စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမည်ဖြင့် သိမ်းယူထားသော ရန်ကုန်မြို့ရှိ နေအိမ်များ အပါအဝင် စစ်တပ်အုပ်စုပိုင် အိမ်ခြံမြေ အားလုံးကို လေလံတင်ရောင်းချသွားမည်ဟု အမျိုးသား ညီ ညွတ်ရေးအစိုးရ (NUG)၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်က ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
လက်ရှိတွင် စစ်ခေါင်းဆောင် အမည်ပေါက် အင်းယားလမ်း၊ အိမ်နံပတ် ၁၄ ကို NUG က အမေရိကန် ဒေါ်လာ ၁၀ သန်းဖြင့် ရှယ်ယာစနစ်နှင့် မေလ ၅ ရက်နေ့မှ စတင်၍ ရောင်းချလျက်ရှိရာ အမေရိကန် ဒေါ်လာ ၅ သန်းကျော်ဖိုး ရှယ်ယာရောင်းချပြီး ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
နှစ်ဧကခန့် ကျယ်ဝန်းသော အင်းလျားလမ်းရှိ ခြံအမှတ် ၁၄ နေအိမ်ကို အမျိုးသား ညီညွတ်ရေး အစိုးရ၏ စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန၏ ရာဖြတ်အဖွဲ့က ကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၃၆ သန်းဟု သတ်မှတ်ကာ ကာလတန်ဖိုးရဲ့ သုံးဆယ်ရာခိုင်နှုန်း ဒေါ်လာ ၁၀ သန်းဖြင့် အစုရှယ်ယာများ ရောင်းချခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်မြို့တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အမည်ဖြင့် သိမ်းယူပိုင်ဆိုင်ထားသည့် အိမ် ၄ လုံး ရှိနေပြီး ၎င်း၏ သားသမီးများ ပိုင်ဆိုင်သည့် စီးပွားရေး လုပ်ငန်းစုများလည်း ရှိနေကြောင်း၊ ထို့ပြင် ရန်ကုန်မြို့ တခုတည်း၌ပင် စစ် ခေါင်းဆောင်နှင့် စစ်အုပ်စု သိမ်းယူ ပိုင်ဆိုင်ထားသည့် မြေကွက်ပေါင်း ၆၀ အထိ ရှိသည်ဟု ဦးတင်ထွန်းနိုင်က ပြောသည်။
ဦးတင်ထွန်းနိုင်က “မင်းအောင်လှိုင်ရဲ့ အိမ်က ဒီတလုံးထဲ မဟုတ်ပါဘူး။ နောက်ထပ် အိမ်တွေ ရှိပါသေးတယ်။ အလား တူပဲ သူ့ရဲ့ အပေါင်းအပါတွေဖြစ်တဲ့ စစ်ခေါင်းဆောင်တွေရဲ့ အိမ်တွေကိုလည်း အထောက်အထားနဲ့ စာရင်း ပြုစုထား တာ ရှိပါတယ်။ အဲဒါကိုတော့ ဘယ်သူ့ရဲ့ပိုင်ဆိုင်မှု ဘယ်မှာရှိတဲ့ အိမ်နဲ့ ခြံကို ရောင်းမယ်ဆိုတာ ထုတ်ပြန်သွားပါမယ်” ဟု ပြောသည်။
စစ်တပ်နှင့် ဆက်နွယ်ပတ်သက်သူများ၊ ထောက်ခံသော လုပ်ငန်းရှင် ခရိုနီများ၏ပိုင်ဆိုင်မှုများကိုလည်း သိမ်းယူသွား မည် ဖြစ်ကြောင်းနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့်လည်း အရေးယူသွားမည် ဖြစ်ကြောင်း ၎င်းက ပြောဆို သွားသည်။
လက်ရှိ အင်းလျားလမ်း ခြံအမှတ် ၁၄ အား ရှယ်ယာ ဝယ်ယူထားသူများ အနေဖြင့် တော်လှန်ရေးကာလအောင်မြင် နောက် ဝယ်ယူထားသော အစုရှယ်ယာ ငွေပမာဏ၏ အနည်းဆုံး သုံးဆကို ပြန်လည် ရရှိမည်ဖြစ်ကြောင်း၊ ဝယ်ယူ ထားသည့် အစုရှယ်ယာများကို လည်း ပြည်သူအချင်းချင်း ပြန်လည်လက်လွှဲရောင်းချနိုင်သော အစီအစဉ်များကို မကြာမှီ အချိန်အတွင်း အကောင်ထည်ဖော်သွားမည်ဟု NUG က ပြောဆိုထားသည်။
အဆိုပါ စစ်ခေါင်းဆောင်များ၏ ပိုင်ဆိုင်မှု နေရာများကို အထိမ်းအမှတ် ပန်းခြံကဲ့သို့ ပြုလုပ်နိုင်ရန် အစုရှယ်ယာ ခေါ်ယူ သွားမည့် အစီအစဉ်များနှင့် အဆိုပါ အထိမ်းအမှတ် ပန်းခြံတွင် နွေဦးတော်လှန်ရေးတွင် အသက်ပေး သွားသူများ အတွက် အမှတ်တရနေရာများ ထားရှိသွားနိုင်ရန် အစီအစဉ်များ ရှိကြောင်း သိရသည်။
NUG အစိုးရအနေဖြင့် နွေဦးတော်လှန်ရေးအတွက် အသုံးပြုရန် ငွေတိုက်စာချုပ် ရောင်းချခြင်း၊ နွေဦးထီရောင်းချခြင်း၊ အခွန်ငွေကောက်ခံခြင်း၊ ပြည်သူများ၏ လှူဒါန်းငွေ အစရှိတို့ဖြင့် ပြန်လည်အသုံးပြုလျက်ရှိပြီး တော်လှန်ရေးအတွက် ယခင်လျာထားဘတ်ဂျက် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ဖြစ်သော်လည်း ယခုအခါ ဘတ်ဂျက်ပိုလို အပ်လာ ကြောင်း NUG က ဆိုသည်။
You may also like these stories:
အင်းလျားဘေးက စစ်အာဏာသိမ်းခေါင်းဆောင်၏ အိမ်ကြီးများ
ဦးပိုင်အမြတ်ငွေ တပ်တွင်း ခွဲမပေးနိုင်သေး
အာဏာသိမ်း စစ်ခေါင်းဆောင် ကိုယ့်ကိုယ်ကိုယ် ဆု ပြန်ပေး