ဖဆပလ အစိုးရခေတ်မှ ယနေ့တိုင် မြန်မာ့နိုင်ငံရေးတွင် ပါဝင်လှုပ်ရှားခဲ့သည် ဝါရင့်နိုင်ငံရေးသမား ကြီး ဦးသုဝေ (၉၀နှစ်) သည် ယမန်နေ့ ည ၇နာရီခန့်က ကွယ်လွန်သွားသည်။
တောင်ငူဇာတိ ဦးသုဝေသည် တက္ကသိုလ်ကျောင်းသားဘဝကတည်းက နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူဖြစ်ပြီး၊ သူပါဝင်လှုပ်ရှားသည့် နိုင်ငံရေးက ထိုခေတ်က လူငယ်များအကြား ကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက်ဝင်ရောက်ခဲ့သည့် လက်ဝဲဝါဒ နိုင်ငံရေးမဟုတ်ဘဲ ပါလီမန်ဒီမိုကရေစီ နိုင်ငံရေးဖြစ်သည်။
ထို့အတွက် တက္ကသိုလ်ကျောင်းသားဘဝတွင် အာဏာရ ဖဆပလအား လိုလားသည့် ဒီမိုကရက်တစ် ကျောင်းသား အဖွဲ့(DSO)တွင် တွဲဘက်အတွင်းရေးမှူးအဖြစ် ပါဝင်ခဲ့သလို ဖဆပလအဖွဲ့တွင် ဗဟိုလူငယ် အဖြစ်လည်ကောင်း၊ ဒု ဝန်ကြီး ချုပ် ဦးကျော်ငြိမ်း၏ အပါးတော်မြဲ အဖြစ်လည်းကောင်းတာဝန်ယူခဲ့သည်။
၁၉၆၂ခုနှစ် ဗိုလ်ချုပ်ကြီး နေဝင်း၏ စစ်တပ်အာဏာသိမ်းမှုက ဒီမိုကရေစီအပေါ် ယုံကြည်သည့် ဦးသုဝေအား လက်နက်ကိုင်တော်လှန်ရေးဘက်သို့ တွန်းပို့လိုက်သကဲ့ဖြစ်ခဲ့ပြီး တော်လှန်ရေးအစိုးရ၏ အထူးအရာရှိရာထူးကို ငြင်း ပယ်ကာ ၁၉၆၅ခုနှစ်တွင် ထိုင်းနိုင်ငံ ရနောင်းသို့ ထွက်ခွာခဲ့သည်။
ထိုမှတဆင့် ဘန်ကောက်မြို့ သို့ သွားရောက်ကာ သမ္မတဟောင်း စဝ်ရွှေသိုက်ကတော် မဟာဒေဝီ စဝ်ဟိန်းခမ်း ၏ အကူအညီဖြင့် မွန်၊ ရှမ်း၊ ကချင်၊ ကရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆက်သွယ်ပြီး တော်လှန်ရေးအတွက် အကူအညီရှာဖွေခဲ့သည်။
ထို့နောက် ထိုင်း- မြန်မာနယ်စပ်သို့ ရောက်လာသည့် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်နိုင်နှင့် အဆက်အသွယ်ရယူခဲ့့သလို ဦးနု၊ ဗိုလ်လကျာ်၊ ဗိုလ်စင်္ကြာ၊ ဗိုလ်မှူးချုပ် စောကြာဒိုး၊ ဗိုလ်မှူးချုပ် တီကလစ်ဖ်ဦးလောရုံ၊ ဦးဇာလီမော်၊ ဂျင်မီယန်း (ကိုးကန့်စော်ဘွားသား)တို့ပါ ဘန်ကောက်သို့ ရောက်ရှိလာသည့်အတွက် တော်လှန်ရေးကို စတင်လုပ်ဆောင် ခဲ့သည်။
ဝန်ကြီးချုပ်ဟောင်း သခင်နုဦးဆောင်ကာ ပါလီမန်ဒီမိုကရေစီပါတီ (PDP) ဖွဲ့စည်းသည့်အခါ ဦးသုဝေသည် စိတ် ဓာတ်စစ်ဆင်ရေးကော်မတီဥက္ကဋ္ဌ အဖြစ်ပါဝင်ခဲ့သလို နောက်ပိုင်း ပြည်ချစ်လူငယ် တပ်ပေါင်းစုတွင် ဥက္ကဋ္ဌ နှင့် အသံလွှင့်အဖွဲ့ ခေါင်းဆောင်တာဝန်ယူခဲ့သည်။
၁၉၈၀ခုနှစ် မဆလအစိုးရ၏ နိုင်ငံတော်ကောင်စီ ကြေညာချက် အမှတ် ၁ လွတ်ငြိမ်းချမ်းသာခွင့်အရ ဝန်ကြီးချုပ် ဦးနု ဗိုလ်မှူးအောင်၊ ဗိုလ်ရန်နိုင်၊ ဗိုလ်မှူးချုပ် စောကြာဒိုး၊ ရန်ကုန်ဘဆွေ စသည့် PDP ပါတီဝင်များနှင့်အတူ အလင်းဝင်ကာ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့သည်။
ရှစ်လေးလုံးအရေးတော်ပုံအပြီး ၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဒီမိုကရေစီပါတီ ဒုဥက္ကဌအဖြစ် တာဝန် ထမ်းဆောင်လျှက် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရမှုမရှိခဲ့ပေ။
ယင်းနောက် ၁၉၉၃ ခုနှစ်နှင့် ၁၉၉၅ ခုနှစ်တို့တွင် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် စစ်အစိုးရက ဖမ်းဆီးထောင်ချ ခဲ့သည့်အတွက် အင်စိန်း အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားအဖြစ် ၁၀ နှစ်ခန့် ထောင်ချခံခဲ့ရသူ လည်းဖြစ် သည်။
ထောင်မှပြန်လည်လွတ်မြောက်လာပြီးနောက် ဦးသုဝေအနေဖြင့် ဒီမိုကရက်တစ်ပါတီ(မြန်မာ)အား တည်ထောင်ကာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရမှုမရှိခဲ့ပေ။
ဦးသုဝေအနေဖြင့် ငြိမ်းချမ်းဆွေနွေးမှုနှင့် ပတ်သက်ပြီး နိုင်ငံရေးပါတီများကိုယ်စားပြုအနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်း ရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)တွင် ဒုဥက္ကဌအဖြစ်လည်း တာဝန်ယူဆောင်ရွက်ခဲ့သူဖြစ်သည်။
သို့သော် ဒီမိုကရေစီကိုလိုလားပြီး အာဏာရှင်စနစ်ကို အယုံအကြည်မရှိ ဆိုကာ လက်နက်ကိုင်တော်လှန်ခဲ့သည့် ဝါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေ၏ ဒီမိုကရက်တစ်ပါတီ(မြန်မာ)သည် စစ်တပ်အာဏာမသိမ်းမီက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သွားရောက် တွေ့ဆုံကာ ရွေးကောက်ပွဲဖြစ်စဉ်တွင် စစ်တပ်က ပါဝင်ဖြေရှင်းရေး တိုက်တွန်းတောင်းဆိုခဲ့သည့် ပါတီ ၃၄ ပါတီတွင် ပါဝင်ခဲ့သည့် ပါတီတခုလည်းဖြစ်ခဲ့ပြန် သည်။
ဦးသုဝေသည် ၁၉၆၈ခုနှစ်တွင် ထိုင်းအမျိုးသမီးနှင့် အိမ်ထောင်ကျကာ သားနှစ်ယောက်၊ သမီး ၁ ယောက်ထွန်းကားခဲ့ သည်။ သူ၏ ဈာပနကို မေလ ၂၀ ရက်နေ့တွင် ရွှေပြည်သာမြို့၊ ကျူချောင်းသုသာန်တွင် မီးသင်္ဂြိုလ်မည်ဖြစ်ပြီး မေ ၂၄ ရက်နေ့တွင် ရွှေပြည်သာမြို့နယ်၊ အမှတ် ၁၀ ရပ်ကွက် ပြည်တော်သာပတ်လမ်းနေအိမ်တွင် ရက်လည်ဆွမ်းသွတ် မည်ဟု သိရသည်။
You may also like these stories:
တပ်ချုပ်နှင့် ၃၄ ပါတီ တွေ့ဆုံမှုအပေါ် သူတို့အမြင်