ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်နယ်စပ်အနီးရှိ ဖယ်ခုံမြို့နယ်တဝိုက်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီမဟာမိတ်တပ် များကြား စစ်ရေးတင်းမာနေသည်။
ပြီးခဲ့သည့် မေ ၁၁ ရက်က ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်ရှိ စစ်ကောင်စီ၏ ထီရိစစ်ဆေးရေးဂိတ်ကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)က ဝင်ရောက်တိုက်ခိုက်ပြီးနောက် ဒုတပ်ရင်းမှူး အပါအဝင် တပ်ဖွဲ့ဝင် ၅ဦးကို လက်နက်များနှင့် အတူ ဖမ်းဆီသွားရာမှ စစ်ကောင်စီဘက်က ဆက်တိုက်ဆိုသလို တိုက်ခိုက်မှုများ ပြုလုပ်လာခြင်း ဖြစ်သည်။
မေ ၁၈ ရက်နံနက် ၇ နာရီ ၁၅ မိနစ်ခန့်ကလည်း ဖယ်ခုံမြို့အရှေ့ဘက်ကမ်းရှိ ဆီမီးလော့ရွာဝန်းကျင်တွင် စစ်ကောင်စီ တပ်နှင့် ကရင်နီမဟာမိတ်ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖယ်ခုံမြို့နယ်ရှိ ကရင်နီအမျိုးသားများ ကာကွယ် ရေးတပ် (KNDF) ဘက်က ဆိုသည်။
ဖြစ်စဉ်မှာ မိုးဗြဲဆည် အရှေ့ဘက်ဒေသသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီ၏ ၄၂၂ တပ်ရင်းနှင့် KNDF တပ်ရင်း -၃ ဦးဆောင်သည့် တပ်ဖွဲ့ဝင်များ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ပွဲမှာ နေ့လယ် ၁ နာရီထိ ကြာမြင့်ခဲ့ကြောင်း၊ လွိုင်ကော်အခြေစိုက် စစ်ကောင်စီတပ်က အမြောက်များဖြင့် ပစ်သလို မိုးဗြဲအခြေစိုက် အမှတ် ၄၂၂ ခြေလျင် တပ်ရင်းကလည်း လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်မှုရှိကြောင်း KNDF ထံမှ သိရသည်။
ယင်းတိုက်ပွဲအတွင်း KNDF ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း၊ ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ၁ ဦးမှာ စိုးရိမ်ရကြောင်း၊ လက်ရှိတွင် ဖယ်ခုံမြို့နယ်ဝန်းကျင်၌ စစ်ရေးတင်းမာနေပြီး အချိန်မရွေး တိုက်ပွဲဖြစ်နိုင်သည့် အခြေအနေရှိကြောင်း သိရသည်။
လက်ရှိ စစ်ကောင်စီက ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်နှင့် ဟိုပုန်းဘက်မှ စစ်ကြောင်း တကြောင်း အပြင် မိုးဗြဲမြို့ဘက်မှ စစ်ကြောင်း ၁ ကြောင်း စုစုပေါင်း စစ်ကြောင်း ၂ ကြောင်းဖြင့် မိုးဗြဲဆည် အရှေ့ဘက်ရှိ ကရင်နီမဟာမိတ် ခုခံရေးတပ်များ အား ချီတက်တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း KNDF တာဝန်ရှိသူ တဦးက ပြောသည်။
“မြေပုံအရဆိုရင် ဖယ်ခုံမြို့ရဲ့ အရှေ့ဘက်အခြမ်းမှာဆိုရင် ဖယ်ခုံအင်း ရှိတယ်။ မိုးဗြဲရေကာတာကို ကာထားတဲ့အင်းပေါ့။ အဲဒီ ရဲ့ အရှေ့ဘက်ကိုပိတ်ပြီးမှ စစ်ကြောင်း ၂ ကြောင်း ထိုးဖို့လုပ်တဲ့ အခြေအနေမျိုး ရှိတယ်။ တိတိကျကျ ပြောရရင် မြောက် ဘက်ကနေပြီးမှ ဟိုပုန်းတို့၊ ပင်လုံတို့ဘက်က တပ်တွေက ဆင်းလာတယ်။ တောင်ဘက်ကနေ ၄၂၂ မှာရှိတဲ့ တပ်ရယ်၊ လွိုင်ကော်ဘက်မှာရှိတဲ့ တပ်မ ၆၆ တို့က ပေါင်းပြီးတော့ တင့်ကားတွေနဲ့ တောင်ဘက်ကနေ ထိုးပြီးတော့ အင်းရဲ့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ နေရာတွေကို ပိတ်ဆို့တိုက်ခိုက်ဖို့ လုပ်နေတဲ့ အခြေအနေ ဖြစ်ပါတယ်” ဟု ၎င်းက ရှင်း ပြသည်။
စစ်ကောင်စီတပ်များဘက်မှ ဦးအောင်ခမ်းထီ၏ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) တပ်များ ပူးပေါင်းပါဝင်နေပြီး ကရင်နီ မဟာမိတ် ပူးပေါင်းတပ်များဘက်မှ KNDF၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် ရှမ်းပြည်နယ်တောင်ပိုင်း အခြေစိုက် တော်လှန်ရေးအင်အားစု ၅ ဖွဲ့ ပူးပေါင်းထားသော ရှမ်းတောင်တော်လှန်ရေးလူငယ်များအဖွဲ့ (SSRY) တပ်ရင်း ၁၀၀၈) တို့ ပါဝင်ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
စစ်ကောင်စီတပ်များနှင့် ကရင်နီခုခံရေးမဟာမိတ်များ၏ ထိတွေ့တိုက်ပွဲသည် မေ ၁၆ ရက်က စတင်ဖြစ်ပွားခဲ့ပြီး မေ ၁၈ ရက်တိုင်အောင် တိုက်ပွဲများ ဆက်တိုက်ဖြစ်နေခြင်း ဖြစ်ကြောင်း KNDF ဘက်က ဆိုသည်။
တိုက်ပွဲအတွင်း ကရင်နီမဟာမိတ်တပ်များဘက်မှ ထိခိုက်ကျဆုံးမှုများ ရှိသလို စစ်ကောင်စီတပ်နှင့် PNO တပ်များဘက်မှ လည်း ထိခိုက်ကျဆုံးမှု ရှိကြောင်း၊ စစ်ကောင်စီတပ်များသည် ကရင်နီမဟာမိတ်တပ်များကို ဝိုင်းပတ်ချေမှုန်းနိုင်ရန် ကြိုးစား နေသော်လည်း လက်ရှိအချိန်ထိ စစ်ကောင်စီ၏ ရည်ရွယ်ချက် မအောင်မြင်သေးကြောင်း KNDF တာဝန်ရှိသူတဦးက ပြော သည်။
စစ်ကောင်စီနှင့် PNO ပူးပေါင်းတပ်များသည် မေလ ၁၆ ရက် ညနေ ၅ နာရီအချိန်ခန့်က ဖယ်ခုံမြို့နယ်အရှေ့ဘက်ကမ်း ရှိ ဆောင်နန်းကဲရွာသို့ ဝင်ရောက်ကာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အိမ်မီးရှို့မှုများ ပြုလုပ်ခဲ့သလို စစ်ကောင်စီနှင့် PNO ပူးပေါင်းတပ်များ၏ မီးရှို့မှုကြောင့် အိမ် အလုံး ၃၀ ကျော် မီးလောင်ပျက်စီးသွားကြောင်း KNDF ဘက်က ဆိုသည်။
မေ ၁၇ ရက်တွင် စစ်ကောင်စီဘက်က ရဟတ်ယာဉ်ဖြင့် ဖယ်ခုံမြို့နယ်ထဲရှိ ၎င်းတို့၏ တပ်များကို အင်အားနှင့် ခဲယမ်းဖြည့် တင်းမှုများ ပြုလုပ်ခဲ့ပြီး မေ ၁၈ ရက်နံနက်ပိုင်းတွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း KNDF တာဝန်ရှိသူတဦးက ပြောသည်။
ဆက်လက်၍ ၎င်းက စစ်ကောင်စီနှင့်အတူ PNO တပ်ဖွဲ့ဝင်များ ပူပေါင်းပါဝင်နေသည့်အပေါ် သီးခြားမှတ်ချက် မပေး လိုသော်လည်း စစ်ကောင်စီတပ်နှင့် အတူတကွ ရှိနေမည်ဆိုပါက KNDF ၏ တိုက်ခိုက်ခြင်းကို ခံရမည်ဖြစ်ကြောင်း သတိပေး ပြောဆိုသည်။
“စစ်ကောင်စီနဲ့ ပေါင်းပြီးမှ သွားလာတိုက်ခိုက်နေတယ် ဆိုရင်တော့ ဘယ်သူမဆို ကျနော်တို့ ချေမှုန်းသွားဖို့ပဲ ရှိတယ်။ ဒီလို ပါဝင်နေတဲ့အပေါ်တော့ မှန်တယ်မှားတယ် ပြောစရာ မရှိဘူး။ စစ်ကောင်စီနဲ့ ပေါင်းနေရင်တော့ ကျနော်တို့ရဲ့ ရန်သူဖြစ်နေ မယ် ဆိုတာကတော့ ရှင်းရှင်းလင်းလင်း သတ်မှတ်လို့ရပါတယ်” ဟု KNDF တာဝန်ရှိသူက ဆိုသည်။
ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) ကမူ ပအိုဝ်းပြည်သူလူထု အပါအဝင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့အား ရည်ရွယ်သည့် အိတ်ဖွင့်ပေးစာတစောင်ကို မေ ၁၄ ရက်က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ အိတ်ဖွင့်ပေးစာတွင် ကရင်နီပြည်ရှိ လူမျိုးပေါင်းစုံ၏ စစ်ဘေးဒုက္ခများအား ပအိုဝ်းပြည်သူလူထုနှင့် သက်ဆိုင်ရာတို့ က နည်းလမ်းပေါင်းစုံနှင့် စောင့်ရှောက်ထားခြင်းအား ကျေးဇူးတင်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း တည် ငြိမ်အေးချမ်းလိုသည့်ဆန္ဒကို KSCC က နားလည်ပါကြောင်း ဆိုထားသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီတပ်အား တော်လှန်မှုသည် တနိုင်ငံလုံးရှိ ပြည်သူများ၏ ရွေးချယ်မှုဖြစ်ပြီး ကရင်နီပြည်သူ များ၏ ရွေးချယ်မှုလည်း ဖြစ်ကြောင်း၊ တိုက်ပွဲများကြောင့် ပအိုဝ်းတိုင်းရင်းသား အပါအဝင် ပြည်သူလူထုများအား ထိခိုက် လာနိုင်သဖြင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ ပအိုဝ်းပြည်သူများ၊ အသင်းအဖွဲ့များ အနေဖြင့် စစ်ကောင်စီ တပ်များအား ရှောင်ရှားကာ ပူးတွဲလှုပ်ရှားခြင်းများ မပြုလုပ်သင့်ကြောင်း KSCC က ဆိုထားသည်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဘက်ကလည်း စစ်ကောင်စီ စစ်ကြောင်းများ ရောက်ရှိလာပါက ပြည်သူ လူထု နေထိုင်သည့်ကျေးရွာများ ပျက်ဆီးနိုင်သဖြင့် အဆိုပါ စစ်ကြောင်းများအား ကြားဖြတ်ပြီး ကြိုတင်တိုက်ခိုက်ခြင်းကို KNDF အနေဖြင့် မဖြစ်မနေ လုပ်ဆောင်သွားမည်ဟု ဆိုသည်။
“ကျနော်တို့ကတော့ စစ်ကောင်စီ အင်အားဖြည့်တာတွေကို ကြားဖြတ်တိုက်ဖို့ လုပ်ရမှာ ဖြစ်တယ်။ တာဝန်တရပ် ဖြစ်တယ်။ စစ်ကောင်စီ ထိုးစစ်ကြောင့် ရွာအများအပြား ပျက်စီးတဲ့အတွက်ပေါ့။ ကြားဖြတ်တိုက်တာက စစ်ရေးပရိယာယ်တခု ဖြစ်တဲ့ အတွက် မဖြစ်မနေလုပ်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီ ရှိနေသရွေ့ ထိုးစစ်တွေ ရှိနေဦးမယ်။ တိုက်ပွဲတွေ ပိုအရှိန်မြင့်ဖို့ ရှိပါတယ်” ဟု KNDF တာဝန်ရှိသူတဦးက ပြောသည်။