လာမည့်လတွင် ဖနွမ်းပင်တွင် ကျင်းပမည့် ASEAN ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေး (ADMM)ကို စီစဉ်နေကြောင်း၊ ထိုအစည်းအဝေးသို့ မြန်မာစစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးလည်း လူကိုယ်တိုင်တက်ရောက်မည်ဟု မျှော်လင့်ရကြောင်း Khmer Times သတင်းစာက ဖေါ်ပြသည်။
မြန်မာစစ်ကောင်စီ ကိုယ်စားလှယ် အပါအဝင် အဆင့်မြင့်ကာကွယ်ရေးအရာရှိများ ပါဝင် တက်ရောက်ခဲ့သော ၃ ရက်ကြာ အစည်းအဝေးတခုကို ဖနွမ်းပင်မြို့တွင် ကျင်းပခဲ့သည်။ အဖွဲ့ဝင် ၁၀ နိုင်ငံလုံးမှ အဆင့်မြင့်ကာကွယ်ရေးအရာရှိများ တက်ရောက်သည်။
မြန်မာသည် နိုင်ငံတကာ ဆက်ဆံရေးဌာမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဇော်စိုးကို စေလွှတ်ပြီး ထိုအရေးပါသော အစည်းအဝေးများ ကျင်းပခြင်းအတွက် ကမ္ဘောဒီးယား ကာကွယ်ရေး ဝန်ကြီးဌာနကို ကျေးဇူးတင်ကြောင်း ပြောဆိုသည်။
အစည်းအဝေးတွင် သဘာပတိအဖြစ်ဆောင်ရွက်မည့် ကာကွယ်ရေးဝန်ကြီးဌာန မူဝါဒနှင့် နိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်ကြီး နမ်ဆိုဝပ်က ASEAN ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးအတွက် ပြင်ဆင်နေကြောင်းပြောသည်။ သို့သော် ထိုအစည်းအဝေးသို့ မြန်မာကာကွယ်ရေး အရာရှိများ တက်ရောက်ခြင်းသည် စိုးရိမ်စရာ ကိစ္စတခုဖြစ်နေသည်။
ကမ္ဘောဒီးယားနိုင်ငံတကာဆက်ဆံရေး တော်ဝင်အကယ်ဒမီမှ ညွှန်ကြားရေးမှူးချုပ် ကင်ဖီရာက မြန်မာကာကွယ်ရေး အရာရှိများ ထိုအစည်းအဝေးတက်ရောက်ခြင်းသည် နိုင်ငံရေးနှင့်မဆိုင်သည့် ကိုယ်စားလှယ် တက်ရောက်ခြင်းဖြစ်ကြောင်းပြောသည်။
“မြန်မာကာကွယ်ရေး အဆင့်မြင့်အရာရှိဟာ နိုင်ငံရေးကိုယ်စားလှယ်မဟုတ်သလို နိုင်ငံရေးသမားလည်း မဟုတ်ဘဲ ပညာရှင်အဆင့်ပဲဆိုတော့ ကမ္ဘောဒီးယားက ADSOM နဲ့ ADSOM-Plus အစည်းအဝေး တက်ရောက်ခွင့်ရှိတယ်လို့ ကျနော်ထင်တယ်။ မြန်မာကိုယ်စားလှယ်အဖွဲ့ပါဝင်ခြင်းဟာ ASEAN ယန္တရား တိုးတက်ရေးအကျိုးအတွက် အရေးကြီးတယ်လို့ထင်တယ်” ဟု သူပြောသည်။
မြန်မာ့အရေး လှုပ်ရှားသော Justice For Myanmar အဖွဲ့က အာဆီယံအနေဖြင့် တရားမဝင် မြန်မာစစ်တပ်နှင့် ကာကွယ်ရေးကဏ္ဍ ဆက်လက်ပူးပေါင်း ဆောင်ရွက်မှုများသည် “စက်ဆုပ်စိတ်ပျက်ဖွယ်ကောင်းလှသည်” ဟု ထုတ်ပြန်ခဲ့သည်။
ကမ္ဘောဒီးယားက အိမ်ရှင်အဖြစ် ဖနွမ်းပင်၌ မေလ ၁၇၊ ၁၈ ရက်တို့တွင် ကျင်းပသည့် အာဆီယံ၏ အကြီးတန်းကာကွယ်ရေးအရာရှိများအစည်းအဝေး (ADSOM) နှင့် ADSOM-Plus မိတ်ဖက် အစည်းအဝေးသို့ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှားနှင့် အမေရိကန်နိုင်ငံတို့မှ ကာကွယ်ရေးဝန်ကြီးဌာနဝန်ထမ်းများနှင့် စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
အာဆီယံနှင့် အမေရိကန်တို့က “မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များဆိုင်ရာ ကတိကဝတ်များကို ထင်ဟပ်စေမည့် ငြိမ်းချမ်းရေးအဖြေတစ်ခုဆီသို့ရောက်ရှိရန် ကျွန်ုပ်တို့၏ စုပေါင်း ကြိုးပမ်းအားထုတ်မှုများကို နှစ်ဆတိုးမြှင့်မည်ဟု ကတိပြုပါသည်” ဆိုသည့် ပူးတွဲကြေညာချက်ကို ထုတ်ပြန်ပြီး တပတ်အကြာ အာဆီယံ အမေရိကန် ကာကွယ်ရေးအရာရှိများ တွေ့ဆုံပွဲတွင် မြန်မာအာဏာသိမ်းစစ်ကောင်စီ ပါဝင်လာခြင်းဖြစ်သည်။
ASEAN ၏ လက်ရှိအလှည့်ကျ ဥက္ကဌဖြစ်သော ကမ္ဘောဒီးယားသည် စစ်အုပ်ချုပ်ရေးကို လက်မခံသည့် ပြည်သူများကို သတ်သည့် ဗိုလ်ချုပ်အချို့ကို မတ်လအတွင်းကလည်း ကမ္ဘောဒီးယားသို့ ဖိတ်ခေါ်ခဲ့ဖူးသည်။
မြန်မာစစ်ဘက်လုံခြုံရေး အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ဖနွမ်ပင်တွင် ကျင်းပသည့် ၁၉ ကြိမ်မြောက် ASEAN စစ်ထောက်လှမ်းရေး အစည်းအဝေး (AMIM-19) ကို တက်ရောက်ခဲ့သည်။ ထိုအစည်းအဝေးတွင် ASEAN ထောက်လှမ်းရေး အရာရှိများ အပြန်အလှန် လည်ပတ်ရေး၊ ASEAN စစ်ထောက်လှမ်းရေး အသိုက်အဝန်း ထူထောင်ရေးတို့ကို ဆွေးနွေးခဲ့သည်။
ထို့အပြင် စစ်ကောင်စီ ပူးပေါင်းညှိနှိုင်းရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့သည် ASEAN တပ်မတော်အကြီးအကဲများ အစည်းအဝေး (ACDFM-19) သို့လည်း တက်ရောက်ခဲ့သည်။ ထို စစ်ကောင်စီခေါင်းဆောင်များသည် ရွာများကို မြေလှန်သည့် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများတွင် ပါဝင်ပတ်သက်ပြီး အရပ်သားများနှင့်အတိုက်အခံများကို စစ်တပ်ကအကြမ်းဖက်မှုအတွက် တာဝန်ရှိသူများဖြစ်သည်။
အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်သည် အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်သောကြောင့် ပြစ်တင်ရှုတ်ချမှုများ ခံနေရသည်။
မြန်မာစစ်ကောင်စီသည် လွန်ခဲ့သောနှစ်က အာဏာသိမ်းပြီးနောက် အရပ်သားများကို ကျယ်ပြန့်ပြီးစနစ်ကျသည့် လူ့အခွင့်အရေး ချိုးဖေါက်မှုများ ကျူးလွန်နေပြီး စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်နေကြောင့် ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက မတ်လတွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။
စစ်တပ်သည် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် အာဏာသိမ်းပြီးနောက် တုန်လှုပ်ဖွယ်ရာကောင်းလောက်သည့် လူ့အသက်ကို မလေးစားမှုများ ပြသနေပြီး အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ရုံးက သတိပေးထားသည်။
You may also like these stories:
မြန်မာ့အရေး အာဆီယံ ချဉ်းကပ်ပုံ အလုပ်မဖြစ်သေး
သြစတြေးလျက မြန်မာနှင့် သံတမန်ဆက်ဆံရေး အဆင့်လျှော့
အထူးသံတမန်ခန့်အပ်ခြင်းဖြင့် အာဆီယံကို အလေးထားကြောင်း ဘိုင်ဒင်ပြသ
မြန်မာပြည်အရေး တရုတ်ချဉ်းကပ်မှု ဘာလဲ ဘယ်လဲ