စစ်ကောင်စီက မြေလှန်မီးရှို့စနစ်ကို ကျင့်သုံးနေရာ မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသတွင် မေ၇ရက်မှ ၁၇ရက်အတွင်း ရွာ ၂၅ရွာမှ အိမ်ခြေ ၁၈၀ကျော်ကို မီးရှို့ခံခဲရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ဤသည်မှာ ဒုတိယအကြိမ်မြောက် ဝင်ရောက်စီးနင်း မီးရှို့ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဧပြီ ၂ ရက်မှ ၉ ရက်ထိ ပထမအကြိမ် ဝင်ရောက်မီးရှို့ရာတွင်လည်း နေအိမ် ၁၄၀ ခန့် မီးလောင်ကျွမ်းပျက်စီးခဲ့ပြီးဖြစ်သည်။
“သူတို့ ဝင်တာ ဒုတိယအကြိမ်ဗျ။ ထုံစံအတိုင်း မဝင်ခင် လက်နက်ကြီးတွေနဲ့ အရင်ထုတယ်။ ပြီးတော့မှ ရွာတွေကို စိတ် ကြိုက်ဝင်မွှေပြီးမှ မီးတင်ရှို့ကြတာ။ ဝင်တဲ့ရွာတွေရဲ့ ပတ်လည်ကို ကင်းပုန်းတွေချပြီးမှ လုပ်နေကြတာ။ စားစရာကအစ မချန်ဘူး။ အကုန်ယူပြီးမှ မီးတိုက်ကြတာ” ဟု ရေလယ်ကျွန်းဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။
ဒုတိယအကြိမ်မြောက် မီးရှို့ခံရသည့်ကျေးရွာများမှာ ရွှေလှံ၊ သာဂေါင်၊ ဖြုံဘူး၊ မိဖုရား၊ မဲကုန်း၊ ကြွယ်ကုန်း၊ ဆည်သည့်၊ မြေစွန်း၊ ငတရော်၊ မိုးကွဲ၊ တောင်ကုန်း၊ ကိုင်း၊ လှေခုတ်၊ သောင်ရှေ့၊ မင်းရွာ၊ ဘိုကုန်း၊ ကံဦး၊ ကျောက်ဖူး၊ မိုးဖြူ၊ နေရင်း၊ နွယ်နီ၊ ပဲမှော်စင်၊ မြေတော်၊ ငရံ့အို၊ ၊ ကူနီကျေးရွာများ ဖြစ်သည်။
မေ ၇ ရက်မှ စတင်ကာ အင်အား ၂၀၀ ခန့်ပါသော စစ်ကောင်စီတပ်သည် ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသသို့ စစ်ကြောင်းဖြင့် ဝင်ရောက်ကာ ကျေးရွာများအား စီးနင်းပြီး နေအိမ်များကို မီးရှို့ခြင်း၊ ဒေသခံများကို သတ်ဖြတ်ခြင်း၊ ရွှေ၊ ငွေ၊ တန်ဖိုးကြီးပစ္စည်းများကို လုယက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ရေလယ်ကျွန်းဒေသသည် မကွေးတိုင်း ရေစကြိုမြို့နယ်တွင် တည်ရှိပြီး ကျေးရွာပေါင်း ၄၄ ရွာရှိပြီး လူဦးရေ ၁သိန်း ကျော်ရှိကာ စစ်ကိုင်းတိုင်း မြောင်မြို့နယ်၊ မန္တလေးတိုင်း မြင်းခြံမြို့နယ် တို့နှင့် ထိစပ်နေသည်။
အဆိုပါ မကွေးတိုင်း၊ မန္တလေး၊ စစ်ကိုင်း စသည့် တိုင်း ၃ တိုင်း ဆုံရာ ရေလယ်ကျွန်းဒေသသို့ စစ်ကောင်စီစစ်ကြောင်း ဝင်လာခြင်းမှာ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ် (PDF) များအား အမြစ်ဖြတ်ချေမှုန်းရန် ရည်ရွယ်ချက်ဖြစ်ကြောင်း သုံးသပ်သည်။
The Value of Young Men အဖွဲ့မှ ဗိုလ်စပဲရိုးက “ရေလယ်ကျွန်းကို အခုလို ဝင်စီးတယ်ဆိုတာက မြစ်ကိုဖြတ်ပြီး မြောင် ဘက်ကိုကူးချင်လို့ လုပ်နေတယ်လို့ သုံးသပ်တယ်။ ပထမအကြိမ်တုန်းကလည်း သူတို့ဘက်က အထိနာထားတော့ မန္တလေး၊ စစ်ကိုင်း၊ မကွေး တိုင်းသုံးတိုင်း အစပ်နယ်တွေဖြစ်တဲ့ ရေစကြို၊ မြောင်၊ မြင်းခြံ အဲဒီလို သုံးပွင့်ဆိုင်ညှပ်ပြီး PDF အဖွဲ့တွေကို အမြစ်ဖြတ်ချေမှုန်းမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ စစ်ကြောင်းထိုးတာပဲ။ စစ်ကြောင်းထိုးတယ်လို့သာ ပြောရတာ ရင်ဆိုင် ထိတွေ့ မတိုက်ရဲကြဘူး။ လက်နက်ကြီးတွေ အလွန်အကျွံ သုံးနေတာဆိုတော့ လက်နက်အင်အား မမျှတော့ ဒေသကာ ကွယ်ရေးအဖွဲ့တွေက ထင်သလောက် ခရီးမရောက်ဘူးပေါ့” ဟု ပြောသည်။
ထို့ပြင် ခြံယာ၊ ဆင်တဲ၊ ပေါက်တော၊ ပေါက်အူ စသည့် ကျေးရွာများမှာ မီးရှို့ခြင်း မခံရသော်လည်း လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခံရသောကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“ဒီရက်ပိုင်းထဲမှာ လေတွေမိုးတွေပါ ကျနေတော့ ကျနော်တို့ အတော်လေးကို ဒုက္ခရောက်ကြရပါတယ်။ စစ်ပြေးကြရတော့ တချို့ ကလေးတွေနဲ့ လူကြီးပိုင်းတွေက ခံနိုင်ရည်အားနည်းတော့ ဖျားနာကြတာတွေလည်း ဖြစ်နေတယ်။ အခုအချိန်မျိုးမှာ ကျနော်တို့ ပြည်သူအချင်းချင်းကပဲ ဖေးဖေးမမနဲ့ အပြန်အလှန် ကူညီပေးနေကြရတာပေါ့။ ရေလယ်ကျွန်းတခုလုံးဆိုတော့ ဘယ်လောက်ရှိမလဲတော့ မသိဘူး။ ခန့်မှန်းပြောရရင် သိန်းဂဏန်းအောက် မရောက်ဘူး” ဟု ရေလယ်ကျွန်းဒေသခံ တဦးက ပြောသည်။
ယခုအခါ စစ်ကောင်စီတပ်များသည် ကျေးရွာများအား အလွန်အကျွံ မီးရှို့ခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခဲ့ခြင်းများ ပြုလုပ် နေခြင်းကြောင့် ဒေသခံပြည်သူများ အနေဖြင့် အကြမ်းဖက်စစ်တပ်နှင့် ဝေးရာတွင် ရှောင်ရှားနေထိုင်ကြရန် ရေလယ်ကျွန်း ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတပ်ရင်းက သတိပေး ထုတ်ပြန်ထားသည်။
“အနီးစပ်ဆုံး ပြောရမယ်ဆိုရင် ကြွယ်ကုန်းကျေးရွာကို သုံးနေရာခွဲပြီးကို မီးရှို့ခဲ့တာ။ မဲကုန်းဆိုရင်လည်း တပတ်ထဲကို နှစ်ကြိမ် မီးရှို့တာ။ အဲဒါကြောင့် ကျနော်တို့ ဒေသကာကွယ်ရေးအဖွဲ့တွေအနေနဲ့ အကြမ်းဖက်စစ်တပ်က မီးရှို့ခဲ့သမျှကို သူတို့ ထွက်သွားတာနဲ့ ဝင်ပြီးမီးငြှိမ်းပေးရတယ်။ စစ်ရှောင်၊ မီးဘေးရှောင်တွေကို တတ်နိုင်တဲ့အားနဲ့ ကူညီပေးနေရတယ်။ ပြီးတော့ သူတို့က လက်နက်ကြီးတွေ အများကြီးသုံးနေတော့ လက်နက်အင်အား မမျှတာကြောင့် ရှောင်ရင်းတိမ်းရင်းနဲ့ ပြောက်ကျားတိုက်ခိုက်တာမျိုးပဲ လုပ်နိုင်တယ်” ဟု ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတပ်ရင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်များအား ဒေသကာကွယ် ရေးတပ်များက ပြောက်ကျားနည်းဖြင့် တန်ပြန်တိုက်ခိုက်နေရာ မေ ၇ ရက်မှ ၁၇ ရက်အတွင်း စစ်ကောင်စီတပ်မှ ၃၀ ခန့် သေဆုံးခဲ့ပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိန်းငှက်ပြောက်ကျားအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ သေဆုံးမှုများနှင့် ပတ်သက်၍ ဧရာဝတီက သီးသန့်အတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီဘက်ကလည်း တိုက်ပွဲသတင်းများ၊ သေဆုံးမှုများအား သတင်းထုတ်ပြန်ခြင်း မရှိပေ။
ယင်းတိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်အဖွဲ့များဘက်မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့သလို ထိခိုက်ဒဏ်ရာ ရရှိသူများလည်း ရှိကြောင်း၊ နွယ်နီကျေးရွာမှ စစ်ရှောင်ပြည်သူ ၁ ဦး လက်မောင်းသေနတ်မှန်ခဲ့ပြီး ကိုင်းကျေးရွာမှ စစ်ရှောင်ပြည်သူ အသက် ၄၆ နှစ်အရွယ် ကိုမြင့်ဆိုသူမှာ ပျောက်ဆုံးနေကြောင်း သိရသည်။
“သူတို့က ကျေးရွာတွေကို မဝင်ခင် လက်နက်ကြီးတွေနဲ့ ပစ်ပြီးမှ ဝင်ကြတာ။ ပြီးရင် ရွာတွေကို ဝင်စီးပြီး မီးရှို့ကြတာ။ မီးရှို့ ပြီးရင် သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်တယ်။ လက်နက်ကြီးတွေနဲ့ ရှေ့ဆက်မယ့်ရွာတွေကို ပစ်တယ်။ ရွာသား တွေကိုဖမ်းပြီး စစ်ကြောင်းရှေ့ကနေ သွားခိုင်းတာမျိုးတွေပါ လုပ်နေတာ” ဟု ဖြုံဘူးကျေးရွာသားတဦးက ပြောသည်။
ရေလယ်ကျွန်းဒေသအား စစ်ကောင်စီတပ်က ပထမအကြိမ် ဝင်ရောက်စီးနင်း မီးရှို့ခြင်းများ ပြုလုပ်ခဲ့စဉ်က အသက် ၆၀ ကျော်အရွယ် မီးလောင်ကျွန်းကျေးရွာမှ ဦးမြင့်နှင့် ခြံယာကျေးရွာမှ ဒေါ်မြမွှေးတို့ကို ပစ်ခတ်သတ်ဖြတ်ခဲ့သလို ရေစကြိုနယ် မှ နာမည်ကျော် ဖောင်တော်ဦး ကျောင်းတော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ကျောက်ဖူးကျေးရွာက စစ်ဘေးရှောင် အမျိုးသမီး ၁ ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့သေးကြောင်း ရေလယ်ကျွန်းသတင်းအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ရေလယ်ကျွန်းဒေသရှိ ကျေးရွာများသည် စစ်အာဏာသိမ်းမှုကို လက်မခံဘဲ ဆန့်ကျင်တော်လှန်မှု အားကောင်း သောကျေးရွာများဖြစ်ပြီး စစ်ကောင်စီတပ်များကိုလည်း လက်နက်ကိုင် ခုခံတိုက်ခိုက်လျက်ရှိရာ ယခုအခါ ကျေးရွာများအား မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်များကို ရေစကြိုဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအပြင် စစ်ကိုင်း၊ မန္တလေး တိုင်းရှိ အဖွဲ့များကပါ လာရောက်ပူးပေါင်း တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။