွင် အဖမ်းခံထားရသော ပညာရှင် ရှောင်တန်းနဲလ် လွတ်မြောက်ရေးအတွက် စစ်ကောင်စီနှင့် ဆက်သွယ်လိုသည်။
ရှောင်တန်းနဲလ် လွတ်မြောက်ရေးအတွက် ဖိအားပေးရန်နှင့် မြန်မာအကျပ်အတည်းဖြေရှင်းရေးအတွက် ASEAN က ချမှတ်ထားသည့် ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖေါ်ရေး စစ်ကောင်စီခေါင်းဆောင်များကို တိုက်တွန်းရန် အခွင့်အလမ်းအားလုံးကို သုံးရန် လိုကြောင်း သြစတြေးလျ အရာရှိများ ပြောသည်။
သြစတြေးလျ သံအမတ်ဟောင်း အန်ဒရီယာ ဖေါ့ကနာသည် ဧပြီလက မြန်မာမှ ပြန်လည်မထွက်ခွာမီတွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။
ဖေါ့ကနာသည် မင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ်က မြန်မာနိုင်ငံအခြေအနေကို သြစတြေးလျက စိုးရိမ်ကြောင်း ထပ်မံပြောကြားပြီး အကြမ်းဖက်မှုရပ်ရန်၊ အငြင်းပွားဖွယ် ဖမ်းဆီးထားသူများကို လွှတ်ပေးရန်၊ တွေ့ဆုံ ဆွေးနွေးရန်နှင့် လူသားချင်းစာနာမှု အကူအညီများ အတားအဆီးမရှိပေးခွင့်ပြုရန် တိုက်တွန်းခဲ့ကြောင်း DFAT ဒုတိယအတွင်းဝန် ကက်ထရီနာ ကူးပါး က ပါလီမန်ကြားနာစစ်ဆေးမှုတခုတွင် ပြောသည်။
ပါမောက္ခရှောင်တန်းနဲလ်အပါအဝင် မြန်မာနိုင်ငံတွင် အငြင်းပွားဖွယ်ရာ ဖမ်းဆီးထားသူများကို လွှတ်ပေးရန်လည်း သံအမတ်က စစ်ကောင်စီကို တောင်းဆိုခဲ့ကြောင်း ကူးပါးဆက်လက်ပြောကြားသည်။
သံတမန်ဆက်ဆံရေးကို အဆင့်လျှော့ချရန် ဆုံးဖြတ်ချက်ကြောင့် သြစတြေးလျ၏ ကိုယ်စားလှယ်သစ်သည် မည်မျှအထိ ထိတွေ့ဆက်ဆံခွင့် ရမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ကိုးကား။ ။ ABC
You may also like these stories:
စစ်ကောင်စီနှင့် သံတမန်ဆက်ဆံရေး အဆင့်လျှော့ချနေကြ
“ပြည်သူတွေက စစ်ကောင်စီနဲ့ ဆွေးနွေး အပေးအယူလုပ်ဖို့ စိတ်မဝင်စားဘူး”
ရွေးကောက်ပွဲများကို စိတ်ဝင်စားခြင်းဖြင့် တရုတ်နှင့် အိန္ဒိယက စစ်ကောင်စီကို ထောက်ခံနေ
စစ်ကောင်စီမှတဆင့် အကူအညီပေးမည့် အာဆီယံအစီအစဉ် ပြည်တွင်းပြည်ပအဖွဲ့များ ကန့်ကွက်