ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ဘေးရှောင်အမျိုးသမီးများအား စစ်ကောင်စီတပ်ဖွဲ့ ဝင်များက ပေါ်တာဆွဲပြီး ဓားစာခံအဖြစ် ပြုလုပ်လျက်ရှိကြောင်း ကရင်အမျိုးသမီးအစည်းအရုံး (KWO) ထံမှ သိရသည်။
၎င်းတို့၏ ပြောပြချက်အရ KNU ထိန်းချုပ်နယ်မြေ ၇ ခု ရှိသည့်အနက် တပ်မဟာ(၁)-သထုံခရိုင်၊ တပ်မဟာ (၂)- တောင်ငူခရိုင်၊ တပ်မဟာ (၃)-ညောင်လေးပင်ခရိုင်၊ တပ်မဟာ (၄)-ထားဝယ်၊ တပ်မဟာ (၅)-ဖာပွန်၊ တပ်မဟာ (၆)-ဒူးပလာယာ စသည့် ၆ ခုတွင် အမျိုးသမီးများ ပေါ်တာဆွဲခံရပြီး ဓားစာခံအဖြစ် ပြုလုပ်ခံနေရသည်ဟု ဆိုသည်။
KWO မှ တွဲဖက်အတွင်းရေးမှူး-၂ နော်စေးစေးဟဲက “စစ်ကောင်စီဘက်က ရွာထဲတွေဝင်ပြီးတော့ အမျိုးသမီးတွေကို ပေါ်တာဆွဲတယ်။ ပြီးတော့ ဓားစာခံအနေနဲ့ လမ်းပြလိုက်ပို့ခိုင်းတယ်။ တချို့ စစ်ကောင်စီဘက်က လေယာဉ်နဲ့ လာပစ် တာဖြစ်ဖြစ်၊ လက်နက်ကြီးနဲ့ လှမ်းပစ်တာပဲဖြစ်ဖြစ် တချို့ ရွာသားတွေ ထွက်ပြေးတဲ့နေရာတွေကိုလည်း အမျိုး သမီးတွေကိုဖမ်းပြီး ဓားစာခံအဖြစ်သုံးပြီးတော့ လူထုဘယ်နေရာကို ပြေးပုန်းရှောင်နေလဲဆိုတာကို လိုက်ပြခိုင်း တာတွေလည်း ရှိတယ်။ ရွာထဲကိုဝင်ပြီးရင် သူတို့က အပြင်မထွက်ရဲကြတော့ဘူး။ အပြင်ထွက်ရင် လက်နက်ကိုင်တပ် ဖွဲ့တွေက ပစ်သတ်မှာစိုးလို့ အမျိုးသမီးတွေကို ခေါ်တယ်။ လမ်းပြခိုင်းတယ်။ ရှေ့တန်းကနေ သွားခိုင်းတယ်။ သူတို့ကို လှမ်းမပစ်အောင်လို့” ဟု ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထိုသို့ပြုလုပ်ရာတွင် အမျိုးသမီးများတင်မကဘဲ အသက်မပြည့်သည့် ကလေးငယ်များ လည်း ပါဝင်နေပြီး ငြင်းဆန်သည့်သူများအား သေနတ်ဒင်များဖြင့် ရိုက်နှက်ခြင်း၊ စီးလာသည့် ဖိနပ်ဖြင့် ရိုက်ခြင်းများ ပြုလုပ်သည်ဟုလည်း ၎င်းက ဆိုသည်။
“များသောအားဖြင့် အမျိုးသားတွေက ထွက်ပြေးနေတော့ စစ်ကောင်စီက လမ်းသွားရင်း အမျိုးသမီးပဲတွေ့တွေ့၊ ကလေးပဲတွေ့တွေ့ ဖမ်းပြီးလမ်းပြခိုင်းတယ်။ အမျိုးသားတွေကို ဘယ်ကိုပြေးလဲ၊ ဘယ်မှာရှိလဲ အခုလမ်းပြပေး။ လမ်းပြပေးဖို့ ငြင်းဆန်တဲ့သူဆို သူတို့စီးလာတဲ့ ဖိနပ်နဲ့ရိုက်တာတို့၊ သေနတ်ဒင်နဲ့ထုတာတို့တွေ လုပ်တော့တာပဲ” ဟု နော်စေးစေးဟဲက ပြောသည်။
ပေါ်တာဆွဲခြင်းခံရသည့် အမျိုးသမီးများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သွားလိုသည့်နေရာသို့ လိုက်လံလမ်းပြပေးရပြီး အဆိုပါနေရာများသို့ ရောက်သည်နှင့် ပြန်လည်လွှတ်ပေးကြောင်း၊ ၎င်းတို့သွားသည့် နေရာပေါ်မူတည်၍ အချိန် ၁ ပတ် မှ ၁ လခန့်ထိ ကြာမြင့်တတ်ကြောင်း သိရသည်။
စစ်ကောင်စီ၏ ပေါ်တာဆွဲခံရပြီး ပြန်လွတ်မြောက်လာသည့် အမျိုးသမီးတဦးက “ပစ္စည်းတွေ ထမ်းခိုင်းတယ်။ အလေး ချိန်က ၁၀ ပိဿာလောက် ရှိတော့ မထမ်းနိုင်ဘူး။ မထမ်းနိုင်ဘူးလို့ပြောလည်း အတင်းအဓမ္မ ထမ်းခိုင်းတယ်။ ပြီးရင် ပြေးနေရတဲ့ အမျိုးသားတွေ ဘယ်မှာရှိလဲ လမ်းပြခိုင်းတယ်။ သေနတ်တွေနဲ့ ထောက်ထားတာတို့၊ ဖိနပ်တွေနဲ့ ကန်တာ တို့ကို တချိန်လုံး လုပ်နေတာ” ဟု ပြောဆိုသည်။
စစ်တပ်အနေဖြင့် ထိုကဲ့သို့ လုပ်ရပ်များကို ခေတ်အဆက်ဆက် လုပ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ယခုအခါ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ပိုမိုဆိုးရွားလာကြောင်း အမျိုးသမီးရေးဆောင်ရွက်နေသူများက ဆိုသည်။
မြန်မာ့အမျိုးသမီးသမဂ္ဂအဖွဲ့၏ အကြံပေး ဒေါ်တင်တင်ညိုက “ပြောရမယ်ဆိုရင် တဖက်မှာ ခုခံတော်လှန်စစ်က ပို အားကောင်းလာတယ်။ ပြီးတော့ ပြည်သူလူထုရဲ့ သူတို့အပေါ်မှာ မုန်းတီးစိတ်ကလည်း ပြင်းထန်နေဆဲ၊ ခိုင်မာနေဆဲပဲ။ ဒီအပေါ်မှာ တဖြည်းဖြည်းနဲ့တော့ သွေးပျက်လာတာပဲ။ နည်းပေါင်းစုံသုံးကြမှာပဲ။ အထူးသဖြင့် အမျိုးသမီးတွေကို ဒါမျိုး လုပ်တယ်ဆိုတာ အရမ်းဆိုးရွားတဲ့လုပ်ရပ်လို့ ပြောလို့ရတယ်။ သူတို့ အာဏာဆုံးရှုံးမှာ နောက်ပြီးတော့ ဒီပွဲမှာ လက် လွှတ်ဆုံးရှုံးလိုက်ရမယ်ဆိုတဲ့ အနေအထားတခုကို အရမ်းကြောက်ရွံ့နေတာလည်း ဖြစ်နိုင်ပါတယ်။ တဖက်မှာလည်း လုပ်နေကျအလုပ် ဖြစ်တယ်။
အဆုံးစွန်ထိမိုက်မှာပဲ၊ ဆိုးသွမ်းမှာပဲ၊ အရက်စက်ဆုံးလုပ်မှာပဲဆိုတဲ့ ကိစ္စတွေက လုပ် ရပ်တွေ၊ ပြောဆိုတာတွေကြည့်ရင် သိသာနေပါတယ်” ဟု မှတ်ချက်ပြုသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း KNU ထိန်းချုပ်နယ်မြေများအတွင်း စစ်ကောင်စီတပ်နှင့် KNU လက်အောက်ခံ တပ်များကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၂ သိန်းနီးပါး ရှိနေပြီဖြစ်ပြီး KNU ကျန်းမာရေးနှင့် နယ် လှည့်ကျောပိုးအိတ်အဖွဲ့မှ ဆေးဝါးကုသမှုများ ပြုလုပ်ပေးလျက် ရှိသော်လည်း လူဦးရေများပြားသည့်အတွက် ဆေးဝါး လုံလောက်မှု မရှိကြောင်း သိရသည်။
You may also like these stories:
တောင်သာနယ်၌ ဉာဏ်ရည်မမီသူတဦးကို စစ်ကောင်စီတပ်သား အဓမ္မကျင့်
အကျဉ်းကျခံနေဆဲ အမျိုးသမီးထုရဲ့ “Glow Nation” ဘလော့ဂါ ဝင်းမင်းသန်း