စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်တောင်ပိုင်းရှိ ကျေးရွာပေါင်း ၉ ရွာကို စစ်ကောင်စီတပ်က နယ်မြေရှင်း လင်းရေးဟုဆိုကာ ကျေးရွာများအတွင်း ဝင်ရောက်စီးနင်း မီးရှို့ခဲ့မှုကြောင့် ဒေသခံနေအိမ် ၂၀၀၀ ခန့် မီးလောင်ပျက် စီးခဲ့ပြီး လူဦးရေ ထောင်နှင့်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်နေရကြောင်း သိရသည်။
မေလအစောပိုင်းမှစတင်ပြီး စစ်ကောင်စီတပ်များက ကလေးမြို့တောင်ပိုင်းရှိ အရှေ့စည်းရွာ၊ ရေရှင်၊ ချောင်းခွ (ချောင်း ဂွ)၊ ရှားဖို၊ တင်သား၊ လယ်ခြား (လယ်ကြား)၊ ကုက္ကိုလ်၊ ရှားတော၊ နွားရွာ စသည့် ကျေးရွာများသို့ ပစ်ခတ်ဝင်ရောက် လာပြီး ဒေသခံများ ထွက်ပြေးချိန်တွင် နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ကလေးမြို့နယ်တောင်ပိုင်း အရှေ့စည်းရွာမှ မမြင့်မြင့်ဌေးက “ကျမတို့ရွာကို မေ ၂ ရက်နေ့ကစပြီး မီးဝင်ရှို့တာ။ အိမ်ရော၊ ဝမ်းစာအတွက် သိုလှောင်ထားတဲ့ စပါးတိုက်ရော၊ ကျွဲတွေနွားတွေ အကုန်မီးထဲပါသွားတာ။ စစ်သားတွေက ရွာ ထဲကိုမဝင်ခင် လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ပြီးတော့ ရွာမြောက်ဘက်ကနေ သေနတ်ပစ်ပြီး ဝင်လာတာ။ ကျမတို့ လည်း သူတို့ဝင်လာတော့ ထွက်ပြေးကြတာပေါ့။ နောက်မှ သူတို့ ထွက်သွားလို့ သိရတာက အိမ်ရော၊ စပါးတွေရော မီး ထဲပါသွားတာ။ အနှစ်နှစ်အလလ စုဆောင်းခဲ့ရတာ။ ပြောမပြတတ်အောင် ခံစားရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ အရှေ့စည်းရွာတွင် အိမ်ခြေပေါင်း ၈၀၀ ကျော် ရှိသည့်အနက် ၆၀၀ ကျော်၊ ကုက္ကိုလ်ရွာတွင် အိမ်ခြေ ၂၅၀ ကျော် ရှိသည့်အနက် ၁၀၀ ကျော်၊ လယ်ခြား (လယ်ကြား) ရွာတွင် အိမ်ခြေ ၂၀၀ ကျော် ရှိသည့်အနက် ၁၅၀ နီးပါးနှင့် ရှားတောရွာနှင့် နွားရွာမှာ နှစ်ရွာပေါင်း အိမ်ခြေ ၃၈၀ ကျော် ရှိသည့်အနက် ရွာလုံးကျွတ်နီးပါး မီးရှို့ခံခဲ့ရပြီး ရေရှင်ရွာမှာ အိမ်ခြေ ၃၀၀ ကျော်ရှိသည့်အနက် ဘုန်းကြီးကျောင်းသာ ကျန်ခဲ့သည့်အခြေအနေ ဖြစ်ကြောင်း ဒေသခံများ၏ ပြောပြ ချက်အရ သိရသည်။
ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရှားဖို၊ တင်သား၊ ချောင်းခွ (ချောင်းဂွ) စသည့် ရွာများကိုလည်း မီးရှို့မှုများ ပြုလုပ်ခဲ့ပြီး တချို့ကျေးရွာများမှ မီးလောင်ကျွမ်းမှုစာရင်းများကို အတိအကျ စာရင်းပြုစု၍ မရသေးကြောင်း ဒေသခံများ က ပြောသည်။
စစ်ကောင်စီတပ်များက ကလေးမြို့နယ်တောင်ပိုင်းရှိ ကျေးရွာများအတွင်း တရွာဝင်တရွာထွက် မီးရှို့ဖျက်ဆီးမှုများကို မေ ၂ ရက်မှစပြီး ၁၉ ရက်ထိ ဆက်တိုက် ပြုလုပ်နေခြင်းဖြစ်ပြီး တချို့ ကျေးရွာများမှာ ၂ ကြိမ်တိုင် မီးရှို့ခံရကာ ရွာလုံး ကျွတ် မီးလောင်ကျွမ်းသွားသည်များလည်း ရှိကြောင်း သိရသည်။
အဆိုပါ ကျေးရွာများမှ ဒေသခံများမှာ လက်ရှိတွင် စစ်ကောင်စီတပ်သားများ ထပ်လာမည်ကို စိုးရိမ်ပြီး ရွာကိုမပြန်ကြ သေးဘဲ အနီးဝန်းကျင် လယ်တောထဲရှိ ယာတဲများတွင် မိသားစု နှစ်စု၊ သုံးစုပေါင်း၍ နေကြသလို တချို့မှာလည်း မိုး ကာတဲများထိုးကာ နေရသဖြင့် စားဝတ်နေရေးနှင့် ကျန်းမာရေးအတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသ ခံများထံမှ သိရသည်။
အရှေ့စည်းရွာမှ အိမ်မီးလောင်ဆုံးရှုံးခဲ့ရသည့် ကိုညီညီအောင်က “အခုတခေါက်က ရွာရဲ့မြောက်ဘက် မြစ်ဆုံဘက်က ဝင်လာတော့ ရွာနားရောက်မှ ဝင်လာပြီဟဲ့ဆိုတဲ့ အသံကြားတာ။ ကြားတာနဲ့ ရွာကို လက်နက်ကြီးနဲ့ စထုတော့တာပဲ။ ကျနော်ဆို ပုဆိုးနဲ့အင်္ကျီ နှစ်ထည်စီပဲ ယူသွားနိုင်တယ်။ လက်နက်ကြီးနဲ့ထုတော့ တရွာလုံး ပြေးရတော့တာပဲ။ အဲဒီမှာ ရွာရဲ့ အရှေ့ဘက် မြစ်သာမြစ်ရောက်တော့ တံတားလေးတခု ရှိတယ်ဗျ။ ပြေးရင်းလွှားရင်းနဲ့ ကျနော်တို့ ကံဆိုးချင်တော့ တံတားကလည်း ပြတ်ကျပြီးတော့မှ ယောက်ျားလေး ၁ ယောက်နဲ့ ကလေးငယ် ၁ ယောက် အသက်ဆုံးရှုံးခဲ့ရတယ်။ အဲဒီလောက်ထိကို ဖြစ်ခဲ့ရတာ” ဟု ဧရာဝတီသို့ ပြောပြသည်။
အိမ်တလုံး ဖြစ်တည်ရန်အတွက် ဆယ်စုနှစ်တခုကြာအောင် တည်ဆောက်ခဲ့ရသောကြောင့် ယခုလို ရက်ပိုင်းအတွင်း ပြာပုံဘဝရောက်အောင် ဖျက်ဆီးခံခဲ့ရခြင်းမှာ နေထိုင်ရာ ကမ္ဘာလေးတခု ပျက်ဆီးသွားသကဲ့သို့ ဖြစ်ခဲ့ပြီး ရွာသူရွာသား တချို့မှာလည်း မစားနိုင်မသောက်နိုင်သည်အထိ စိတ်ဆင်းရဲမှုများ ကြုံတွေ့နေရသည်ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်မီးရှို့ခဲ့မှုကြောင့် တောတောင်များထဲတွင် ပုန်းခိုနေထိုင်ခဲ့ကြရပြီး တချို့ရက်များတွင် ဆန်ပြုတ်သောက်ရသည်အထိ ခက်ခဲခဲ့ကြောင်း၊ အိုးမဲ့အိမ်မဲ့ဘဝဖြင့် လာမည့် မိုးတွင်းကာလ ဖြတ်သန်းရမည့်အပေါ် စိုးရိမ်မှုများ ရှိနေကြောင်း ဒေသခံများက ပြောပြသည်။
အဆိုပါ ဒေသများကို စစ်ကောင်စီက အင်တာနက်လိုင်းများလည်း ဖြတ်တောက်ထားသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အားကောင်းရာ စစ်ကိုင်းတိုင်းသည် စစ်ကောင် စီ၏ ဖိနှိပ်နှိပ်ကွက်မှုများကိုခံနေရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မီးရှို့ဖျက်ဆီးမှုကိုလည်း အများဆုံး ကြုံတွေ့နေရသည့် ဒေသတခု ဖြစ်သည်။
လွတ်လပ်သော သုတေသနအဖွဲ့တခုဖြစ်သည့် Data for Myanmar က ထုတ်ပြန်ထားသည့် စာရင်းများအရ ပြီးခဲ့ သည့် မတ်လအတွင်း စစ်ကိုင်းတိုင်း၌ နေအိမ် ၁၂၇၈ လုံး မီးရှို့ ခံရပြီး ဧပြီလတွင် ၂၅၂၁ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးသည့် အချိန်မှစ၍ ၂၀၂၂ ဧပြီ ၃၀ ရက်ထိ စစ်ကောင်စီတပ်နှင့် ၎င်း လက်အောက်ခံ အဖွဲ့အစည်းများ၏ မီးရှို့မှုကြောင့် နိုင်ငံတဝှမ်း အိမ်ခြေ ၁၁,၄၁၇ လုံး ဆုံးရှုံးပျက်စီးခဲ့ကြောင်း Data for Myanmar က ထုတ်ပြန်ထားသည်။